Friday, January 24, 2014

အစိုးရနှင့်လွှတ်တော်ကို အားနည်းအောင်လုပ်၍မရဟု သူရဦးရွှေမန်းပြော

အခြေခံဥပဒေဆိုင်ရာ ခုံရုံးကိစ္စမှစ၍ ယခင်သီတင်းပတ်၌ ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် န၀မ ပုံမှန်အစည်းအဝေးသို့ ပေးပို့ခဲ့သည့် သမ္မတသ၀ဏ်လွှာပါ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေကို ပြင် ဆင်သည့် ဥပဒေကြမ်းအား သမ္မတက ဆန့်ကျင်ဘက်သဘောထား ၁၆ ချက်များအဆုံး အစိုးရအဖွဲ့နှင့် လွှတ်တော်အကြား သဘောကွဲလွှဲမှု ပိုမိုများပြားလာပြီ ဖြစ်သည်။ အစိုးရအဖွဲ့က လွှတ်တော်ကို အားနည်း အောင် တမင်လုပ်ဆောင်နေသည်လားဟူသည့်
သံသယများ လွှတ်တော်ကို အားထားနေကြသည့် ပြည် သူများကြား ကြီးထွားလာခြင်း အပေါ် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက “အမှန်က စနစ်ကြောင့်ပါပဲ။ လွှတ်တော်ထဲမှာက ပါတီစုံရှိလို့ အသံတွေစုံပြီး အစိုးရအဖွဲ့က တင်ပြချက်တွေ အပေါ် သဘောတူတာတွေလည်းရှိ၊ ကန့်ကွက်တာတွေလည်း ရှိမယ်။ လွှတ်တော် ကိုယ်စားလှယ်တွေ တင်ပြလာတာကိုလည်း အစိုးရအဖွဲ့က သဘောတူတာလည်း ရှိမယ်။ ကန့်ကွက်တာလည်း ရှိမယ်။ ဒါတွေက စနစ်ရဲ့ ဖော်ဆောင်ပေးမှုအပေါ် မိမိတို့ ပါဝင်နေခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် လွှတ်တော်ကို အားနည်းအောင် လုပ်မယ်ဆိုရင်လည်း လွှတ်တော်က အားနည်းသွားမှာ မဟုတ်ဘူး။ ဒီအတိုင်းပဲ အစိုးရ အဖွဲ့ကို အားနည်းအောင်လုပ်ရင်လည်း အစိုးရအဖွဲ့က အားနည်းစရာ အကြောင်းမရှိပါဘူး” ဟု မီဒီယာ များနှင့် တွေ့ဆုံစဉ် မဇ္ဈိမ၏အမေးကို ဖြေကြားခဲ့သည်။
ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးမဏ္ဍိုင် သုံးခုတို့ အပြန်အလှန် ထိန်းကျောင်းဖို့ လိုအပ် ကြောင်း၊ ထိုသို့ ထိန်းကျောင်းကြသည့်အတွက် အားလုံးသည် တစ်သွေးတစ်သံတည်း မဖြစ်နိုင်ကြောင်း၊ အကယ်၍ တစ်သွေးတစ်သံတည်းသာ ဖြစ်နေလျှင် လွှတ်တော်ကို ထားစရာမလိုတော့ကြောင်းနှင့် စိတ် ကောင်း၊ စေတနာအမှန်ဖြင့် ဆောင်ရွက်ဖို့ လိုအပ်ကြောင်းလည်း ပြည်သူ့လွှတ်တော် နာယကက ဖြည့် စွက်ပြောသည်။
“လွှတ်တော်အနေနဲ့ မှန်ကန်တဲ့ စေတနာနဲ့ ပြည်သူအတွက် အကျိုးပြုတဲ့ ဥပဒေများ ဖြစ်ထွန်းစေရေး အတွက်ပဲ စဉ်းစားဆောင်ရွက်နေတာ ဖြစ်ပါတယ်။ စိတ်ကောင်း၊ စေတနာမှန်နဲ့ ဆောင်ရွက်သွားမှာဆိုရင် အဲဒီဘက်ကပဲ အမှန်တရား ဖြစ်ပြီးတော့ အနိုင်အရှုံးနဲ့ ပြောရင်လည်း အဲ့ဒီဘက်ကပဲ အနိုင်ဖြစ်ပါလိမ့် မယ်” ဟု သူရဦးရွှေမန်းက သုံးသပ် ပြောကြားသည်။
စင်စစ်အားဖြင့် လွှတ်တော်သုံးရပ်သည် ပြည်ထောင်စုလွှတ်တော်၏ လုပ်ငန်းတာဝန်တို့သည် ပြည်သူ့လွှတ် တော်၊ အမျိုးသားလွှတ်တော်တို့ထက် သာမန်အားဖြင့် ပိုမိုများပြားသည်ဆို၏။ ယခုကဲ့သို့ ဖွဲ့စည်းပုံအခြေ ခံ ပြင်ဆင်နိုင်ရေးကိစ္စများ၊ လယ်ယာမြေ အမှုအခင်းများ၊ ဘတ်ဂျက်ဥပဒေကြမ်းများအပြင် ဒေသဖွံ့ဖြိုး ရေး ရန်ပုံငွေ ၃၃ ဘီလျံအား စနစ်တကျ ဥပဒေနှင့်အညီ ပံ့ပိုးရေးအတွက် အချိန်လုပြီး ဆောင်ရွက်နေ သည့်ကာလတွင် ပြည်ထောင်စုလွှတ်တော်၏ လုပ်ငန်းများသည် ကျန်လွှတ်တော် နှစ်ရပ်ထက် ပိုမိုများပြား သည်။

No comments:

Post a Comment