Thursday, May 15, 2014

နောက်သုံး ရက် အတွင်း အနောက် တောင်မုတ် သုံလေ စတင် ၀င်ရောက် နိုင်

10374063_675696809134612_3440427965343096816_n

နောက်သုံးရက်အတွင်း မြန်မာနိုင်ငံ
 တောင်ပိုင်းဒေသများမှ စတင်ကာ အနောက်တောင်မုတ်သုံလေ စတင်ဝင်ရောက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောကြားသည်။
“ဒီနှစ်မှာ ဆိုင်ကလုန်းအသေးလေးက 

ဘင်္ဂလားပင်လယ်အော်မှာ ထိုင်နေတယ်။ အဲဒါကြောင့် မုတ်သုံကတော်တော်နဲ့ တက်မလာနိုင်ဘူး ဖြစ်နေတယ်။ အခုနည်းနည်း ရွေ့လျားသွားတဲ့ အတွက် နောက်သုံး လေးရက် အတွင်း မြန်မာနိုင်ငံတောင်ပိုင်းကို မုတ်သုံစဝင်နိုင်တယ်”ဟု ဦးကျော်မိုးဦးက ပြောကြားသည်။
မုတ်သုံ ဝင်ရောက်နိုင်မှုအား လေတိုက်လမ်းကြောင်းနှင့် မိုးရေချိန်များအား ပြန်လည်ကြည့်ရူခြင်းများမှ သိရှိရခြင်းဖြစ်ကြောင်းလည်း သိရသည်။
“တောင်ပိုင်းဒေသတွေဖြစ်တဲ့ ကော့သောင်း၊ ထားဝယ်၊ မြိတ်က လေ တိုက်နှုန်းတွေ ကြည့်တယ်။ မိုးရေချိန်တွေကိုကြည့် ပြီးတော့ တောင်ပိုင်းကို စဝင်မယ်လို့ ခန့်မှန်းလို့ရတာ၊ တစ်ရက် နှစ်ရက်လောက်နေရင် လည်း လေလမ်းကြောင်းက ပြောင်းလဲသွားရင် အခြေအနေ တစ်မျိုး ပြောင်းလဲသွားနိုင်တယ်” ဟု ၎င်းက ပြောကြားသည်။
“မုတ်သုံက မြန်မာနိုင်ငံတောင်ပိုင်းကို ၁၅ရက်လောက်မှာ ဝင်မယ်လို့ ခန့်မှန်းထားတယ်။ မုတ်သုံဝင်ရောက်ဖို့ ဘင်္ဂလားပင်လယ်အော်ထဲမှာဖြစ်တဲ့ မုန်တိုင်းတွေက အရေးပါတယ်။ မုတ်သုံဝင်ရောက်ဖို့ မုန်တိုင်းက အကျိုးဆောင်တွေလို့တောင် ပြောလို့ရတယ်” ဟု မိုးလေဝသ ပညာရှင် ဒေါက်တာဦးထွန်းလွင်က ပြောကြားသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း မိုးဦး၊ မိုးလယ်၊ မိုးနှောင်း ကာလများတွင် ဘင်္ဂလားပင်လယ်အော်၌ မုန်တိုင်းသုံးကြိမ်ခန့် ဖြစ်ပွားနိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။
ယခုရက် ပိုင်းအတွင်း မြန်မာနိုင်ငံ တောင်ပိုင်းဒေသဖြစ်သည့် ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်တွင် နေ့စဉ်နီးပါး မိုးရွာခဲ့ပြီး အချို့ရက်များတွင် လေပြင်းများ တိုက်ကာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ကာ မေ ၁၄ ရက် နေ့လယ်ပိုင်းက ရွာသွန်းခဲ့သည့် မိုးကြောင့် ရန်ကုန်မြို့လယ် နှင့် ဆင်ခြေဖုံးတစ်ဝိုက်တွင် လမ်းတချို့ ရေကြီးခဲ့ကာ လေပြင်းဒဏ်ကြောင့် သစ်ပင်တချို့ လဲပြိုခဲ့သည်။
ထို့ပြင် မေ ၈ ရက်က သန်လျင်မြို့နယ်တွင် ညနေ ၃ နာရီ မိနစ် ၃ဝ မှ ညနေ ၄ နာရီ ထိ တိုက်ခတ်ခဲ့သော လေပြင်းကြောင့် ဗိုလ်ချုပ်ကျေးရွာတွင် အိမ်ခြေ ၂၅ လုံး၊ အလွမ်းဆွတ်ကျေးရွာတွင် အိမ်ခြေငါးလုံး၊ ညောင်သုံး ပင်ကျေးရွာတွင် အိမ်ခြေအလုံး ၄ဝ၊ ဘုရားကုန်းကျေးရွာတွင် အိမ်ခြေအလုံး ၃ဝ၊ အေးသာယာကွက်သစ်တွင် အိမ်ခြေ အလုံး ၄ဝ၊ အောင်ချမ်းသာ ရပ်ကွက်တွင် အိမ်ခြေ ၃၃ လုံး စုစုပေါင်း ၁၇၈ လုံး ပျက်စီးခဲ့ပြီး အခြေခံပညာစာသင်းကျောင်း ငါးကျောင်းနှင့် အစိုးရအဆောက် အအုံ လေးလုံး တို့ ပျက်စီးခဲ့သည်။
ဘင်္ဂလားပင်လယ်အော်အတွင်း တိမ်တိုက်များ ထူထပ်နေ သဖြင့် လေဖိအားနည်းရပ်ဝန်းနှင့်အတူ မုတ်သုံဝင်ရောက်နိုင်မည် ဖြစ်ပြီး သို့မဟုတ် မုတ်သုံသီးသန့် ဝင်ရောက်နိုင်မည့်အခြေအနေများအား မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။
၁၉၇၇ ခုနှစ်မတိုင်မီတွင် အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင် ငံတောင်ပိုင်းဒေ သများသို့ နှစ်စဉ် မေ ၅ ရက်မှ ၁၅ ရက်အတွင်း၊ မြစ်ဝ ကျွန်းပေါ်ဒေသများသို့ မေ ၁၅ ရက်မှ ၂၅ ရက်ဝန်းကျင်အတွင်း၊ မြန်မာနိုင် ငံမြောက်ပိုင်းသို့ မေ ၂၅ ရက်ဝန်း ကျင်တွင် နှစ်စဉ် ဝင်ရောက်ခဲ့သော်လည်း ရာသီဥတုပြောင်းလဲမှုများကြောင့် မုတ်သုံဝင်ရောက်မှုသည် မြန်မာနိုင် ငံတောင်ပိုင်းဒေသများသို့ မေ ၁၅ ရက်မှ ၂ဝ ရက်၊ မြစ်ဝကျွန်းပေါ်ဒေသ များသို့ မေ ၂၂ ရက်မှ ၂၅ ရက်၊ မြန်မာနိုင်ငံမြောက်ပိုင်းဒေသများသို့ မေ ၃ဝ မှ ဇွန် ၁ ရက်များတွင်သာ ဝင်ရောက်တော့ကြောင်း Myanmar Climate Change Watch မှ သိရသည်။

No comments:

Post a Comment