Tuesday, May 6, 2014

အမေရိကန်-တရုတ်-KIA နှင့် မြန်မာပြည်ငြိမ်းချမ်းရေးခရီးရှည်

မြန်မာနိုင်ငံအတွင်းမှာ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်ဆောင်နေကြတာ မကြာခင်မှာ အောင်မြင်တော့ မယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြီးမကြာမီမှာပဲ KIA ခေါင်းဆောင် ဗိုလ်ချုပ်ဂွမ်မော်ဟာ အမေရိ ကန်ပြည်ထောင်စုကို သွားရောက်လည်ပတ်ခဲ့ပါတယ်။ ယခင်က အားလုံးနားလည်ထားခဲ့ကြတာ KIA အနေနဲ့ နှစ်ပေါင်းများစွာ ရပ်တည်နေနိုင်ခြင်းဟာ တရုတ်နိုင်ငံရဲ့အထောက်အပံ့ ကူညီမှုတွေ နဲ့ ဖြစ်တယ်ဆိုတာပါ။ အခုလို မထင်မှတ်ဘဲ တရုတ်နိုင်ငံရဲ့ သဘောတူညီချက်မရှိဘဲ အမေရိ ကန်နိုင် ငံ ကို ဗိုလ်ချုပ်ဂွမ်မော် သွားရောက်ခဲ့ခြင်းဟာ အားလုံးကို အံသြတသင့်ဖြစ်စေခဲ့ပါတယ်။


KIA ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဗိုလ်ချုပ်ဂွမ်မော်အနေနဲ့ အမေရိကန်ကို သွားရောက် လိုက် တာကြောင့် နယ်စပ်ဒေသတည်ငြိမ်ရေးတွေ ပိုမိုရှုပ်ထွေးလာနိုင်တယ်လို့ တရုတ်ပြည်သူ့သမ္မတနိုင် ငံက မီဒီယာအချို့မှာ ရေးသားဖော်ပြကြပါတယ်။ အဲဒီမှာဆက်လက် ဖော်ပြထားတာကတော့ မြန်မာ၊ တရုတ်နဲ့ လိုင်ဇာအစိုးရတို့အကြားမှာ အမေရိ ကန် ပါဝင်ပတ်သက်လာမှာကို တရုတ်နိုင်ငံအနေနဲ့ မလိုလားတဲ့အကြောင်း၊ တရုတ်အနေနဲ့ မြန် မာနိုင်ငံ အတွင်းမှာ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်နေတာကို ထောက်ခံသွားမှာဖြစ်ပြီး တရုတ်-မြန်မာနယ် စပ်မှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပတ်သက်လို့လည်း အားပေးအားမြှောက်ပြုမှာ မဟုတ်တဲ့အကြောင်း၊ အထူးအားဖြင့် တရုတ်- မြန်မာဆက်ဆံရေးကို ထိခိုက်ခံမှာမ ဟုတ်ကြောင်း  ဖော်ပြထားပါတယ်။
ဗကပ၊ ဦးခွန်ဆာရဲ့ MTA အဖွဲ့၊ ဦးဖုန်ကြားရှင် ရဲ့ ကိုးကန့်အဖွဲ့စတဲ့ တရုတ်နယ်စပ်မှာ အခြေတည်ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်တို့ရဲ့ သမိုင်းကြောင်းတွေကို ပြန်ကြည့်ရင်လည်း တရုတ်နိုင်ငံရဲ့ အားပေးကူညီမှုကို မရရှိတော့တဲ့ နောက်မှာ ပြိုကွဲခဲ့ရတာကိုတွေ့ရမှာ ဖြစ်ပါတယ်။ ဘိန်းဘုရင်လို့ ကမ္ဘာမှာ နာမည်ကြီးခဲ့တဲ့ ဦးခွန်ဆာကိုတောင် ဒုံးကျည်စခန်းတွေတည်ဆောက်ဖို့ အမေရိကန်က ကမ်းလှမ်းဖူးတဲ့ ဖြစ်ရပ်တွေဟာလည်း အထင်အရှားရှိခဲ့ဖူးပါတယ်။ အခုလည်း တရုတ်နိုင်ငံအနေနဲ့ KIA ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဗိုလ်ချုပ်ဂွမ်မော်ရဲ့ အမေရိက ခရီးစဉ်ကို မျက်လုံးဒေါက်ထောက်ကြည့်ပြီး စောင့်ကြည့်နေမှာ မလွဲပါဘူး။

KIAရဲ့ ရည်မှန်းချက်က လက်နက်ကိုင်လမ်းစဉ်ကို လုံးဝ(လုံးဝ)မစွန့်လွှတ်ဘဲ ၀မ်ပေါင်သမ္မတနိုင်ငံ ထူထောင်ရေးပဲ ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင်တော့ သီးခြားနိုင်ငံငယ်တစ်ခု ထူထောင်ရေးဟာ KIA ရဲ့ ရည်မှန်းချက်ဖြစ်နေပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ အနေအထားအရ လိုင်ဇာမှာရှိနေတဲ့ ကချင်လက်နက်ကိုင်တပ်ဖွဲ့KIA ဟာ အစိုးရနဲ့ လုံးဝအပစ်အခတ်ရပ်စဲရေး လုပ်မှာမဟုတ်သလို ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိုလည်း အကြောင်းပြချက်အမျိုးမျိုးတွေနဲ့ ကြန့်ကြာအောင် ပြုလုပ်နေတဲ့ပုံစံပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအပေါ် အမေရိကန် ၀င်ရောက်စွက်ဖက်မှာကို မလိုလားတဲ့ တရုတ်နိုင်ငံရဲ့ ပေါ်လစီတွေအရ KIA အပေါ် တရုတ်ရဲ့ထောက်ခံမှုလျော့နည်းလာမှုကြောင့် အကူအညီအသစ်တွေ ရရှိနိုင်ဖို့ ဗိုလ်ချုပ်ဂွမ်မော်အနေနဲ့ အမေရိကန်ကို သွားရောက်တာဖြစ်ဖို့များပါတယ်။ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအတွင်းမှာ တရုတ်ကုမ္ပဏီတွေရဲ့ ရေရှည်အကျိုးစီးပွားကို ကာကွယ်ဖို့အတွက်ဆိုရင် မြန်မာအစိုးရခေါင်းဆောင်တွေနဲ့ အဆင်ပြေမှဖြစ်မယ်ဆိုတဲ့ မူဝါဒကို လက်ခံထားတဲ့အတွက်ကြောင့်လည်း မြန်မာအစိုးရဘက်ကို အလေးပေးဆက်ဆံခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လိုင်ဇာ စစ်ပွဲအတွင်းမှာ မြန်မာစစ်တပ်လေယာဉ်တွေဟာ တရုတ်ဝေဟင်ပိုင်နက်ထဲကနေ လိုင်ဇာကို ဦးတည်ပျံသန်းခဲ့တယ်ဆိုတဲ့ သတင်းတွေကလဲရှိနေခဲ့တာမို့ တရုတ်နိုင်ငံရဲ့သဘောထားဟာ ခန့်မှန်းရခက်လှတယ်လို့ KIO ခေါင်းဆောင်ပိုင်းက သုံးသပ်ချက်တွေ ရှိနေခဲ့ပါတယ်။ ဘယ်လိုပဲပြောပြော မြန်မာနိုင်ငံအတွင်းမှာ ငြိမ်းငြိမ်း ချမ်းချမ်းရှိဖို့ လုပ်ဆောင်နေစဉ်ကာလအတွင်း KIA ထိပ်ပိုင်းခေါင်းဆောင် တစ်ယောက်အနေနဲ့ အမေရိကန်ကို သွားရောက်လည်ပတ်ခြင်းဟာ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို ရပ်တန့်သွားအောင်ရည်ရွယ်သလိုမျိုး ဖြစ်နေပြီး အပစ်အခတ်ရပ်စဲရေးအတွက်လည်း ပြတ်သားတဲ့ ဆန္ဒလိုလားမှုကို မတွေ့ရသေးကြောင်း တွေ့ရှိရပါတယ်။

KNU၊ UWSA၊ KNPP၊ CNF၊ ရခိုင်တပ်မတော် စတဲ့တိုင်းရင်းသားလက်နက်ကိုင်တွေ ဒေသမှာ သေနတ်သံတွေ မကြားရတော့တာကြာပြီ ဖြစ်တဲ့အတွက် အဲ့ဒီ ဒေသကပြည်သူတွေ စိတ်ချမ်းသာစွာနဲ့ ကိုယ့်ဒေသ တိုးတက်ရေးကို စိတ်ချလက်ချဆောင်ရွက်နေကြပြီ ဖြစ်ပါတယ်။ ကချင်ပြည်နယ်မှာတော့ KIA ရဲ့ အပြည့်အ၀ပူးပေါင်းပါဝင်မှုကို မရရှိသေးတဲ့အတွက် ဒေသတိုးတက်ရေး၊ မြန်မာတစ်နိုင်ငံလုံး သေနတ်သံဆိတ်သုဉ်းရေးကို ဆောင်ရွက်နိုင်ဖို့ ခက်ခဲနေဦးမှာဖြစ်ပါတယ်။

ခိုင်မြဲ

No comments:

Post a Comment