Saturday, January 18, 2014

ဘန်ကောက်တွင် အတိုက်အခံများ ဆန္ဒပြသည့် နေရာတစ်ခုကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရပြီး ဆန္ဒပြသူ ၃၁ ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အတိုက်အခံများ ချီတက်ဆန္ဒပြသည့် နေရာတစ်ခု၌ အဆောက် အဦး တစ်ခုပေါ်မှ ပစ်လိုက်သော လက်ပစ်ဗုံးပေါက်ကွဲမှုကြောင့် ဇန်နဝါရီလ ၁၇ရက်က ဆန္ဒပြသူ ၃၁ ဦး ဒဏ်ရာ ရရှိသွားခဲ့ကြောင်း ထိုင်းနိုင်ငံအခြေစိုက် ဘန်ကောက်ပို့စ် သတင်းစာက ရေး သားဖော်ပြထားသည်။
ကြားဖြတ်အစိုးရအဖွဲ့၏ ဝန်ကြီးချုပ် ယင်လပ်ရှင်နာဝပ် နှုတ်ထွက်ပေးရေးအတွက်၊ အတိုက်အခံ အဖွဲ့ဖြစ် သည့် ပြည်သူ့ ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေး ကော်မတီ (PDRC)သည် ဘန်ကောက်မြို့ရှိ အချက် အချာကျသော လမ်းများကို ပိတ်ဆို့၍ ဆက်လက်ဆန္ဒပြလျက်ရှိရာ၊ အကြမ်းဖက်မှုများ ပိုမိုဖြစ်ပွားလာ မည်ကို စိုးရိမ်ပူပန်မှုများလည်း ရှိနေသည်။
PDRC ခေါင်းဆောင် ဆူသက် (Suthep) ဦးဆောင်သော ဆန္ဒပြသူများသည် Lumpini (လုမ္ပနီ) ဥယျာဉ် ဘက်မှ နေ၍ စီးလုံ၊ စီဖရယာ နှင့် Banthat Thong လမ်းများသို့ ချီတက် လာခဲ့ကြ ရာ မွန်းလွဲ ၁နာရီခန့် တွင် ခေါင်းဆောင် ဆူသက် နှင့် မီတာ ၂၀၀ခန့် အကွာ၌ ဗုံးပေါက် ကွဲ ခဲ့ခြင်း  ဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ရေးသားဖော်ပြထားသည်။

ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ နေရာမှ နေ၍ မစ္စတာ ဆူသက်အား သူ၏ လုံခြုံရေးဝန်ထမ်းများက သပိတ်စခန်း တစ်ခုဆီသို့ စောင့်ရှောက် ပို့ဆောင်ပေးခဲ့ကြောင်း၊ ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ Akanat Promphan က အေအက်ဖ်ပီ သတင်းဌာနကို ပြောကြားခဲ့သည်။

ထို့နောက်တွင်၊ လက်ပစ်ဗုံး ပစ်သူရှိခဲ့သည့် အဆောက်အဦးဟု မျက်မြင်သက်သေ ဆိုသူ များက ပြောခဲ့ကြ သည့် အဆောက်အဦး တစ်ခုပေါ်သို့ လုံခြုံရေးဝန်ထမ်းများနှင့် တပ်မတော် သားများက ဝင်ရောက်ရှာဖွေခဲ့ကြကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ရေးသား ဖော်ပြ ထား သည်။ ဗုံးဖြင့်ပစ်သူကို ရှာဖွေရေးအတွက် အဆောက်အဦး အတွင်းသို့ ဝင်ရောက်ခဲ့ကြ သည့် PDRC ၏ လုံခြုံရေး ဝန်ထမ်းများသည်၊ ရဲများကိုမူ အတူတကွ ဝင်ရောက်ရှာဖွေခွင့် မပြုခဲ့ပေ။ သက်သေ အထောက်အထားများကို ရဲများက ဖျောက်ဖျက်ပစ်ရန် ကြိုးစားမည်ကို စိုးရိမ်သဖြင့် ရဲများကိုဝင်ခွင့် မပြုရခြင်း ဖြစ်ကြောင်း PDRC ၏ လံခြုံရေး ဝန်ထမ်းများက အကြောင်းပြခဲ့ကြသည်။

ပေါက်ကွဲမှု ဖြစ်ပွါးရာ နေရာသို့ ရဲများ ရောက်ရှိသွားခဲ့သည့် အခါ၌လည်း ဆန္ဒပြသူများက ရဲများ ကို လှောင်ပြောင် သရော်ခဲ့ကြသည်ဟု ဘန်ကောက်ပို့စ် သတင်းထောက် တစ်ဦးက ဆိုသည်။

တိုက်ခိုက်မှု ဖြစ်ပွါးသည့် အချိန်တွင် ထိုအဆောက်အဦးပေါ်၌ လူတစ်ဦးကို ဆန္ဒပြသူများက မြင်လိုက်ရပြီး၊ ထိုသူမှာ ထိုနေရာမှ အလျင်အမြန် ထွက်ခွာသွားခဲ့ကြောင်း ၄င်းတို့က ဆိုကြသည်။

ထိုအဆောက်အဦးထဲရှိ အခန်းတစ်ခုထဲတွင် ကျည်ထည့်ထားသော သေနတ်များ၊ စားစရာများ၊ စားစရာ ထည့်သော ဗူးခွံများ၊ မျက်နှာသုတ်ပုဝါများနှင့် ရေခဲသေတ္တာ တစ်လုံး အပြင်၊ လူကြာရှည်စွာနေထိုင် ခဲ့ကြောင်း အခြားအထောက်အထားများ ရှိနေသည်ကို BlueSky ရုပ်သံလွှင့်ဌာနက ထုတ်လွှင့်ပြသခဲ့ သည်။ ဝေါ်ကီတော်ကီ (လမ်းလျှောက် စကားပြောစက်) များ ကိုလည်း အခန်းထဲတွင် တွေ့ခဲ့ရသည်ဟု ဆိုသည်။ ရဲတပ်ဖွဲ့ တံဆိပ် နှစ်ခုနှင့် ဝေါ်ကီတော်ကီ လေးလုံးကို တွေ့ရှိခဲ့ရသည်ဟု ဘန်ကောက်ပို့စ် သတင်းထောက် တစ်ဦးက ပြောကြားခဲ့သည်။

No comments:

Post a Comment