Friday, January 31, 2014

ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့မှ နိုင်ငံတကာအဖွဲ့အစည်းသို့ တင်ပြတောင်းဆိုချက်များကို ဗြိတိန်ဝန်ကြီးအား ပေးအပ်

မြန်မာပြည်မြောက်ပိုင်း(ကချင်ပြည်နယ်)၊ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့မှ နိုင်ငံတကာအဖွဲ့အစည်းသို့ တင်ပြတောင်းဆိုချက်များကို မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့နယ်ခွဲအတွင်း လတ်တလော ဖြစ်ပေါ်နေသော အခြေအနေများနှင့် တွဲ၍ ဗြိတိန်နိုင်ငံခြားရေးရုံး အာရှရေးရာဝန်ကြီး ဟူဂိုဆွားယား (HE. Mr Hugo George William Swire) အား ဇန်န၀ါရီလ ၂၉ ရက် ရက်စွဲဖြင့်  ပေးအပ်ခဲ့တယ်လို့ သိရှိရသည်။
KIA/KIO ဖမ်းဆီးထားသော ရှမ်းလူငယ်တွေ ပြန်လွတ်ပေးနိုင်ရေး၊ ဒေသခံရှမ်းလူမျိုးများ တန်းတူအခွင့်အရေး ရရှိရေး၊ မူးယစ်ဆေးဝါးများ တားဆီးကာကွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမျိုး၊ စာပေနှင့် ယဉ်ကျေးမှုများ ဖော်ထုတ်နိုင်ရေး စတဲ့အချက်တွေကို
ကူညီပံ့ပိုးပေးရန် တင်ပြတောင်းဆိုထားတာဖြစ်တယ်လို့ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ ဒု-ခေါင်းဆောင် ဦးစိုင်းစန်းဝေက ပြောဆိုပါသည်။

ဗြိတိန်ဝန်ကြီးသို့ ပေးအပ်ခဲ့သော  နိုင်ငံတကာအဖွဲ့အစည်းသို့ တင်ပြတောင်းဆိုချက်တွေကတော့ -

၁။ ဒေသခံများအပေါ် လူ့အခွင့်အရေး ချိုးဖောက်နေသော KIA/KIO အဖွဲ့သို့ မေတ္တာရပ်ခံ တိုက် တွန်း ပေးရန်နှင့် ဆန္ဒမပါ ဖမ်းဆီးခံထားရသော လူငယ် များအား ပြန်လွှတ်ပေးနိုင်ရေး အတွက် ကူညီပံ့ပိုးပေးရန်။

၂။ ကချင်ပြည်နယ်ဟု အမည်သတ်မှတ်ခဲ့ပြီးနောက်ပိုင်း ဒေသခံရှမ်းလူမျိုး များသည် တိုင်းရင်းသား အခွင့် အရေးတန်းတူခံစားခွင့် မရရှိခဲ့သဖြင့် ဒေသခံဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပါဝင်ခွင့်မရ ခဲ့ကြပေ။ သို့ပါ၍ ဒေသခံ ရှမ်းလူမျိုးများ၊ NGO အဖွဲ့ လူမှုအဖွဲ့များနှင့် ဆောင်ရွက် လုပ်ကိုင်နိုင်ရန် လမ်းပြပံ့ပိုးကူညီပေးရန်။

၃။ ပြည်နယ်တွင်း မငြိမ်းချမ်းသည်ကို အခွင့်ကောင်းယူ၍ အတ္တစီးပွားရေး သမားများကြောင့် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုများ၊ မူးယစ်ဆေး စွဲနေသူများ၊ စသည်ဖြင့် လူငယ်များ မူးယစ်သားကောင်ဘ၀ ရောက်နေကြ ရသည်ကို အသိပညာပေးရေး၊ ကာကွယ်တား ဆီးရေး၊ ဆေး စွဲ မှုကို ကု သပေးရေးလုပ်ငန်းများတွင် ပံ့ပိုးကူညီမှု များရှိပါက ဆောင်ရွက်ပေးနိုင်ရန်။

၎။ လက်နက်ကိုင်တပ်ဖွဲ့များ၏ နှစ်ဖက်တိုက်ပွဲများကြောင့် မြေဇာပင်ဖြစ် ရသော ဒေသခံများမှာ ပညာရေး၊ ကျန်းမာရေးစသည့်အခွင့်အလမ်း နည်းပါးခဲ့ရသဖြင့် ကူညီပံ့ပိုးနိုင်သော နိုင်ငံတကာ အဖွဲ့အစည်းများသို့ ဆက်သွယ် ဆောင်ရွက်ပေးရန်။

၅။ ပြည်နယ်အတွင်း နိုင်ငံရေးအခင်းအကျင်းတွင် အခွင့်အလမ်းနှင့် အကြောက်တရားလွှမ်းမိုးမှု များကြောင့် မိမိတို့ဒေသခံများသည် လူမျိုး၊ စာပေနှင့် ယဉ်ကျေးမှုများ ပျောက်ကွယ်မတတ် ဖြစ်ခဲ့ ရသောကြောင့် ပြန်လည်၍ စာပေနှင့်ယဉ်ကျေးမှုများ ဖော်ထုတ်နိုင်ရန် ရံပုံငွေလည်းမရှိသဖြင့် ကူညီပံ့ပိုးပေးရန် တင်ပြအပ်ပါသည် ဟူ၍ ပါရှိပြီး မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့နယ်ခွဲ အတွင်း ကျေးရွာ များတွင် လက်ရှိဖြစ်ပေါ်နေသော အခြေအနေများနှင့် တွဲ၍ တင်ပြခဲ့တယ်လို့ သိရှိရပါသည်။

No comments:

Post a Comment