Wednesday, May 21, 2014

ဒေါ်စုကို ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ...

5
ပို့စ်ခေါင်းစဉ်ကို သာမန်အတိုင်း ဖတ်မည်ဆိုပါက NLD နှင့် အတိုက်အခံများကို မြင်ပြင်း ကတ်နေသူ များက သဘောကျစိတ်ဖြင့် ပြုံးသွားကျေနပ်သွားကြပါလိမ့်မည်။ ဒေါ်စုကို ထောက်ခံအားပေး ချစ် ခင်နှစ်သက်သူများက စိတ်ထဲတွင် (တချို့ဆိုလျှင် ပါးစပ်မှပင် အသံထွက်နိုင်ပါသည်) ထောင်း ခနဲ ဒေါသထွက်၍ ရေးသူကျွန်တော့်အပေါ် ဆဲချင် ဆိုချင် ထိုးချင် ကြိတ်ချင် ရိုက်ချင် နှက်ချင် သတ် ချင် ဖြတ်ချင် အရေဆုတ်ချင် အခွံနွှာချင် ထုချင် ထောင်းချင် ဖြစ်သွားပါလိမ့်မည်။ မြန် မာ့နိုင်ငံရေး ကို ဟက်ဟက်ပက်ပက် မရှိလှသူများကတော့ ဒီကောင်ဘာတွေများ ရေးထားပါလိမ့်ဟူသောစူးစမ်း စိတ် ဖြစ်သွားပါလိမ့်မည်။ ဤကား စာဖတ်သူများ နေရာမှနေ၍ ကျွန်တော်ဝင်၍ ခံစားကြည့် မိခြင်း ဖြစ်ပါသည်။ အခြားသူများ ရေးသားထားသော စာများကို ဖတ်သောအခါတွင်လည်း ကျွန်တော် သည် စာဖတ်သူ တစ်ဦးအနေဖြင့် ထိုကဲ့သို့သော ခံစားမှုများထဲမှ တစ်ခုမဟုတ် တစ်ခုကို ခံစားဖတ်ရှုမိ၍ ဖြစ်ပါသည်။ ဤကား ခေါင်းစဉ်နှင့် ပတ်သက်၍ စကားချီးဖြစ်ပါသည်။ ဆက်ဖတ်စေ လိုပါသည်။
ပထမဆုံး ထိုကဲ့သို့ ဖြစ်သူများအနေဖြင့် ကျွန်တော်ရေးသောစာကို ဦးစွာပထမ ဆုံးအောင်ဖတ်စေ ချင် သည့် အကြောင်း မေတ္တာရပ်ခံလိုပါသည်။ ကျွန်တော့်တင်ပြချက် ဆွေးနွေးချက် ပြီးဆုံးသွား ချိန်တွင် မိမိအမြင်၊ မိမိခံစားမှု၊ မိမိထင်မြင်ချက်များကို လွတ်လပ်စွာ ဝေဖန်ပြောဆို ရေး သားနိုင် ကြပါသည်။
ခေါင်းစဉ်ကို ဖတ်ကြည့်လျှင်ပင် ကျွန်တော့်သဘောထားကို အထင်းသား မြင်နိုင်ပါလိမ့်မည်... ဟုတ်ကဲ့.. ကျွန်တော်မငြင်းပါ... ဘယ်တုန်းကမျှလည်း ဝေ့လည်ကြောင်ပတ် မလုပ်ခဲ့ပါ... ဒေါ်စုကို သမ္မတ မဖြစ်လိုသူတွေ စာရင်းထဲမှာ ကျွန်တော်သည်လည်း တစ်ဦးအပါအ၀င် ဖြစ်ပါသည်။ ထိပ်ဆုံးက ပါသည်ဟု မပြောလိုပါ။ အခြားသူများ ဒေါ်စုအပေါ် မုန်းတီးသလောက် ကျွန်တော် မမုန်း၍ ဖြစ်ပါသည်။ ဒေါ်စုတွင် ကောင်းကွက်တွေရှိသည်ကို ကျွန်တော်လက်ခံပါသည်။ ဒေါ်စု  တော် သည်ကို ကျွန်တော် အသိအမှတ်ပြုပါသည်။ ဤစကားများအတွက် စိတ်အနှောင့်အယှက် မဖြစ်စေလိုပါ။ ကျွန်တော် မချီးကျူးလျှင်လည်း ဒေါ်စုက အလုံးအရပ် လျော့သွားသည် မဟုတ်ပါ...။ ၎င်းအချက်ကို ကျွန်တော်ကောင်းစွာ သိပါသည်။ ကျွန်တော့် အယူအဆများကို ဆက်ဖတ်ကြည့်စေလိုပါသည်။

နိုင်ငံခြားသားနှင့် လက်ထပ်ခဲ့သောကြောင့်ဟူသော အကြောင်းပြချက်ဖြင့် ဒေါ်စုကို သမ္မတမဖြစ်စေလိုသူများ စာရင်းတွင် ကျွန်တော် မပါဝင်ပါ။ အဘယ်ကြောင့်ဆိုသော် သူ၏ ခင်ပွန်းဖြစ်သူသည် ကွယ်လွန်သွားခဲ့ပြီးဖြစ်ရာ ထိုအချက်သည် သမိုင်းမှတ်တမ်း တစ်ခုအဖြစ်သာ ကျန်ရစ်ခဲ့သောကြောင့် ဖြစ်ပါသည်။ သို့သော် ဒေါ်စု၏ သားများသည် နိုင်ငံခြားသားများ ဖြစ်နေခြင်းကိုတော့ ကျွန်တော်လုံးဝ သဘောမကျပါ။ သူတို့သည် သူတို့ကိုယ်သူတို့ မြန်မာနိုင်ငံသားဟု ခံယူပါသလား၊ သူတို့ကိုယ်သူတို့ မြန်မာစိတ်အပြည့်ဟု ခံယူပါသလား၊ မြန်မာ့မြေ မြန်မာ့ရေ မြန်မာ့အလှကို ချစ်မြတ်နိုးစိတ် သူတို့တွင် မည်မျှရှိပါသနည်း။ အကယ်၍များ ဒေါ်စု သမ္မတဖြစ်လာလျှင် သူတို့သည် သမ္မတ၏ သားသမီးများ ဖြစ်ကြပါသည်။ အရေးကြီးပုဂ္ဂိုလ်များ ဖြစ်လာကြပါလိမ့်မည်။ သမ္မတအိမ်တော်တွင် ၀င်ချည်ထွက်ချည် လုပ်ကြပါလိမ့်မည်။ မြန်မာလို မပီကလာ ပီကလာ ပြောတတ်ပြီး အင်္ဂလိပ်လို မွှတ်နေအောင် ပြောတတ်သော သူတို့၏ သားသမီးများ တစ်နည်း ဒေါ်စု၏ မြေးများသည် သမ္မတ အိမ်တော်ဝင်းအတွင်း ပြေးလွှားဆော့ကစား ကြပါလိမ့်မည်။ ဒေါ်စု၏ အနီးကပ်လုံခြုံရေးများ၊ သက်ဆိုင်ရာ ၀န်ထမ်းများသည် ထိုသူတို့ကို ဂရုစိုက်ကြရပါလိမ့်မည်၊ သူတို့ခိုင်းသမျှ လုပ်ကြရပါလိမ့်မည်။ အခြားနိုင်ငံသားများကို မြန်မာတွေက အကြီးအကဲ၏ မိသားစုဝင်များအဖြစ် အရိုအသေပေးရမည်၊ ကာကွယ်ပေးရမည်ကို မြင်ယောင်ကြည့်စေလိုပါသည်။ (ဤနေရာတွင် နိုင်ငံခြားသံတမန်များ၊ ဧည့်သည်တော်များနှင့် နှိုင်းယှဉ်၍ စကားကတ် မပြောကြစေလိုပါ) အချို့က ပြောကြပါလိမ့်မည်။ ဒေါ်စုသည် စစ်ဗိုလ်ချုပ်တွေလို အခွင့်အရေး ယူတတ်သူမဟုတ်၊ အဲဒီလို ဘယ်တော့မျှ ဖြစ်မလာဘူးဟု...။ ရိုးရိုးလေးပဲ တွေးကြည့်စေလိုပါသည်။ NLD ရန်ပုံငွေပွဲအတွက် ဖျော်ဖြေပွဲတွေ အများကြီးလုပ်ပါသည်။ ထိုအခမ်းအနားများတွင် ဒေါ်စုတစ်ယောက် ပြည်သူတွေနဲ့အတူ ပလတ်စတစ် ထိုင်ခုံတွေမှာ ၀င်ထိုင်ကြည့်ပါသလား၊ သို့မဟုတ် ရှေ့ဆုံးတန်းက သူ့အတွက် အထူးသတ်မှတ်ထားသော နေရာမှာ ထိုင်ကြည့်ပါသလား။ ကျွန်တော် ကလေးဆန်နေခြင်း မဟုတ်ပါ။ ထိုသို့လုပ်ခြင်းကို ဝေဖန်ခြင်း မဟုတ်ပါ။ ထိုသို့ လုပ်ကိုလုပ်ရမည် ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် သူသည် သူ့ပါတီတွင် အကြီးဆုံးပုဂ္ဂိုလ် ဖြစ်ပါသည်။ ထို့အတွက် သူ့ကို ဦးစားပေးမှု ရှိကိုရှိရပါမည်။ သမ္မတဦးသိန်းစိန်က ရန်ကုန်မှာလုပ်တဲ့ အခမ်းအနားမှာ ကုလားထိုင်ကြီး ခမ်းခမ်းနားနားနဲ့ သီးသန့်ထိုင်တာကို အပြစ်လုပ်ပြီး ဝေဖန်ကြတာမျိုး ကျွန်တော်မလုပ်တတ်ပါ။ ဒေါ်စုသွားလေရာမှာ သူ့ဘေးက အင်္ကျီအဖြူ ၀တ်ထားသူကြီးတွေက ပုသိမ်ထီးတွေ မိုးပေးတာကိုလည်း အပြစ်မပြောပါ။ သူတို့ချစ်သည့် သူတို့ခေါင်းဆောင်ကို သူတို့လုပ်ပေးတာ မနာလိုစရာ မရှိပါ။ သို့သော် မြန်မာနိုင်ငံတွင် အကြီးအမှူးဖြစ်သည့် သမ္မတကြီးက လုံခြုံရေးတွေနဲ့သွား သွားပြန်ပြီ၊ သီးသန့်ထိုင်ခုံမှာထိုင် ထိုင်ပြန်ပြီ၊ ဟိုဟာလုပ် လုပ်ပြန်ပြီး စသဖြင့် ဝေဖန်နေကြတာတွေသည် အဆင့်အတန်း ရှိ၊ မရှိ ဝေဖန်ဆင်ခြင်ကြဖို့ ဖြစ်ပါသည်။ သမ္မတက ပုဆိုးအစုတ်၊ စွပ်ကျပ်ချိုင်းပြတ်နှင့် နွားလှည်းစီးပြီး ဘယ်သူမှမပါဘဲ တစ်ယောက်တည်း နိုင်ငံပတ်နေရလျှင်တော့ မဟုတ်သေးဘူးဟု ထင်ပါသည်။ စကားတွေ ဘေးရောက်သွားပါသည်။ လိုရင်းကို ပြန်ဆက်ကြပါဦးစို့။

ဒုတိယတစ်ချက် ဒေါ်စုကို သမ္မတမဖြစ်စေချင်သည့် အကြောင်းပြချက်မှာ အာဏာရှင်နိုင်ငံအဖြစ်ကို မရောက်စေလို၍ ဖြစ်ပါသည်။ စစ်အစိုးရအုပ်ချုပ်မှသာ အာဏာရှင်စနစ်ဟု ထင်နေကြသူများကို နိုင်ငံရေး သူငယ်နာ မစင်သူများအဖြစ် ကျွန်တော်က ရန်စကားလေး ဆိုလိုက်ချင်ပါသည်။ ဒီမိုကရေစီအာဏာရှင် အုပ်ချုပ်သော တိုင်းပြည်သည် စစ်တပ်အုပ်ချုပ်သော တိုင်းပြည်များထက် ပိုဆိုးလေ့ ရှိပါသည်။ နိုင်ငံတကာသမိုင်းကို အနည်းငယ် တီးခေါက်မိသူတိုင်း သိနိုင်သည့် ကိစ္စဖြစ်သဖြင့် ဘုန်းကြီးစာချ မလုပ်လိုတော့ပါ။ အာဏာရှင်နိုင်ငံ မဖြစ်စေလိုသည့် ကျွန်တော့်အကြောင်းပြချက်အတွက် ကျွန်တော့်ယူဆချက်များ၊ စိုးရိမ်ချက်များကို ပြောပြပါရစေ။

နိုင်ငံရေးဆိုသည်မှာ ကလေးတွေ တုပ်ဆီးတိုးသလို လွယ်သည့်အလုပ် မဟုတ်ပါ။ အန်စာတုံးလှည့်ပြီး ခွက်နှင့်အုပ်ကာ မည်သည့်အပွင့် ကျသည်ကို ခန့်မှန်းပြောဆိုရသလိုလည်း ဘက် ၆ ဘက်တည်း မဟုတ်ပါ။ သို့သော် အချို့သော သင်္ချာပုစ္ဆာများတွင် အဖြေမှန်ကို သိနေသည်ဆိုပါက နောက်ပြန်စဉ်းစားခြင်းဖြင့် ပုံသေနည်းများကို တွက်ချက်နိုင်သကဲ့သို့ ယခုလည်း ကျွန်တော်ကိုဉာဏ်က မြန်မာ့နိုင်ငံရေးကို နောက်ပြန်တွက်ကြည့်လိုပါသည်။

ယခုလက်ရှိ NLD ပါတီ၊ အတိုက်အခံများနှင့် ၈၈ မျိုးဆက်များ ဖြစ်စေလိုသည့် ကိစ္စရပ်များကို ဖြစ်မြောက်အောင်မြင်ပြီဟု ဆိုကြပါစို့။
(၁) ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်လိုက်နိုင်သည်။
(၂) ဒေါ်စု သမ္မတဖြစ်ခွင့် ရှိသွားသည်။
(၃) တပ်မတော်သား ကိုယ်စားလှယ်များ လွှတ်တော်အသီးသီးမှ ထွက်ခွာသွားကြသည်။
(၄) နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို ဖျက်သိမ်းလိုက်သည်။
(၅) ၂၀၁၅ ခုနှစ်တွင် NLD ပါတီ အများစုအနိုင်ရသွားသည်။
(၆) ဒေါ်စုကို သမ္မတအဖြစ် တင်မြောက်ကြသည်။
(၇) NLD ပါတီဝင်တစ်ဦးကို လွှတ်တော်ဥက္ကဋ္ဌအဖြစ် ခန့်အပ်လိုက်ကြသည်။
(၈) ဒေါ်စုက အစိုးရဖွဲ့သည်၊ ဒီမိုကရေစီ စံနှုန်းများနှင့်အညီ ၀န်ကြီးဌာနအားလုံးတွင် အရပ်သားဝန်ကြီးများသာ ခန့်အပ်လိုက်သည်။
(၉) ပြည်ခိုင်ဖြိုးပါတီက အမတ်အင်အားအနည်းငယ်ဖြင့် လွှတ်တော်ထဲတွင် အတိုက်အခံအဖြစ် ရောက်ရှိသွားသည်။

ကဲ... စာဖတ်သူမိတ်ဆွေ။ အထက်ပါ ၉ ချက်သည် ယခုလက်ရှိ ဒေါ်စုနှင့် ၈၈ မျိုးဆက်များ လိုချင်နေသည့် ပုံစံများ၊ ကြိုးစားနေသည့် ရလဒ်များ ဖြစ်ကြပါသည်။ အမှန်အားဖြင့် ကျွန်တော့်စိတ်ရင်းအတိုင်း ဆိုလျှင် ဤနေရာတွင် ကျွန်တော့်ရေးသားမှုကို ရပ်နားလိုပါသည်။ ထို ၉ ချက်ကို ဖတ်ရှုပြီးလျှင် စာဖတ်သူများက ကိုယ့်ဘာသာကိုယ် တွေးတောဆင်ခြင် ဝေဖန်သုံးသပ် လုပ်ကြစေချင်ပါသည်။ အားလုံးက ဆင်ခြင်ပိုင်းခြားနိုင်သူများ ဖြစ်သည့်အားလျော်စွာ ကျွန်တော်က အလကားနေရင်း ဆရာဝင်လုပ်သည့် ပုံစံဖြင့် ဒီလိုဖြစ်သွားနိုင်တယ်... ဟိုလိုဖြစ်သွားနိုင်တယ်ဟု ပြောရမှာကို တကယ်ပင် ၀န်လေးလှပါသည်။ သို့သော် ကျွန်တော့်အမြင်များကို ပြောပြချင်စိတ်ကလည်း ထိန်းမရ၊ သိမ်းမရ ဖြစ်လျက်ရှိပါသည်။ စိတ်ထဲမှာ ပြောချင်တာတွေ ရှိပါလျက်၊ အမြင်တွေရှိပါလျက် မပြောခဲ့ရ၊ မရေးခဲ့ရသည့် နောင်တများ ကျွန်တော့်တွင် အပြည့်ဖြစ်သည့်အတွက် နောင်တစ်ချိန်ကျမှ ကျွန်တော်မပြောခဲ့ရလေခြင်းဟုလည်း နောင်တမရလိုပါ။ ထို့ကြောင့် စာဖတ်သူများက ယခုအချိန်တွင် မိမိတို့စိတ်ကြိုက် တွေးတောကြည့်စေလိုပါသည်။ ပြီးမှ ကျွန်တော့်အမြင်များကို ဖတ်ကြစေလိုပါသည်။ အမှန်ဆိုရပါလျှင် ကျွန်တော့်ပို့စ်သည် ဤနေရာတွင် ပြီးပြီဖြစ်ပါသည်။ အောက်တွင် ရေးသားဖော်ပြမည့် အကြောင်းအရာများသည် ကျွန်တော့်ကွန်းမန့်များဟုသာ သဘောထား၍ ဖတ်ရှုကြစေလိုကြောင်း မေတ္တာရပ်ခံလိုပါသည်ခင်ဗျား။
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
ဒေါ်စုသမ္မတဖြစ်သွားလျှင် နိုင်ငံတကာထောက်ခံအားပေးမှုတွေ ထင်မှတ်မထားလောက်အောင် ရလာလိမ့်မည်ဟု ယူဆစရာ ရှိပါသည်။ သေချာသည်ကတော့ နိုင်ငံတကာမှ ကျော်ကြားသည့် နိုင်ငံရေး ခေါင်းဆောင်များ မြန်မာနိုင်ငံသို့ အိမ်ဦးကြမ်းပြင် လာကြပါလိမ့်မည်။ ထို့အတွက် မြန်မာနိုင်ငံ၏ ဂုဏ်သတင်း တက်သည်ဟု အကောင်းဘက်က တွေးစရာရှိပါသည်။

အစိုးရအဖွဲ့ကို မည်သူတွေနှင့် ဖွဲ့မည်နည်းဟူသည်မှာ စိတ်ဝင်စားစရာ ကောင်းလှပါသည်။ သေချာသည်ကတော့ သူမနှင့် နီးစပ်သည့်၊ ပလဲပနံသင့်သည့်၊ လူကြိုက်များသည့် ပုဂ္ဂိုလ်များကို အစိုးရအဖွဲ့အဖြစ် ခန့်အပ်ပါလိမ့်မည်။ အဆိုပါပုဂ္ဂိုလ်များနှင့် လက်ရှိ ၀န်ကြီးဌာနအသီးသီး၊ ဌာနဆိုင်ရာ အသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသည့် ၀န်ထမ်းများအကြား ဆက်ဆံရေးအခြေအနေ မည်သို့ရှိမည်မှာ မသေချာလှပါ။ ယခုလက်ရှိ ၀န်ထမ်းများထဲမှ NLD ကို ထောက်ခံသူများက ထိုအချိန်တွင် နေရာရလာနိုင်သလို၊ သူတို့၏ အတို့အထောင် လုပ်မှုများကြောင့် ယခုလက်ရှိ NLD နှင့် ဒေါ်စုကို ကြည့်မရသူတို့သည် ထိုအချိန်တွင် အခက်ကြုံရပါလိမ့်မည်။ ၀န်ထမ်းဘ၀မှ နုတ်ထွက်ကောင်း နုတ်ထွက်ကြပါလိမ့်မည်။ ထိုသို့ဆိုလျှင် အုပ်ချုပ်ရေးယန္တရား လည်ပတ်မှုပေါ် သက်ရောက်မှု ရှိလာနိုင်ပါသည်။ ဤကား ကျွန်တော့်မှန်းဆချက်သာ ဖြစ်ပါသည်။

လွှတ်တော်တွင် မည်သူပင် ဥက္ကဋ္ဌ ဖြစ်လာပါစေ... အဆိုပါ လွှတ်တော်ဥက္ကဋ္ဌသည် ဒေါ်အောင်ဆန်းစုကြည်ကို ကျော်လွန်နိုင်မည်ဟု မည်သို့သော အမိုက်အမဲများက မျှော်လင့်နေပါသနည်းဟု ကျွန်တော်က မေးခွန်းထုတ်လိုပါသည်။ ယခုလက်ရှိ ဦးသိန်းစိန်နှင့် ဦးရွှေမန်းကြားက အားပြိုင်မှုမျိုး၊ ပွတ်တိုက်မှုမျိုး၊ ထိန်းကျောင်းမှုမျိုး ဖြစ်လာမည်ဟု ယူဆကြပါသလား။ ကျွန်တော်တို့တွေ စိတ်ကိုဖွင့်ပြီး လွတ်လွတ်လပ်လပ် စဉ်းစားကြည့်ကြရအောင်လား ခင်ဗျာ။ ဒေါ်စုကို ထိန်းကျောင်းဖို့အတွက် လွှတ်တော်ဥက္ကဋ္ဌကို NLD က တစ်ဦးတစ်ယောက်ကို မခန့်အပ်ဘဲ အခြားတစ်ဦး (ပြည်ခိုင်ဖြိုးပါတီမှသော်လည်းကောင်း၊ အခြားပါတီတစ်ခုခုမှသော်လည်းကောင်း) ကို ခန့်အပ်သည်ပဲ ဆိုကြပါစို့။ သမ္မတက သဘောမတူသည့် ဥပဒေများအတွက် လွှတ်တော်ဥက္ကဋ္ဌနှင့် သူ၏ လွှတ်တော်က အတည်ပြုပေးနိုင်လိမ့်မည်ဟု မျှော်လင့်ကြပါသလားခင်ဗျာ။ အဘယ်သို့သော NLD လွှတ်တော်အမတ်က သမ္မတကြီး ဒေါ်စုကို ဆန့်ကျင်လျက် လွှတ်တော်တွင် မဲပေးကြပါလိမ့်မလဲခင်ဗျာ။ ဥက္ကဋ္ဌက သမ္မတကို မရမက ထိန်းကျောင်းဖို့ ကြိုးစားပါလျှင် NLD လွှတ်တော်အမတ်များက ထိုဥက္ကဋ္ဌကို စွပ်စွဲပြစ်တင်ကြပါလိမ့်မည်။ ကျွန်တော်ဘာကို ဆိုလိုကြောင်း ဆ၀ါးနိုင်ကြလိမ့်မည် ထင်ပါသည်။

NLD ပါတီတွင် ဒေါ်စု ကောင်းသည်ဆိုးသည်ကို ဝေဖန်ရဲသူ မည်သူရှိပါသနည်း။ ဒေါ်စုကို လွန်ဆန်ရဲသူ မည်သူရှိပါသနည်း။ ထို့အတွက် ဒေါ်စု သမ္မတဖြစ်လျှင် သူ့စိတ်တိုင်းကျ လုပ်ချင်ရာ လုပ်သည်များကို မည်သူက ထိန်းကျောင်းမည်နည်း၊ တည့်မတ်မည်နည်း။ ဒေါ်စုသည်လည်း လူသားတစ်ဦး ဖြစ်သည့်အတွက် အမှားအယွင်း ရှိမည်သာ ဖြစ်ပါသည်။ ဆုံးဖြတ်ချက် အမှားများ ရှိလာနိုင်သည်သာ ဖြစ်ပါသည်။ နိုဘယ်လ်ဆုရထားသည့်၊ ကမ္ဘာပတ်ခဲ့သည့်၊ နိုင်ငံခြားသားကို လင်တော်ခဲ့သည့်၊ ကမ္ဘာကျော်တက္ကသိုလ်မှာ ပညာသင်ကြားလာသည့်၊ အင်္ဂလိပ်စာကို မြန်မာလိုထက် ပိုကောင်းအောင်ပြောတတ်သည့် ဒေါ်စုကဲ့သို့ ပုဂ္ဂိုလ်မျိုးကို မင်းကိုနိုင်၊ ကိုကိုကြီး၊ ဇေယျာသော်၊ မြတ်ဉာဏစိုး စသည့် လူကြီးလူကောင်းများက ထိန်းမတ်ဝေဖန်ရဲမည်ဟု ထင်ပါသလား၊ ဦးကိုနီလို၊ဦးဉာဏ်ဝင်းလို၊ ဦးဝင်းထိန်လို ပုဂ္ဂိုလ်တွေက အကြံပေးနိုင်မယ်၊ တည့်မတ်နိုင်မယ်လို့ ထင်ကြပါသလား။

ကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စများဆီသို့ ဆက်ကြပါဦးစို့။ ဒီမိုကရေစီစံနှုန်းဟု တဖွဖွ ရွတ်သူများ အမြဲပြောနေသည့် အမေရိကန်ကဲ့သို့ မြန်မာသမ္မတသည် စစ်သေနာပတိချုပ် ဖြစ်သွားပါပြီ။ ကာကွယ်ရေးဝန်ကြီးသည်လည်း အရပ်သား ဖြစ်သွားပါပြီ။ စစ်ရေးအမြင် ရှိဖို့တွေ မလိုတော့ပါ။ ဒီမိုကရေစီ စံနှုန်းအရ သမ္မတသည် စစ်တပ်ကို အမိန့်ပေးမည်။ အရပ်သား ကာကွယ်ရေးဝန်ကြီး ပြောသည့်အတိုင်း တပ်ချုပ်နှင့် သူ၏တပ်က အမိန့်နာခံရမည်။ မြန်မာ့နိုင်ငံရေးတွင် ပါဝင်မှုကို ဖျက်သိမ်းခံလိုက်ရသည့် ကာချုပ်နှင့် သူ၏တပ်မတော်အတွက် ဒေါ်စုနှင့် ဆက်ဆံရေးကို ကိုယ်တိုင် တွေးကြည့်စေလိုပါသည်။ ကျွန်တော်မပြောရဲပါ... မတွေးရဲပါ.. မပြောချင်ပါ... မတွေးချင်ပါ... မပြောလိုပါ... မတွေးလိုပါ... မြန်မာနိုင်ငံတွင် ၂၀၁၅ တိုင် မပြီးမပြတ် ဖြစ်နေဦးမည့် တိုင်းရင်းသား လက်နက်ကိုင်များအရေး၊ အနောက်ဘက် အိမ်နီးချင်းနိုင်ငံက အခွင့်ကောင်းစောင့်နေသည့် ပြည်ပရန်အရေး၊ စသည့် စသည့် ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းမည့် ကာကွယ်ရေးဝန်ကြီးသည် ဘောင်းဘီချွတ် စစ်ဗိုလ်ချုပ်ဟောင်းလည်း မဟုတ်၊ စစ်ရေးအမြင်ရှိသူလည်း မဟုတ်ပါလျှင် မည်ကဲ့သို့ စခန်းသွားကြပါမည်နည်း။ ကျွန်တော့်လက်တွေ ဆက်ရိုက်ရန် မ၀ံ့ရဲပါသဖြင့် ဤအကြောင်းအရာကို ဆက်မရေးလိုပါ။ ရင်လေးမိပါသည်... စိတ်ပူမိပါသည်... ကျောချမ်းမိပါသည်...။

ဒေါ်စုသမ္မတဖြစ်ပြီ၊ NLD က လွှတ်တော်တွင် အမတ်အများစု ဖြစ်သွားပြီဆိုတော့ မျိုးစောင့်ဥပဒေတွေလည်း မလိုတော့ပါ။ ဘာသာရေးပဋိပက္ခတွေကိုလည်း ထိထိရောက်ရောက် ကိုင်တွယ်အရေးယူ အပြစ်ပေးပါပြီ။ ဘင်္ဂလီတွေ ကိစ္စကလည်း လူ့အခွင့်အရေး ရှုထောင့်အရ လွတ်လပ်စွာ နေထိုင်ခွင့် ရရှိသွားပါပြီ။ OIC ရုံးလည်း မြန်မာပြည်မှာ ဖွင့်ခွင့်ရသွားပါပြီ။ ရခိုင်ဒေသမှ မွတ်စလင် ဒုက္ခသည်တွေအတွက် အာရပ်နိုင်ငံများ၏ အဓိကအထောက်အပံ့ဖြင့် UN ဦးဆောင်သည့် INGO အဖွဲ့အစည်းများက နေရာချထားမှုများ၊ ပြန်လည်ထူထောင်ရေးများ၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ဆောင်ရွက်ပေးကြပါမည်။ ဘာတွေဆက်ဖြစ်နိုင်သည်ကို ကျွန်တော်မရေးလိုတော့ပါ။ တွေးကြည့် ဆင်ခြင်ကြည့်စေလိုပါသည်။ အကယ်၍များ မမျှော်မှန်းနိုင်သည့် ပြဿနာတွေ အနောက်ဒေသမှာ ထပ်ဖြစ်ခဲ့ပါလျှင်၊ တပ်မတော်ကို သမ္မတကြီး ဒေါ်စု (စစ်သေနာပတိလည်းဖြစ်) က အမိန့်ပေးခဲ့ပါလျှင် တပ်မတော်သားများက မည်သို့ တုံ့ပြန်ကြမည်နည်း။ စဉ်းစားစရာဖြစ်ပါသည်။ ကျွန်တော်ကိုဉာဏ် အစိုးရိမ်လွန်နေတာသာ ဖြစ်ပါစေလေ။

ဒီမိုကရေစီစနစ် ပြည့်ပြည့်၀၀ ရပြီဆိုတော့ Freedom of expression ရှိလာသည်မို့ ခွင့်ပြုချက် တောင်းစရာမလိုဘဲ လမ်းတွေပိတ်၊ ပလက်ဖောင်းတွေပိတ်ပြီး ဆန္ဒပြပွဲတွေ၊ ဟောပြောပွဲတွေ လုပ်ကြပါလိမ့်မည်။ ဒေါ်စုမကောင်းကြောင်း၊ NLD ပါတီသည် ထောင်ထွက်ပါတီ၊ ထမီနားခိုစားသည့်ပါတီ၊ မွတ်ဒေါင်းပါတီ၊ လူမိုက်ပါတီသာဖြစ်ကြောင်း အတိုက်အခံ ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်၍ ဟောပြောမှုတွေ၊ ဝေဖန်မှုတွေ လုပ်ကြပါလိမ့်မည်။ ပြည်ခိုင်ဖြိုး လွှတ်တော်အမတ်များကလည်း ဒေါ်စုသည် အနောက်နိုင်ငံများ၏ ရုပ်သေးရုပ်ဖြစ်ကြောင်း၊ သူ၏ ပေါ်လစီများသည် အနောက်အလိုကျများသာဖြစ်ကြောင်း၊ ဒေါ်စုသည် တိုင်းတစ်ပါးသားကို အိမ်ထောင်ပြုခဲ့သူ ဖြစ်သည့်အားလျော်စွာ နိုင်ငံခြားသားစီးပွားရေး လုပ်ငန်းရှင်များကို ပြည်တွင်းတိုင်းရင်းသား လုပ်ငန်းရှင်များထက် အရေးပေးကြောင်း၊ အခွင့်အရေးပေးကြောင်း လွှတ်တော်အစည်းအဝေးများတွင် ထည့်သွင်းပြောဆို ဆွေးနွေးကြပါလိမ့်မည်။ ထိုသောအခါ ဒီမိုကရေစီ အစိုးရပီပီ ဒေါ်စုသည် ဘာမျှမပြောဘဲ သည်းခံပါလိမ့်မည်။ အာဏာရပါတီဖြစ်သည့် NLD ကလည်း ဒီမိုကရေစီခေတ်တွင် ဝေဖန်ခံရဲရမည်ဟု နှလုံးပိုက်ကာ သည်းခံကြပါလိမ့်မည်။ ဂျာနယ်သစ်အချို့ ပေါ်လာပြီးနောက် ဒေါ်စုနှင့် ပါကစ္စတန်ကိုကို၊ မမစုအတွက် ရေကူးကောင်းတဲ့ ယက်တော၊ အမေစုနှင့် တစ်ခါတုန်းကတက္ကသိုလ်၊ ကိုယ်ရံတော်လေး ခပ်ငယ်ငယ်၊ စသည့် စသည့် အတည်ပြုရန် ခက်ခဲလှသည့် အကြောင်းအရာများကို ဓာတ်ပုံမြိုင်မြိုင်ဆိုင်ဆိုင်ဖြင့် သူ့ထက်ငါ ရေးသားထုတ်ဝေကြပါလိမ့်မည်၊ ပြည်ခိုင်ဖြိုးမှ ထုတ်ဝေသည့် ပြည်ထောင်စုနေ့စဉ်တွင်လည်း အငြိမ်းစား စစ်ဗိုလ်ချုပ်ကြီးတစ်ဦးက ပင်တိုင်ကော်လံစားဖြင့် သွေးတောင်းတဲ့ဒေါ်စု၊ နိုင်ငံခြားသားနဲ့ ပျော်နေတုန်းက တိုင်းပြည်ကို သတိမရတဲ့မိစု၊ နိုင်ငံတကာပတ်ပြီး ဆုတွေလက်ခံရင်း ပိုက်ဆံတောင်းစားခဲ့တဲ့ ဒေါ်လာသူတောင်းစား စသဖြင့် ထိထိမိမိ စကားလုံးများ၊ တစ်တစ်ခွခွ စကားလုံးများဖြင့် ရေးသားဝေဖန်ပါလိမ့်မည်။ ထို့ပြင် အဆိုပါ စာရေးသူက NLD အစိုးရ မပြုတ်မချင်း စစ်ဆွယ်တာနှင့် စစ်ဘောင်းဘီကို မချွတ်တမ်း ၀တ်မည်ဟုလည်း ကြွေးကြော်ပါလိမ့်မည်။ (ဂျာနယ်အမည်များသည် စန္ဒာလ၀န်း၊ ဟိုလှိုင်း စသည်ဖြင့် ဖြစ်နိုင်ပါသည်) ယခုအရေးအသားများကို ဖတ်၍ ကျွန်တော့်ကို ကလေးဆန်သူ၊ အဆင့်မရှိသူဟု ဆန္ဒစော၍ မဝေဖန်ကြစေလိုပါ။ ကျွန်တော်ပြောခဲ့သည်များသည် အသစ်အဆန်းလုပ်၍ ရေလာမြောင်းပေး လုပ်နေသည့် စကားလုံးများ မဟုတ်ကြပါ။ အားလုံးသည် ကျွန်တော်တို့ သိရှိပြီး၊ ကြုံခဲ့ရပြီး အကြောင်းအရာများ ဖြစ်ကြပါသည်။

ပို့စ်လည်း အတော်ရှည်သွားပါပြီ။ ယခုအချိန်အထိ အချိန်ပေး၍ တလေးတစား စိတ်ရှည်လက်ရှည် ဖတ်ပေးသည့်အတွက် ကျေးဇူးတင်စကား ဆိုပါရစေ။ ဟုတ်ကဲ့.... ကျွန်တော့်ယူဆချက်ဖြင့် နိဂုံးချုပ်ပါရစေ။ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ မဖြစ်စေလိုပါ။ ဘာပုဂ္ဂိုလ်ရေး မကျေနပ်ချက်မျှ မပါပါ၊ ဘယ်လိုသော အမုန်းတရားများမျှ မပါဝင်ပါ။ ကျွန်တော်လို ပီဘိအသေးအမွှားကောင်လေးက ဒေါ်စုလို ပုဂ္ဂိုလ်မျိုးကို ခြေရာမတိုင်းဝံ့သလို၊ မနာလိုဖြစ်စရာလည်း အကြောင်းမရှိပါ။ သို့သော် တိုင်းပြည်ချစ်စိတ်၊ လူမျိုးချစ်စိတ်၊ တိုင်းပြည်ကို တိုးတက်စေလိုစိတ်များတွင်လည်း ဒေါ်စုထက် မလျော့ကြောင်း အသက်နှင့်ထပ်၍ အာမခံဝံ့ပါသည်။ စာဖတ်သူများလည်း ထိုနည်းနှင်နှင် ဖြစ်ကြလိမ့်မည်ဟု ယုံကြည်ပါသည်။ ဒေါ်စုကို သိက္ခာရှိစေချင်ပါသည်၊ ထို့အတူ မြန်မာနိုင်ငံကိုလည်း ဒီမိုကရေစီအာဏာရှင်နိုင်ငံ မဖြစ်စေလိုပါခင်ဗျား။

No comments:

Post a Comment