Monday, May 26, 2014

မိမိတို့အတွက် ထိုင်းတို့ကပေးတဲ့ သင်ခန်းစာ

Written by 
ထိုင်းနိုင်ငံမှာမနေ့တစ်နေ့ကပဲထိုင်းတပ်မတော်ကတိုင်းပြည်အာဏာကိုချုပ်ကိုင်လိုက်ကြောင်း  ကြေ ညာလိုက်ပါတယ်။ လက်ရှိကိုင်စွဲ ကျင့်သုံးနေတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကိုလည်း ယာယီ အားဖြင့် ဖျက်သိမ်းလိုက်ပါတယ်။ ညမထွက်ရ အမိန့် ထုတ်ပါတယ်။ မီဒီယာဌာနတချို့ကို ထိန်းချုပ် ပါ တယ်။ အထူးသဖြင့် ထင်ရှားတဲ့ နိုင်ငံရေးပါတီ ခုနစ်ခုရဲ့ ခေါင်းဆောင်အားလုံးအပါအဝင် ပူပူနွေးနွေး ရာထူးမှဆင်းပေးထားရတဲ့ ဝန်ကြီးချုပ်ဟောင်း ယင်လပ်ကိုပါ ဖမ်းဆီးထိန်းသိမ်းလိုက်
ပါတယ်။
ဒီလို အာဏာမသိမ်းခင်အချိန်က ထိုင်းတပ်မတော်အနေနဲ့ အားပြိုင်မှုတွေ ပြင်းထန်နေ တဲ့ နိုင် ငံရေး ပါ တီခေါင်းဆောင်တွေကို ခေါ်ယူတွေ့ဆုံပြီး ညှိနှိုင်းမှုတွေ ကြားဝင် ဆောင်ရွက်ပေးခဲ့တယ် လို့လည်း ဆိုပါတယ်။ ဒီသတင်းထွက်ပေါ်လာပြီး နိုင်ငံတစ်ဝန်း အကျုံးဝင်တဲ့ စစ်ဥပဒေကို ပြဋ္ဌာန်း ပါတယ်။ ပြီးတော့မှ နောက်ဆုံးမှာ အာဏာသိမ်းတဲ့အထိ ရှေ့တိုးဆောင်ရွက်လိုက်တာပါ။
အများ သူ ငါသိထားတဲ့အချက်ကတော့ ထိုင်းနိုင်ငံရေးအဖွဲ့အစည်းတွေ နှစ်ရှည်လများ ပဋိပက္ခတွေဖြစ်ပွားနေလို့ ထိုင်းတပ်မတော်က မနေသာလို့ နိုင်ငံရေးထဲ အခုလို ပါဝင်စွက်ဖက် လာရတာ ဖြစ်တယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။ သို့သော် မိမိတို့ ယူဆသည့်အချက်က မည်ကဲ့သို့သော အခြေအနေဖြစ်ပါစေ၊ တိုင်းပြည် စီမံအုပ်ချုပ်ရေး ကဏ္ဍမှာ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုခုက အခုလို ပါဝင်ပတ်သက်လာတဲ့ကိစ္စဟာ မူအားဖြင့် လက်မခံ ဆန့်ကျင်ကြရမယ့်ကိစ္စလို့ မြင်ပါတယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံရဲ့နိုင်ငံရေးအကျပ်အတည်းက အခုလိုအခြေအနေမျိုး ဖန်တီးတွန်းပို့သလို ဖြစ် လာတယ်ဆိုတော့လည်း ဒီပြဿနာကို ထိုင်းပြည်သူတွေကပဲ ဆက်လက်ဖြေရှင်းကြရမှာပါပဲ။
ထိုင်းတပ်မတော်ဟာ ရာဇဝင်ဆိုးနဲ့ရာဇဝင်ကောင်း နှစ်မျိုးစလုံးရှိခဲ့တဲ့ တပ်မတော် ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ အာဏာအသိမ်းဆုံး စစ်တပ်တစ်ခုဖြစ်သလို ထိုင်းစစ်ဗိုလ်ချုပ် ဆူချင်ဒါက လမ်းပေါ်တက်ဆန္ဒပြတဲ့ ထိုင်းပြည်သူတွေကို ပစ်သတ်ဖို့ အမိန့်ပေးတဲ့အခါ လက်မရွံ့ခဲ့တဲ့ တပ်မတော်အဖြစ် နာမည်ဆိုးခဲ့သလို နောက်ပိုင်းမှာတော့ အရပ်ဘက် နိုင်ငံရေးအဖွဲ့အစည်းတွေ မညီမညွတ်ဖြစ်လို့ တိုင်းပြည်မငြိမ်မသက်ဖြစ်တဲ့အခါ တိုင်းပြည်အာဏာကို သိမ်းပိုက်ပြီး တိုင်းပြည် တည်ငြိမ်အေးချမ်းအောင်လုပ်ပြီး ရွေးကောက်ပွဲဦးစီးကျင်းပ၊ ပြည်သူကရွေးချယ်တဲ့အစိုးရကို အာဏာပြန် လွှဲဖို့လည်း ဝန်မလေးတဲ့ အာဏာမမက်တဲ့ အမျိုးသားရေး တာဝန်ထမ်းဆောင်တဲ့ စစ်တပ်အဖြစ်လည်း နာမည်ကောင်းရလာခဲ့ပါတယ်။
ကိုယ့်ခြံစည်းရိုးဘေး နိုင်ငံတစ်နိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတဲ့ကိစ္စဟာ ကျွန်တော်တို့နိုင်ငံလို စစ်တပ်က အာဏာသိမ်းပြီး အုပ်ချုပ်တာ နှစ်ပေါင်းများစွာ ခံစားခဲ့ရတဲ့ မိမိတို့ပြည်သူတွေအဖို့တော့ စိတ်မချမ်းမြေ့စရာပဲလို့ ယူဆရပါတယ်။ စိတ်ပူစရာလည်း ဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံရေးပါတီတွေ မညီမညွတ်ကြလို့ အာဏာသိမ်းရတာပါဆိုတဲ့ အကြောင်းပြချက် နဲ့ပဲ ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်တဲ့ စစ်တပ်က တိုင်းပြည်အာဏာသိမ်းခဲ့ တဲ့ဇာတ်လမ်းဟာ အခုထက်ထိ မိမိတို့ပြည်သူတွေကို ခြိမ်းခြောက်နေဆဲ ဖြစ်ပါတယ်။ ဒီလို ခဲမှန်ထားဖူးတဲ့ မိမိတို့ပြည်သူတွေ စိတ်ပူမယ်ဆိုလည်း ပူပင်စရာဖြစ်ပါတယ်။
ဒါပေမဲ့လည်း လက်ရှိ မိမိတို့တပ်မတော် ခေါင်းဆောင်တစ်ဦးက မိမိတို့နိုင်ငံမှာ စစ်တပ်က အာဏာ သိမ်း စရာ အကြောင်းမရှိဘူးလို့ ထုတ်ဖော်ပြောဆိုတဲ့စကားကြောင့်လည်း မိမိတို့ အနည်းငယ် စိတ်အေးရပါတယ်။ ကြိုဆိုရမယ့်စကား ဖြစ်ပါတယ်။ သို့သော်လည်းပဲ လက်ရှိ မိမိတို့တိုင်းပြည်ရဲ့ တပ်မတော်အပါအဝင် တခြားအဖွဲ့အစည်းပေါင်းစုံရဲ့ ဖြတ်သန်းမှု အတွေ့အကြုံအရဆိုရင် ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် တိုင်းပြည် မငြိမ်မသက်ဖြစ်မှုကို ကာကွယ်ရန်ဆိုတဲ့ အကြောင်းပြ ချက်နဲ့ တပ်မတော်က တိုင်းပြည်အာဏာပြန်သိမ်းတဲ့ အာဏာရှင်ခေတ် ပြန်လှည့်သွားတာမျိုး ရှိလာလေမလားဆိုတဲ့ စိုးရိမ်စိတ်ကို မိမိတို့ပြည်သူတွေမှာ ရှိကောင်းရှိနေကြမယ်ဆိုရင်လည်း ဒါဟာဖြင့် ယုတ္တိဗေဒကျတဲ့ စိုးရိမ်စိတ်ပါပဲ။
ဒါကြောင့်မို့ မိမိတို့ပြည်သူများနဲ့ အဖွဲ့အစည်းအသီးသီးဟာ တိုင်းပြည်ရဲ့အာဏာကို လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုခုရဲ့လက်အောက် ကျရောက်သွားစေရအောင် လမ်းခင်းပေးမိသလို မဖြစ်ကြစေ ဖို့၊ အာဏာရှင်ခေတ် ပြန်ရောက်သွားစေနိုင်တဲ့ ခြောက်ကမ်းပါးပေါ် မလျှောက်မိကြဖို့နဲ့ အချိန်နဲ့ အမျှပြင်ဆင်ကြ၊ သတိပြုကြ၊ လိမ္မာပါးနပ်ကြဖို့ လိုအပ်လှပါတယ်။ ထိုင်းတို့ကပေးတဲ့ သင်ခန်းစာကို မိမိတို့ပြည်သူများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများအနေနဲ့ အပြည့်အဝ လက်ခံသ တိပြုကြဖို့ လိုအပ်ကြောင်း တိုက်တွန်းလိုက်ပါတယ်။

No comments:

Post a Comment