Friday, May 23, 2014

ကေအိုင်အိုသည် ရှမ်းလူမျိုးများကို ကချင်နှင့်တန်းတူ အခွင့်အရေး မပေးဟု ရှမ်းအဖွဲ့အစည်းဆို

မြစ်ကြီးနား၊ မေ ၁၈
ကချင်လက်နက်ကိုင် အဖွဲ့အစည်း 
တစ်ခုဖြစ်သော ကေအိုင်အေ 
အဖွဲ့အစည်းသည် ကချင်ပြည်နယ်ရှိ 
ရှမ်းလူမျိုးများကို ကချင်လူမျိုးများနှင့် 
တန်းတူ အခွင့်အရေး မပေးခဲ့ကြောင်း 
ရှမ်းမျိုးနွယ်စုများရေးရာ အဖွဲ့မှ ပြောကြားလိုက်သည်။
ကချင်ပြည်နယ်ရှိ ကချင်လူမျိုးနှင့် ရှမ်းလူမျိုးများသည် ဌာနေတိုင်းရင်းသားများ ဖြစ်ပြီး အတူတကွ ဖိနှိပ်ခံကြရသော တိုင်းရင်းသား လူမျိုးစုများ ဖြစ်သည့်အတွက် အတူတကွ လွတ်မြောက်ရန် ကြိုးစားနေသည်ဟု ဆိုသော်လည်း ဒေသခံ ရှမ်းလူမျိုးစုများအပေါ် မည်သည့် အခွင့်အရေးကိုမျှ တန်းတူမပေးခဲ့ကြောင်းနှင့် လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သော
ကေအိုင်အေကလည်း ဒေသခံ ရှမ်းလူမျိုးစုများအပေါ် အနိုင်ကျင့် ဆက်ဆံမှုများ ရှိနေသည်ဟု ခံစားနေကြရကြောင်း ရှမ်းလူမျိုးစုများရေးရာ အဖွဲ့မှ ပြောခွင့်ရသူ ဦးစိုင်းထွန်းရင်က မှတ်ချက်ပြု ပြောကြားသည်။

ကေအိုင်အေအဖွဲ့က ရှမ်းလူမျိုးများကို တပ်သားသစ် စုဆောင်းခြင်းများနှင့် ရှမ်းလူမျိုးများ၏ ဆန္ဒမပါဘဲ ရိက္ခာ ကောက်ခံခြင်းများသည် ဒေသခံ ရှမ်းလူမျိုးများအား ဝန်ထုပ်ဝန်ပိုး ဖြစ်စေကြောင်း ဦးစိုင်းထွန်းရင်က ထပ်မံ ပြောကြားသည်။

ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ရှမ်းလူမျိုးများအပေါ် ထားရှိသော ကေအိုင်အို၏ သဘောထားနှင့် ပတ်သက်ပြီး မေလ ၁၅ ရက်နေ့က မြစ်ကြီးနား မနောကွင်းအတွင်း လူထုနှင့် တွေ့ဆုံရာတွင် ကချင်ပြည်နယ်အတွင်းရှိ ဌာနေလူမျိုးများ (ကချင်လူမျိုးနှင့် ရှမ်းလူမျိုးများ) သည် အဖိနှိပ်ခံနေကြရသဖြင့် အတူတကွ တော်လှန်ကြမည် ဟူသော ခံယူချက်အရ ၁၉၇၄ ခုနှစ် နောက်ပိုင်းတွင် ကချင်လူမျိုးများနှင့် ရှမ်းလူမျိုးများကို စုဆောင်းရေး လုပ်ခဲ့ကြောင်း၊ လိုအပ်သော ရိက္ခာများကို ကောက်ခံရာတွင်လည်း ရှမ်းနှင့် ကချင်အိမ်များတွင် အချိုးတူ ကောက်ခံခဲ့ကြောင်းနှင့် ယခုနောက်ပိုင်းတွင် ကေအိုင်အို၊ ကေအိုင်အေ အဖွဲ့အစည်း၏ ခံယူချက်များနှင့် လုပ်ဆောင်ချက်များကို ရှမ်းတိုင်းရင်းသားများကို ရှင်းပြနိုင်ခြင်း မရှိသည့် အနေအထားကြောင့် ရှမ်းလူမျိုးများအနေနှင့် ကေအိုင်အေ၏ လုပ်ဆောင်ချက်များအပေါ် ပြစ်တင်ဝေဖန်မှုများ ဖြစ်ပေါ်ခဲ့ရသည်
ဟု ပြောကြားချက်အပေါ် ရှမ်းလူမျိုးစုများရေးရာ အဖွဲ့မှ ယခုကဲ့သို့ ပြန်လည်တုံ့ပြန် ပြောကြား
လိုက်ခြင်း ဖြစ်သည်။

မေလ ၁၃ ရက်နေ့က မြစ်ကြီးနားမြို့ရှိ ကေအိုင်အို နည်းပညာရုံးရှေ့တွင် ဒေသခံ ရှမ်းလူမျိုး ၂၀ ကျော်ခန့်က ကေအိုင်အေ တပ်ဖွဲ့ဝင်များက ဖမ်းဆီးထားသော ရှမ်းလူမျိုးများကို ပြန်လွှတ်ပေးရန်အတွက် ဆန္ဒဖော်ထုတ်ခဲ့ရာ ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ်က ဆန္ဒဖော်ထုတ်သူများကို လက်ခံတွေ့ဆုံပြီး ဖမ်းဆီးခံ ရှမ်းလူမျိုးများအား ပြန်လွှတ်ပေးရန်အတွက် ကတိပြုထားခဲ့သည်။

“ဒါတွေက တစ်ဖွဲ့နဲ့တစ်ဖွဲ့ တစ်ယောက်နဲ့ တစ်ယောက် ဆက်ဆံမှုတွေ နည်းပါးတဲ့အခါမှာ အယူအဆတွေ လွဲမှားတာ ဖြစ်ပါတယ်။ လက်ရှိ ဖြစ်ပေါ်နေတဲ့ အနေအထားအရ ကျွန်တော်တို့ ဒီကိစ္စအပေါ် သတိထားဖို့ လိုအပ်တယ်ဆိုတာလည်း သိပါတယ်” ဟု ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ်က မှတ်ချက်ပြု ပြောကြားသွားခဲ့သည်။

ရှမ်းလူမျိုးများ၏ ကေအိုင်အိုအပေါ် ထားရှိသော သဘောထားများနှင့် ပတ်သက်၍ ကေအိုင်အို နည်းပညာအဖွဲ့မှ ဆရာဒေါင်ခါးကို ဆက်သွယ်မေးမြန်းရာ အထူးတလည် မှတ်ချက်မပေးလိုကြောင်း၊ ရှမ်းလူမျိုးစုများ အားလုံးကို ကိုယ်စားပြုနိုင်သည့် ရှမ်းအဖွဲ့အစည်း (ဥပမာ- ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့) များကို မေးမြန်းကြည့်ခြင်းသည်သာ ရှမ်းလူမျိုးများ အတွက်သာမက ကချင်လူမျိုးနှင့် လက်ရှိ ဖြစ်ပျက်နေသည့် အခြေအနေများ အတွက်ပါ ပိုမိုကောင်းမွန်နိုင်ကြောင်း ဖြေကြားခဲ့သည်။
“တချို့ကိစ္စတွေက နားလည်ဖို့ ခက်တော့ ချက်ချင်းကြီး လက်ခံဖို့ ဆိုတာလည်း ခက်ပါတယ်” ဟု ၎င်းကဆိုသည်။.

ကချင်ပြည်နယ်တွင် တိုင်းလုံ၊ လိုင်းခမ်းတီ၊ တိုင်းဆာ၊ တိုင်းလျံ၊ တိုင်းလေ စသည့် ရှမ်းမျိုးနွယ်စု ငါးစုတို့သည် မိုးညှင်း၊ မိုးကောင်း၊ နန်းမား၊ နမ္မတီး၊ အင်းတော်ကြီးဒေသ၊ မိုးမောက်၊ မန်စီ၊ စီခမ်းကြီးနှင့် ဧရာဝတီ မြစ်ရိုးတစ်လျှောက်ရှိ တာလောကြီး၊ ဆင်ဘို၊ မံကင်း စသည့် ဒေသများတွင် ပြန့်ကျဲ နေထိုင်လျက်ရှိရာ လူဦးရေအားဖြင့် ကချင်ပြည်နယ်တွင်း နေထိုင်သော ရှမ်းလူမျိုးမှာ သုံးသိန်းကျော်ခန့် (သန်းခေါင်စာရင်း မကောက်ယူမီ ခန့်မှန်းစာရင်းဇယား) ရှိသည်ဟု ခန့်မှန်းရကြောင်း ရှမ်းမျိုးနွယ်စုများရေးရာ အဖွဲ့ထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment