Thursday, May 15, 2014

.မြစ်ကြီးနားမြို့၌ ငြိမ်းချမ်းရေးဆွေးနွေးနေစဉ် အဓမ္မ စုဆောင်းခံရသူများ၏ မိဘများက KIO နည်းပညာ အကြံပေးရုံးအဖွဲ့ရှေ့တွင် ဆန္ဒပြ


ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်း၌
 ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပနေစဉ်အတွင်း 
အဓမ္မ စစ်သားစုဆောင်းခံရသူများ၏ မိဘများ
က KIO နည်းပညာ အကြံပေးအဖွဲ့ရုံးရှေ့တွင်
 မေ ၁၃ ရက် ညနေပိုင်းက ဆန္ဒပြမှု ဖြစ်ပွား
ခဲ့ကြောင်း သိရသည်။
ဆန္ဒထုတ်ဖော်မှုတွင် ဖမ်းဆီးခံရသူများ၏ မိခင်နှင့် ဖခင်များကိုယ်တိုင် ပါဝင်ခဲ့ပြီး လူအင်အား ၂၅ ဦးခန့်ရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်မှ ဦးသန်းလှိုင်က “ကျွန်တော့်ကလေး က စောင်တွေရောင်းရင်း ဖားကန့်မြို့နယ် အတွင်းမှာ အဖမ်းခံရတာပါ။ ကိုယ်တိုင် မမြင်ရပေမယ့် ပတ်ဝန်းကျင်ဆိုင်တွေကပြောမှ သိရတာပါ။ အခုအချိန်ထိ ဘာမှအစအန မရဘူး။ သေလားရှင်လား လည်း မသိရဘူး။ အစိုးရနဲ့ ကေအိုင်အိုကို မတိုင်ပင်ခဲ့ဖူးပါဘူး။ အားလုံးသိစေချင်တာနဲ့ပဲ ဆန္ဒထုတ်ဖော်  ရတာပါ။ နိုဝင်ဘာ ၇ ရက် ၂၀၁၃ ကတည်းက ဖမ်းသွားတာဆိုတော့ အခု ငါးလကျော်  သွားပါပြီ” ဟု ပြောကြားသည်။

ယခုကဲ့သို့ ဆန္ဒဖော်ထုတ်ခဲ့သူများကို ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) မှ ဗိုလ်ချုပ် ဂွမ်မော်ကိုယ်တိုင် ငြိမ်းချမ်းရေးဆွေးနွေးပွဲပြီးနောက်ပိုင်း တွေ့ဆုံခဲ့သည်။ ယင်းတွေ့ဆုံမှု တွင် ဗိုလ်ချုပ်ဂွမ်မော်က ဆန္ဒပြသူများအား တွေ့ဆုံမေးမြန်းခဲ့ပြီး အမြန်ဆုံး ပြန်လွှတ်ပေးမည်ဟု ကတိပေးခဲ့ကြောင်း ဆန္ဒထုတ်ဖော်သူများက ဆိုသည်။

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်မှ ဦးကျော်ဝင်းက “ကျွန်တော့်သားက အသက် ၂၃ နှစ်ရှိပြီ။ မလိခတော မော်ရွှေလုပ်ငန်းမှာ ဖမ်းသွားတာ။ ၁၀ ရက် ၁၀ လ ၂၀၁၃ ခုနှစ်ကပါ။ ဗိုလ်ချုပ်ဂွမ်မော် က ကျွန်တော်တို့ကို မေးတယ်။ အောက်ခြေမှာ မှားနေရင် အကောင်းဆုံးဖြစ်အောင် ဆောင် ရွက်ပေးမယ်လို့ ပြောပါတယ်။ ဖမ်းဆီးခံရတဲ့ သားသမီးတွေရဲ့ မိဘတွေကိုယ်တိုင်လည်း ကေအိုင်အို ဆက်ဆံရေးရုံးရှေ့မှာ အကြောင်းကြားနိုင်တယ်။ ကလေးတွေကိုလည်း စိစစ်ပြီး ပြန် လွှတ်ပေး မယ်လို့ ပြောပါတယ်။ ကျွန်တော်တို့ကတော့ စောင့်ကြည့်ရုံပဲ ရှိပါတယ်” ဟု ဆိုသည်။
(အတင်းအဓမ္မ စုဆောင်းခံခဲ့ရသော လူငယ်များ၏ မိဘများ KIO နည်းပညာအကြံပေး အဖွဲ့ရုံးရှေ့၌ ဆန္ဒပြနေကြစဉ်)


Eleven

No comments:

Post a Comment