Thursday, January 23, 2014

ရေကူးကန်အတွင်း သေဆုံးခဲ့သည့် Mister University Myanmar ပြိုင်ပွဲဝင် ကျော်ဇောဟိန်း ဖြစ်စဉ် အကျဉ်း ထုတ်ပြန်၊

ဇန်န၀ါရီလ ၂၁ရက်နေ့ ည သန်းခေါင်ကျော် အချိန်တွင် စခန်းသွင်း လေ့ကျင့်နေသည့် ဟိုတယ်ရေကူးကန်တွင် သေ ဆုံးနေသော ကောင်းမြတ်ဟိန်း၏
 ဖြစ်စဉ် အကျဉ်းအား ဖော်ပြအပ်ပါသည်။

မနက်ပိုင်း ခရီးစဉ်များ
=====================
၂၁ရက်နေ့မနက်ပိုင်း မှ ညနေ ၅နာရီ အထိမနက် ၇နာရီခွဲတွင် ဟိုတယ်မှထွက်ခွာကာ မှော်ဘီမြို့ရှိ အရှင်ဆေကိန္ဒတောရ ကျောင်းအား သွားရောက်လည်ပါတ်ခြင်း၊ ဘုန်းဘုန်း၏ တရားနာယူကာ ဆွေးနွေးမေးမြန်း ကြခြင်း၊ အဆိုပါ ကျောင်းတွင် နေ့လည်စာ စားခြင်းတို့ ဆောင်ရွက်ခဲ့ကြပါသည်။
နေ့လည်ပိုင်းတွင် မေတ္တာဖြည့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းရှိ ကျောင်းသားကျောင်းသူ ၄၀၀ကျော်အား နေ့လည်စာ ကျွေးမွေးခြင်း၊ စာရေးကိရိယာများ ပေးဝေခြင်း၊ ပျော်ရွှင်ဖွယ်ရာ ကစားနည်းများ ဆော့ကစားခြင်းတို့ ဆောင်ရွက်ခဲ့ကြပါသည်။
ညနေ ၂နာရီတွင် နည်းပညာ တက္ကသိုလ် မှော်ဘီတွင် အဆိုပါကျောင်းမှ ကျာင်းသားကျောင်းသူ များနှင့် ပူးပေါင်း ကာ အရိပ်ရနှင့် အလှပင် ၈၀ကျော်ကို စိုက်ပျိုးခဲ့ကြပါသည်။

ညနေ ၃နာရီတွင် အောင်ဇမ္မူတောရ ကျောင်းရှိ ရှေးဟောင်း ရုပ်ပွားတော်များကို သွားရောက် ဖူးမျှော်ခဲ့ကြပြီး၊ ညနေ ၅နာရီ ပါတ်ဝန်းကျင်တွင် ဟိုတယ်သို့ ပြန်လည် ရောက်ရှိခဲ့ကြပါသည်။
====================================
အဆိုပါ ခရီးစဉ်တစ်လျှောက်တွင် ကျော်ဇောဟိန်း ပါဝင်ခဲ့ပါသည်။

အားလပ်ချိန်
ညနေ ၆နာရီ ဟိုတယ် သင်တန်းတက်ရောက်ရမည် ဖြစ်သည့်အတွက် ပြိုင်ပွဲဝင်များအား ရေချိုး အနား ယူ ရန် အားလပ်ချိန် ပေးခဲ့ပါသည်။ အဆိုပါ အချိန်တွင် Organizer အဖွဲ့နှစ်ဖွဲ့ တာဝန် လွှဲပြောင်းခဲ့ကြပါသည်။
*****၅နာရီခွဲ ပါတ်ဝန်းကျင် အချိန်တွင် သေဆုံးသူ၏မိဘနှစ်ပါးမှ သေဆုံးသူအားလာရောက် တွေ့ ဆုံခဲ့ပါသည်။
(အဆိုပါ အားလပ်ချိန်တွင် ဟိုတယ်မှ ရေကူးကန်အား ဆေးအသစ် ခပ်ထားသည့်အတွက် မကူးရန် တားမြစ်ထားသော်လည်း ကျောင်းသားကျောင်းသူများမှ Camp နောက်ဆုံးနေ့ဖြစ်သည့်အတွက် စိတ်အားထက်သန်စွာ ရေကူးလိုကြသဖြင့် ၀ိုင်းဝန်းပူစာကာ ရေဆင်းကူးကြပါသည်။)
ရေကူးနေစဉ်တွင် သေဆုံးသူလည်း ပါဝင်ရေကူးခဲ့ကြောင်း ဓာတ်ပုံမှတ်တမ်းများ အရ တွေ့ရှိရ ပါသည်။ သို့သော် သူသည် ရေကူးခြင်းအား စတင်သင်ကြားနေဆဲဖြစ်ပြီး ကျွမ်းကျင်ပိုင်နိုင်စွာ မကူးတက်သေးကြောင်း မိဘနှစ်ပါးနှင့် သူငယ်ချင်းမှ ပြောဆိုကြပါသည်။

သင်တန်းကျင်းပခြင်း
--------------
၆နာရီ သင်တန်း စမည့်အချိန်တွင် ကျောင်းသားကျောင်းသူများအား ရေကူးကန်မှ အားလုံးထွက် ခွာ သွားကြကြောင်း၊ ကန်အတွင်း မည်သူမှ ကျန်ခဲ့ခြင်းမရှိစေရန် စစ်ဆေးခဲ့ကြပါသည်။

၆နာရီခွဲဝင်းကျင်းတွင်သင်တန်းစတင်သင်ကြားခဲ့ပြီး ကျောင်းသားကျောင်းသူများသည်လည်း   နောက်ကြသောသူ၊ အ၀င်အထွက် လုပ်သူများရှိသဖြင့် လူဦးရေ စစ်ဆေးခြင်းကို ကောင်းစွာ မလုပ်နိုင်ခဲ့ဘဲ အဆိုပါ သင်တန်းပြီးချိန်ထိ သေဆုံးသူ ရောက်လာခဲ့ခြင်း မရှိဟု သိရှိရပါသည်။ ညစာစားပွဲအား ည၈နာရီတွင် Yangon International ၀င်းရှိ SportBar2 တွင် စီစဉ်ထားသော်လည်း၊ သင်တန်းသည် ၈နာရီကျော်တွင်သာပြီးသဖြင့် နောက်ကြနေပြီ ဖြစ်သဖြင့် Organizer အဖွဲ့မှ အလောတလျှင် ထွက်ခွာရန် ပြင်ဆင်ခဲ့ကြပါသည်။ အဆိုပါ အချိန်တွင် သေဆုံးသူအား ၀ိုင်းဝန်း ဖုန်း ဆက်သွယ် အကြောင်းကြားသော်လည်း ဆက်သွယ်လို့ မရရှိခဲ့ပါ။
================================
မိဘတွေ လာရောက်တွေဆုံခဲ့တယ်ငါပင်ပန်းနေပြီ ညဘက် ဆက်မလိုက်တော့ဘူး၊ကောင်မလေး နဲ့ စကားများထားတယ် သွားတွေ့ရမယ်၊နေသိပ်မကောင်းဘူး စသည့်

သေဆုံးသူ၏ ပြောဆိုချက် စကားများကြောင့် သူငယ်ချင်းများမှ Organizer များကို အကြောင်း မကြားဘဲ အခန်းတွင်လည်းမရှိဘဲ တနေရာရာတွင် ရှိနေလိမ့်မည်ဟု ယူဆမိခဲ့ကြပါသည်။ Organizer များတွင် ရှိနေသည့် ဖုန်း၂လုံးအား ဆက်သော်လည်း ပြန်လည်ကိုင်ခဲ့ခြင်း မရှိခဲ့ပေ။ (ယခင်အဆင့်များတွင် ပြိုင်ပွဲဝင်များမှ ဘာမှ ပြောဆိုခြင်းမပြုဘဲ ဖုန်းဆက်သွယ်မှုကို မကိုင်ဘဲ ပြိုင်ပွဲမှ ထွက်ခွာသွားမှုများ ရှိခဲ့ဖူးပါသည်။)
================================
ညစာစားပွဲ ကျင်းပခြင်း
===========
*****၈နာရီ ၀န်းကျင်တွင် စာသင်ခန်းမှ တိုက်ရိုက် ကားပေါ်တက်ကာ ထွက်ခွာခဲ့ကြသည့် အချိန် တွင် Organizer များထံတွင်လည်း သေဆုံးသူ၏ ဖုန်းနံပါတ် ၂ခုသာ ရှိနေခဲ့ပါသည်။
ည ၉ နာရီ ၀န်းကျင်တွင် Sport Bar 2 တွင် ညနေစာ စားနေစဉ်လည်း သေဆုံးသူ၏ မိတ်ဆွေများ၊ မိန်းကလေး သူငယ်ချင်းများကို ပြိုင်ပွဲဝင်များမှ ဖုန်းဖြင့် ဆက်သွယ်မေးမြန်း ခဲ့ကြပါသည်။ Organizer အဖွဲ့မှလည်း ဟိုတယ်မှ တာဝန်ရှိသူများထံ အခန်းများနှင့် ဟိုတယ်ပါတ်ဝန်းကျင်တွင် ရှိမရှိ ရှာဖွေပေးရန် အကြောင်းကြားခဲ့ပြီး ရှာဖွေသော်လည်း မတွေ့ရှိခဲ့ပါ။

Private Party ကျင်းပခြင်း
=============
ည ၁၀နာရီခွဲဝန်းကျင်တွင် ပြိုင်ပွဲဝင်များအတွက် Private Party အား Pioneer တွင် ကျင်းပခဲ့ပါ သည်။ အဆိုပါ Party အတွက် Pioneer မှ ပိုင်ရှင်၊ Sport Bar2 မှ ပိုင်ရှင်၊ Organizer အဖွဲ့မှ CEO နှင့်တကွ Organizer အဖွဲ့မှ တာဝန်ရှိသူများ အားလုံး လုံခြုံရေးအား အထူးဂရုစိုက်ကာ ပို့ဆောင်ပေးခဲ့ပါသည်။ Party ရှိ လုံခြုံရေး အထူးအဖွဲ့မှလည်း ပြိုင်ပွဲဝင်များအား ၀န်းရံထားကာ အထပ်ထပ် သီးသန့် ကာကွယ်ပေးခဲ့ကြ ပါသည်။ Mister များမှလည်း Miss များအား တစ်ဦးစီ တာဝန်ယူ ထိန်းသိမ်းကြသည့် အပြင်၊ အခြားသူများနှင့် ရောနှောမသွားစေရန် ထပ်မံကာကွယ်ကာ Fairway Party အား စနစ်တကျ ကျင်းပခဲ့ကြပါသည်။ Mister and Miss များဖြစ်သည့်အတွက် အရက်နှင့် အရက်ပါဝင်သော မည်သည့် အသောက်အစားမှ သောက်သုံးခြင်း မရှိခဲ့ကြသလို မည်သည့် ဆိုးရွားသည့် အပြုအမူမျိုးမျှလည်း ပြိုင်ပွဲဝင်များမှ လုပ်ဆောင်ခဲ့ခြင်းမရှိပါ။

ဟိုတယ်တွင် ထပ်မံ ရှာဖွေခြင်း
===============
အဆိုပါ Party သည် ဖုန်းမပြောဆိုနိုင်သည့်အတွက် ၁၁နာရီ ခွဲအထိ ဆက်သွယ်နိုင်ခဲ့ခြင်းမရှိဘဲ ဟိုတယ်အား ပြန်ရောက်သည့် ၁၂နာရီ ကျော်မှသာ ထပ်မံ ရှာဖွေသည့် အချိန်တွင် ရေကန် အတွင်း သေဆုံးနေသူ တစ်ဦး တွေ့ရှိကြောင်း ဟိုတယ် လုံခြုံရေးမှ အကြောင်းကြားလာသဖြင့် လုပ်ထုံးလုပ်နည်းများနှင့်တကွ ဟိုတယ်မှ တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြပါသည်။ Organizer အဖွဲ့မှ CEO ဖြစ်သူလည်း ၁နာရီ ကျော်တွင် ဟိုတယ်သို့ ရောက်ရှိခဲ့ပါသည်။

ညဘက် ရေအောက်တွင် ဖြစ်သည့်အတွက် မည်သူုဖြစ်သည်ကို တက်အပ်ပြောဆိုရန် မဖြစ်နိုင်သေး သဖြင့် ရေပေါ်သို့ ရောက်ရှိသည့် ၃နာရီကျော်သည့် အချိန်အထိ မည်သူ့ကိုမျှ အကြောင်းကြားနိုင် ခဲ့ခြင်းမရှိပါ။ ရဲအဖွဲ့အား ခေါ်ဆိုရခြင်း၊ ရေပေါ်သို့ ဆယ်ဆင်ပေးရန် လူရှာဖွေရခြင်း၊ ပို့ဆောင်ရန် ကားများစီစဉ်ရခြင်း စသည့်အချက်များကြောင့် ၃နာရီကျော်မှသာ မည်သူဖြစ်သည်ကို တက်အပ် သိရှိနိုင်ခဲ့ပါသည်။

ဆက်သွယ်အကြောင်းကြားခြင်း
================
Organizer များမှလည်း ပြိုင်ပွဲဝင်များ၏ Application Form တွင် အရေးပေါ်ဆက်သွယ်ရန် လိပ်စာထ ည့်သွင်းထားသည့်အတွက် အဆိုပါ ဖုန်းနံပါတ်နှင့် လိပ်စာကို ရယူပြီး ရဲအဖွဲ့သို့ ပေးအပ် ကာ သွားရောက်အကြောင်းကြား ပေးနိုင်ရန် စီစဉ်ပေးခဲ့ပါသည်။ လိပ်စာသည် နှစ်ခု ဖြစ်သည့် အတွက် Organizer များ၊ ဟိုတယ်မှ တာဝန်ရှိသူများ၊ ရဲအဖွဲ့ဝင်များ ပါဝင်သည့် အဖွဲ့ ၂ဖွဲ့ခွဲဟာ အိမ်တိုင်ရာရောက် အကြောင်းကြားရန် ဟိုတယ်မှ ၃နာရီ ခွဲတွင် ထွက်ခွာလာကာ ၄နာရီ ၀န်းကျင် တွင် ပထမလိပ်စာဖြစ်သည့် တောင်ဥက္ကလာနေအိပ်သို့ ရှာဖွေကာ ရောက်ရှိခါနီး အချိန်တွင် ရဲအဖွဲ့မှ ဦးစွာ ဆက်သွယ်ရရှိသဖြင့် မိဘများအား အကြောင်းမကြားရန် တားမြစ်လာသည့်အတွက် အိမ်သို့ မ၀င်ခဲ့ဘဲ ယာဉ်တွင်ပါဝင်လာသည့် CEO ဖြစ်သူမှ အစ်မဖြစ်သူအား ဖုန်းဖြင့်ဆက်သွယ် အကြောင်းကြားကာ ဟိုတယ်သို့ ပြန်လည် ထွက်ခွာခဲ့ကြပါသည်။

အချုပ်ဆိုရလျှင်
၁။ သေဆုံးသူ၏ အလောင်းအား တွေ့ရှိချိန်တွင် ရေကူးရန် အကျီဝတ်ဆင်ထားခြင်း မရှိဘဲ၊ ဘောင်းဘီ အတိုနှင့် ဖြစ်ပြီး ဖိနပ်လည်း ကန်ဘောင်တွင် မရှိပါ။
၂။ ရေကူးဘောင်းဘီသည်လည်း ပထမ အဖွဲ့လိုက် ရေဆင်းကူးသည့်အချိန်တွင် ၀တ်ဆင်ထား သည့် ဘောင်းဘီ မဟုတ်ဘဲ ကွဲလွဲနေသည်ဟု သိရပါသည်။
၃။ ရေကန်ပါတ်ခြာလည်တွင် ဟိုတယ်အခန်းများ ရှိပါသည်။
၎။ ရေကန် အနီး ၀င်ပေါက်တွင် Bell Boy Counter တစ်ခုရှိပါသည်။
၅။ ရေကူးကန်သို့ CCTV ရိုက်ကူးထားခြင်း မရှိပါ။
၆။ ရေကူးကန်သည် ၅ပေမှ ၁၀ပေ အထိနက်သော ရေကန်ဖြစ်ပါသည်။
၇။ ညနေ သင်တန်းတွင်လည်း မပါဝင်၊ Dinner တွင်လည်း မပါဝင်၊ Party တွင်လည်း မပါဝင်ပါ။ (Party တွင်လည်း အရက်သောက်ခွင့်မပြုပါ။)
၈။ ရေပေါ်သို့ မရောက်သေးခင် မည်သူဖြစ်သည်ဟု တပ်အပ် မပြောနိုင်ပါ။
၈။ သေဆုံးသူ၏ ကိုယ် ဦးခေါင်းနှင့် ပြင်ပတွင်လည်း ထိခိုက်ထားမှု မတွေ့ရှိရပါ။
၉။ ဟိုတယ်တွင် ၃ယောက် တစ်ခန်း နေထိုင်ကြရပါသည်။
၁၀။ ပုံမှန်နေ့များ ည၁၀နာရီ ၀န်းကျင် အခန်းများသို့ လိုက်လံ စစ်ဆေးပါသည်။
၁၁။ ည ၁၀နာရီကျော်တွင် အခန်းအပြင်သို့ ထွက်ခွင့်မပြုပါ။
၁၂။ Organizer အဖွဲ့ တစ်ဖွဲ့မှလည်း ရေမကူးရန် တားမြစ်ထားပြီး၊ ဟိုတယ်မှလည်း မကူးသေးရန် တားမြစ်ထားသည်။
၁၃။ ပြိုင်ပွဲဝင်များ ရေကူးခြင်းသည် အားလပ်ချိန်တွင် ကူးခဲ့ကြခြင်း ဖြစ်သည်။ သို့သော် ဟိုတယ် လုံခြုံရေးနှင့် Organizer များမှ တစ်ဦး ကြီးကြပ်စောင့်လျှောက်ခဲ့ပါသည်။
အသေးစိတ်အချက်အလက်များနှင့် ဆေးစစ်ချက်များကို မကြာမီ ထုတ်ပြန်ပေးသွားမည် ဖြစ်ပြီး သတင်းစာရှင်းလင်းပွဲကိုလည်း ထပ်မံ ပြုလုပ်ပေးသွားမည် ဖြစ်ပါသည်။
၂၁ရက်နေ့ ညသန်းခေါင်အချိန်မှ စတင်ကာ ရဲတပ်ဖွဲ့ များ CID များမှ မေးမြန်းသည်များကို ပြိုင်ပွဲ ၀င်များ အုပ်ချုပ်သူများ၊ ဟိုတယ်မှ တာဝန်ရှိသူများမှ ၂၂ရက်နေ့ ည၁၁နာရီကျော်သည်အထိ ၂၄ နာရီကျော် ထွက်ဆို ဖြေကြားခဲ့ကြပြီး ဖြစ်စဉ်အသေးစိတ်ကို ဆက်လက် စစ်ဆေးသွားမည် ဖြစ် ပါသည်။
By https://www.facebook.com/missuniversitymyanmar

No comments:

Post a Comment