Saturday, January 11, 2014

အမျိုးသမီး ဒုဗိုလ်မှူးကြီးနှစ်ဦး ပထမဆုံးအကြိမ် လွှတ်တော်အတွင်းရောက်

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ 
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က 
အမည်စာရင်း တင်သွင်းပေးရသော 
တပ်မတော်သား လွှတ်တော်ကိုယ်စား
လှယ်များ နေရာတွင် ဒုတိယ ဗိုလ်မှူးကြီး
အဆင့်ရှိ အမျိုးသမီးနှစ်ဦးကို 
တပ်မတော်က ပထမဆုံးအကြိမ်
 ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
အဖြစ် တာဝန်ပေးအပ်ကြောင်း 

ဇန်နဝါရီလ ၁၀ ရက်နေ့ထုတ် အစိုးရပိုင် မီဒီယာများတွင် ဖော်ပြပါရှိသည်။ 
အဆိုပါ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်နှစ်ဦးမှာ ဒုတိယဗိုလ်မှူးကြီး ဒေါ်စိုးစိုးမြင့် (ကြည်း/၂၅၅၀၄)  နှင့် ဒုတိယဗိုလ်မှူးကြီး ဒေါ်စန်းသီတာခင် (ကြည်း/၂၆၀၇၀) တို့ဖြစ်ပြီး ဗိုလ်မှူးထွန်းထွန်းဝင်း (ကြည်း/၂၇၂၉၁)နှင့် ဗိုလ်မှူးကျော်ကျော်သက် (ကြည်း/၃၃၁၄၄) တို့၏ နေ ရာ တွင် အစားထိုး ပြောင်းလဲခြင်းဖြစ်ကြောင်း အဆိုပါ မီဒီယာများတွင် ဖော်ပြ ထား သည်။
 ပြည်သူ့လွှတ်တော်အတွက် အစားထိုးပြောင်းလဲသည့် ကိုယ်စားလှယ် အခြားနှစ်ဦးမှာ ဗိုလ်မှူးဆွေလင်မြင့် (ကြည်း ၃၁၅၈၅)နှင့် ဗိုလ်မှူးတင့်လွင် (ကြည်း ၃၂၄၀၂) တို့ဖြစ်ပြီး ၎င်းတို့လေးဦးကို ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နှင့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့က ပြည်သူ့လွှတ်တော်တွင် အစားထိုး အမည်တင်သွင်းထားခြင်းဖြစ်ကြောင်း အထက်ပါ ကြေညာချက်တွင် ဖော်ပြပါရှိသည်။ ထို့အတူ အမျိုးသားလွှတ်တော်အတွက် ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့ ရက်စွဲပါ ကြေညာချက်အမှတ် ၂/၂၀၁၁ တွင်ဖော်ပြပါရှိသည့် ဗိုလ်မှူးကြီးမောင်မောင်ထူး (ကြည်း ၁၈၉၇၇)၊ ဗိုလ်မှူးကျော်သူ (ကြည်း ၂၇၃၃၁)နှင့် ဗိုလ်မှူးနိုင်နိုင်ဝင်း (ကြည်း ၃၀၈၅၈)တို့ အစား ဒုတိယဗိုလ်မှူးကြီး မင်းသူ (ကြည်း ၂၇၁၉၁)၊ ဗိုလ်မှူးဇော်လင်းအောင်(ကြည်း ၃၂၄၇၅) နှင့် ဗိုလ်မှူး မျိုးမောင်သိန်း (ကြည်း ၃၃၅၁၈) တို့သုံးဦးကို အစားထိုးပြောင်းလဲခဲ့သည်။ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီမှစတင် ခေါ်ယူခဲ့သော လွှတ်တော်သက်တမ်း ၂နှစ်ခွဲ ကာလအတွင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ မကြာခဏ တာဝန်အပြောင်းအလဲ ပြုလုပ်လေ့ရှိသော်လည်း အမျိုးသမီး တပ်မတော်သားများ ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် တာဝန်ပေးအပ်ခြင်း ပထမဆုံးအကြိမ် ဖြစ်သည်။


No comments:

Post a Comment