Friday, January 24, 2014

၂၀၀၈ ဖွဲ့စည်းပုံပါ နည်းလမ်းအတိုင်းသာ ပြင်ဆင်ရေးဆောင်ရွက်နိုင်မည်ဟု အာဏာရပါတီပြော

ပြင်ဆင်ရခက်စေရန် ပြဋ္ဌာန်းထားသည်ဟု ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံရေးအင်အားစုများနှင့် နိုင်ငံ တကာကပါ ဝေဖန်ထားသည့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံကို ပြင်ဆင်လိုလျှင် ယင်းပါ နည်းလမ်းအတိုင်း သာ ဆောင်ရွက်နိုင်မည်ဟု အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ဇန်န၀ါရီ ၂၃ ရက်တွင် မဇိ္ဈမကိုပြောသည်။
“ဒီနည်းလမ်းကို ကျော်လွန်ပြီးတော့ လွှတ်တော်က လုပ်ဆောင်လို့ရတဲ့ အနေအထား မရှိပါဘူး” ဟု နေ ပြည်တော် လွှတ်တော်ဝန်းအတွင်းရှိ ဇမ္ဗူသီရိခန်းမဆောင်၌ မီဒီယာတို့နှင့် တွေ့ဆုံစဉ် သူရဦးရွှေမန်းက ပြောခြင်းဖြစ်သည်။ ဖွဲ့စည်းပုံပြင်ဆင်ရေး အစဉ်တစိုက် ဆောင်ရွက်နေသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြင်ရန်ခက်ခဲစေ မည့် ပြဋ္ဌာန်း
ချက်ကို ပြင်ဆင်ရေးဦးစွာ ဆောင် ရွက်ရန်လိုသည်ဟု ၂၀၁၃ ခုနှစ် အတွင်း မီဒီယာများနှင့် တွေ့ဆုံ စဉ် အကြိမ်ကြိမ် ပြောဆိုထားပြီး ဖြစ် သည်။
သို့သော်၂၀၀၈ဖွဲ့စည်းပုံပါ ပြဋ္ဌာန်းချက်အရယင်းကို ပြင်ဆင်လိုလျှင်ဥပဒေကြမ်းတစ်ခုအဖြစ်  ပြည် 
 ထောင်စု လွှတ်တော်သို့ တင်သွင်းရပြီး ၇၅ ရာခိုင်နှုန်းသော ကိုယ်စားလှယ်များ၏ ထောက်ခံမှုရ ရန်လည်း လိုအပ်သည်။ ထို့ပြင် လူထုဆန္ဒခံယူပွဲ ကျင်းပ၍ အတည်ပြုရမည်လည်း ဖြစ်သည်။ ယင်းသည် ပြင်ဆင်ရ ခက်ခဲစေသည်ဟု ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းကလည်း ထုတ်ဖော်ပြောဆိုထားသည်။
ထို့ပြင် ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီသို့ အကြံပြုထားရာတွင်လည်း ၎င်းတို့က ယင်းအချက်ကို အဓိကထား ထောက်ပြ ထားသည်။ “ပြုပြင်ဖို့မလွယ်တဲ့ အခြေခံဥပဒေရှိတဲ့ နိုင်ငံတစ်နိုင်ငံဟာ သွေးထွက်သံယိုမှုတွေ၊ လက် နက်ကိုင်ဖြေရှင်း မှုတွေနဲ့ ဖြေရှင်းရတတ်တဲ့ သာဓကတွေ ရှိခဲ့တယ်။ ဒါကြောင့် နောင်လာနောက်သားတွေအတွက် ပြုပြင်ရ လွယ်ကူတဲ့ အခြေခံဥပဒေ တစ်ခုဖြစ်ဖို့ အကြံပြုတာပါ” ဟု လူထုဆက်ဆံရေးဌာန တာဝန်ခံ ဦးဂျင်မီက မဇိ္ဈမကို ပြောဖူးသည်။
လွှတ်တော်တွင်း အင်အားအကြီးဆုံးနှင့် အစိုးရပါဖွဲ့ထားနိုင်သည့် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌကမူ သူ့အနေဖြင့် ဆိုပါက တိုင်းရင်းသားအရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဦးတည်သည်များအား ဖွဲ့စည်းပုံ ပြင် ဆင်ရေးတွင် ဦးစားပေးစဉ်းစားမည်ဟု ပြောသည်။ ထို့ပြင် ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးအတွက်အခက် အခဲ၊ အနှောင့်အယှက် အဟန့်အတားများနှင့် နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံများကို ပြင်ဆင်ရန် ဆန္ဒရှိ သည်ဟု ဆိုသည်။
သူရဦးရွှေမန်းက “တိုင်းရင်းသားများ ဒီနေ့တောင်းဆိုနေတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် တန်းတူညီမျှ အခွင့်အရေးများနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်များဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ အမှန် တကယ်ပြင်ဖို့ လိုအပ်နေတယ်ဆိုရင် ပထမ ဦးစားပေးသွားမှာ ဖြစ်ပါတယ်” ဟု မဇိ္ဈမကို ပြောသည်။
တိုင်းရင်းသားများဘက်ကမူ လက်ရှိ ဖွဲ့စည်းပုံ၏ လုပ်ငန်းစဉ်များအတိုင်းသာ ဆောင်ရွက်မည်ဆိုလျှင် အများယုံကြည် လက်ခံနိုင်သည့် အခြေခံဥပဒေ ပြင်ဆင် ပြောင်းလဲရေး မဖြစ်ဟုပြောသည်။ “ အားလုံး ဆန္ဒတွေ ဖွဲ့စည်းပုံမှာပေါ်လွင်ဖို့ နိုင်ငံရေးသဘောတူညီချက်ရယူပြီးတော့ အားလုံးပြင်ရင်ပြင် ပြန်ရေးရင် ရေး၊ ဒီအတိုင်းဆိုရင်တော့ တိုင်းရင်းသားတွေ လိုအပ်ချက်တွေ တောင်းဆိုတာတွေက အပြည့်အ၀ရ လာနိုင်မယ် မထင်ဘူး” ဟု ကရင်အမျိုးသား အစည်းအရုံး (KNU)မှ တွဲဖက်အတွင်းရေးမှူး(၂)နှင့် တိုင်း ရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)မှ ဖဒိုမန်းမန်းက ယခုနှစ်ဆန်းပိုင်းအတွင်း မဇိ္ဈမကို ပြော ထားသည်။
လက်ရှိတွင် အာဏာရပြည်ခိုင်ဖြိုးပါတီက ၂၀၀၈ ဖွဲ့စည်းပုံကို လေ့လာသုံးသပ်ရန် ပြည်ထောင်စု လွှတ် တော်၌ ပူးပေါင်းကော်မတီ ဖွဲ့ပေးထားသည်။ ထို့နောက် အင်အားစုအသီးသီးထံမှ အကြံပြုချက်များ တောင်းခံကာ စိစစ်ဆောင်ရွက်နေသည်။ အကြံပြုချက်များကို တစ်ခုမျှ ချန်ထားမည် မဟုတ်ဘဲ လွှတ် တော်သို့ တူရာများစုစည်းတင်ပြရန်သာ တာဝန်ယူထားသည်ဟု ပူးပေါင်းကော်မတီ အတွင်းရေးမှူးက ပြောဆိုထားသည်။ ယင်းနောက် ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်ဖြင့် ဆက်လက်ဆောင်ရွက်ရန် စီစဉ်ထားခြင်း ဖြစ်သည်။
၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်အရဆိုလျှင် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ် ၃၈၈ ဦး ပြည်ထောင်စု လွှတ်တော်အတွင်း၌ ရှိသည်။ ထို့ပြင် စုစုပေါင်း ၆၆၄ ဦးရှိရမည့် ပြည်ထောင်စုလွှတ်တော် အတွင်းတွင် ရွေးကောက်ခံမဟုတ်သူ တပ်မတော်သားတို့ကလည်း ၂၂၄ နေရာ ယူထားသည်။ ယင်းနောက် အစိုးရဖွဲ့ ၍ လစ်လပ်သွားသည့် ကိုယ်စားလှယ်နေရာများ ပြန်လည်ဖြည့်တင်းရန် ၂၀၁၂ ခုနှစ်၊ ကြားဖြတ်ရွေး ကောက် ကျင်းပစဉ် ရွေးကောက်ပွဲဝင်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တို့က ၄၃ ဦး
ဖြင့် တတိယအများဆုံးအဖြစ် ရပ်တည်နေသည်။

No comments:

Post a Comment