Wednesday, May 21, 2014

ဒေါ်စုရဲ့ စကားများအတွက် စိုးရိမ်မိပါသည်

ဒီနေ့ ရန်ကုန်မြို့ ဗိုလ်စိန်မှန်ကွင်းမှာ ပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက်အဖွဲ့ တို့ရဲ့ အခြေခံဥပဒေပြင်ဆင်ရေး လူထုဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပြောကြား ခဲ့ တယ်ဆိုတဲ့ မိန့်ခွန်းကောက်နုတ်ချက်တွေ အွန်လိုင်းပေါ်မှာ ဖတ်ရပါတယ်။ အသံဖိုင်နဲ့ ဗီဒီယိုဖိုင် လိုက်ရှာနေပေမယ့် အခုထိ နားမထောင်ရသေး၊ မမြင်ရသေးတဲ့အတွက် ကိုယ်တိုင်မြင်ကြားတာ မဟုတ်ဘဲ အခြားလူများ ရေးသားတင်ပြထားတာတွေကိုသာ ဖတ်ရှုရသေးကြောင်း ပထမဆုံး ၀န်ခံ ပါရစေ။ ရေးသားတင်ပြတဲ့ ပုဂ္ဂိုလ်အချို့ဟာ NLD အတွင်းသတင်းတွေကို အမြဲတစေ ခရေစေ့တွင်း ကျ တင်ပြရေးသားနေသူတွေဆိုတော့ ယုံကြည်လောက်သော သတင်းရင်းမြစ်တွေအဖြစ် မှတ်ယူမိ တာကြောင့် ဒီပို့စ်ကို ရေးပါတယ်။
အားလုံးလည်း အဲဒီမိန့်ခွန်း ကောက်နုတ်ချက်တွေကို ဖတ်ပြီးသား ဖြစ်ကြမယ်လို့ ယုံကြည်တဲ့အ တွက် ဘာပြောခဲ့တယ်၊ ညာပြောခဲ့တယ် ဆိုတာတွေကို အသေးစိတ် မပြောလိုပါဘူး။ လိုရင်းကို ပဲ ပြောရမယ်ဆိုရင် အဲဒီလို ပြောဆိုခဲ့တာတွေအတွက် အရမ်းပင် စိုးရိမ်မိကြောင်း ကျွန်တော့်ရဲ့ စိုးရိမ်ပူပန်စိတ်ကို ဖွင့်ဟပါရစေ။
ထိုင်းနိုင်ငံမှာ ဖြစ်နေသလိုမျိုး လူထုတွေ လမ်းပေါ်တက်ပြီး အစိုးရကို ဖိအားပေးတဲ့ပုံစံဖြစ်အောင် ကြိုးပမ်းနေတယ်ဆိုရင်တော့ ဒေါ်စုကို ဆက်မလုပ်ဖို့ မေတ္တာရပ်ခံပါရစေ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် ဘယ်လိုနည်းလမ်းတွေနဲ့ ဆောင်ရွက်ရမယ်ဆိုတာ အခြေခံဥပဒေ ထဲမှာ အတိအလင်း ပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။ အခြေခံဥပဒေကို သဘောမကျတဲ့အတွက် အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေအတိုင်း မလိုက်နာနိုင်ဘူး၊ မလုပ်နိုင်ဘူး ဆိုရင်တော့ ဒါဟာ ဖြစ် သင့်၊ မဖြစ်သင့် စဉ်းစားကြစေလိုပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ လက်ရှိအသက်ဝင်နေတဲ့ တည်ဆဲဥပဒေ ဖြစ်ပါတယ်။ ဥပဒေအားလုံးရဲ့ အထွဋ်အခေါင် ဖြစ်ပါတယ်။ လွှတ်တော်၊ အစိုးရ၊ တရားစီရင်ရေး စသဖြင့် မဏ္ဍိုင်သုံးရပ် ရှိနေတယ်ဆိုတာ၊ ၅ နှစ်တစ်ကြိမ် ရွေးကောက်ပွဲတွေ ကျင်းပမယ်ဆိုတာ၊ လွတ်လပ်စွာ ဟောပြောစည်းရုံးခွင့်၊ စုဝေးခွင့် ရှိတယ်ဆိုတာ၊ ပါတီစုံနိုင်ငံရေး ကို လွတ်လပ်စွာ ဆောင်ရွက်ခွင့်ရှိတယ်ဆိုတာ၊ အခုလက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်း ချက်တွေ၊ အာမခံချက်တွေကြောင့် ဖြစ်ပါတယ်။

အခြေခံဥပဒေမှာ အားနည်းချက်တွေ၊ မပြည့်စုံမှုတွေ ရှိတယ်ဆိုတာ မြန်မာပြည်သူတိုင်း သိရှိသလို၊ တာဝန်ရှိသူတွေကလည်း ပြင်ဆင်သင့်တဲ့ အချက်တွေ ရှိပါတယ်လို့ ၀န်ခံသဘောတူထားကြပြီးသားပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ရပ်လုံးကို အစအဆုံး ပြင်ဆင်ပစ်မယ်၊ သဘောမကျတဲ့ အချက်တွေ အကုန်လုံးကို ကိုယ်တွေစိတ်ကြိုက် ပြင်ပေးရမယ် ဆိုတာကတော့ နိုင်ငံရေးမဆန်ဘူးလို့ ကျွန်တော်က မြင်မိတာပါပဲ။

ဒေါ်စုအနေနဲ့ လက်ရှိပကတိ အခြေအနေကို မှန်ကန်စွာ အကဲဖြတ်သုံးသပ်မှု မလုပ်နိုင်တာလား၊ တမင်ပဲ မြောက်ပေးမှုတွေကြား၊ ကြိုးဆွဲမှုတွေကြားမှာ ခေါင်းမာစွာ ဆက်တိုးနေတာလားဆိုတာ နားမလည်နိုင်ပါ။ NLD သည် လက်ရှိအာဏာရပါတီ မဟုတ်ပါ။ ထိုအချက်ကို မမေ့စေလိုပါ။ အတိုက်အခံသည် အတိုက်အခံသဘောသာ ဆောင်စေလိုပါသည်။ နိုင်ငံရေးကပ်ဆိုးများ၊ နိုင်ငံရေးမုန်တိုင်းများနှင့် မကြုံရဘူးဆိုပါက ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီ အထိုက်အလျောက် အာဏာရလာနိုင်ပါသည်။ ယခင်ကကဲ့သို့ အပြတ်အသတ်၊ တောင်ပြိုကမ်းပြို၊ ပက်ပက်စက်စက် နိုင်လိမ့်မည်ဟူသည်မှာ မသေချာသော အခြေအနေတစ်ရပ် ဖြစ်သည်ကို ဒေါ်စုကိုယ်တိုင် သိရှိနေပါသည်။ ယခုလို အတိုက်အခံ အခြေအနေမျိုးမှာပင် ထိုမျှအထိ သဘောထား တင်းမာနေပါလျှင် အာဏာရရှိသွားပါက ယခုထက် ပိုမိုတင်းမာသော အနေအထားမျိုး ဖြစ်လာနိုင်ပါသည်။

လိုရင်းကို ပြန်ဆက်ရလျှင် ဒေါ်စုသည် တပ်မတော်နှင့် ပြည်သူကို အတိအလင်းပင် ထိပ်တိုက်တွေ့ဆုံရေး လမ်းကြောင်းပေါ်သို့ တင်ပေးနေပါသည်။ ပြည်သူနှင့် တပ်မတော်ကို အတိအလင်း သွေးခွဲနေပါသည်။ ထိုအချက်သည် မြန်မာ့နိုင်ငံရေးအတွက် ကောင်းလှသည်မဟုတ်ပါ။ တွေးကြည့်လေ စိုးရိမ်ရလေ ဖြစ်ပါသည်။ တကယ်တမ်း ဖြစ်လာပြီဟေ့ဆိုလျှင် နစ်နာကြရသည်က ပြည်သူများ ဖြစ်ကြပါသည်။ ပြည်သူကို နောက်ထပ် ၈၈ အဖြစ်ဆိုးမျိုးထဲသို့ တွန်းမပို့ကြရန် တောင်းပန်လိုပါသည်။

ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ရရှိထားသည့် ဒေါ်စုအနေဖြင့် မိမိနိုင်ငံ တပ်မတော်နှင့် မိမိပြည်သူများကို ရန်တိုက်ပေးခြင်းဖြင့် မည်သည့် နိုင်ငံရေးအကျိုးအမြတ်များ ရရှိနိုင်သနည်းဟု မေးခွန်းထုတ်လိုပါသည်။ ၂၀၁၅ ခုနှစ်တွင် မိမိအာဏာရရှိရေးအတွက် မဖြစ်နိုင်တော့သည့် အခြေအနေတစ်ရပ်အပေါ် မကျေနပ်သည့် စိတ်အခံဖြင့် နိုင်ငံရေးအသိ နည်းပါးနေသေးသည့် ပြည်သူများကို စစ်တုရင် နယ်ရုပ်များပမာ သဘောထား၍ ကစားကွက် မရွှေ့သင့်တော့ပါကြောင်း တောင်းပန်လိုပါသည်။

အချိန်အားရလျှင် ကျွန်တော့်အမြင်များကို ထပ်မံ၍ သီးသန့်ရေးသားလိုပါသည်။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ

No comments:

Post a Comment