Wednesday, January 15, 2014

လှိုင်သာယာ-တွံတေးကားလမ်းရှိ ကျူးကျော်များကို အင်အားသုံးရှင်း

ရန်ကုန်၊ ဇန်နဝါရီ ၁၄
ပြီးခဲ့သည့် နှစ်ကုန်ပိုင်းကတည်းက ရောက်

ရှိနေသော ရန်ကုန်မြို့တော် လှိုင်သာယာမြို့
နယ်နှင့် တွံတေးမြို့နယ်အကြား လှိုင်သာယာ-တွံတေးသွား ကားလမ်းဘေးဝဲယာ ရှိ ထောင်နှင့် ချီသော ကျူးကျော် အိမ်များကို ဇန်နဝါရီလ ၁၄ နံနက် အစောပိုင်းအချိန်တွင် သက်ဆိုင်ရာ အာဏာပိုင်များက ဒေသခံများ၏ အကူအညီ
 ရယူပြီး ရှင်းလင်းခဲ့ကြောင်း အဆိုပါ ဒေသ
ခံများထံမှစုံစမ်းသိရှိရသည်။
“အရင်ဆုံး လူသုံးယောက် ရောက်လာပြီး ဒီဇယ်ဆီ ဝယ်ချင်လို့လို့ ပြောတယ်။ တံတားအောက်ကို ဝင်ကြည့် တယ်။ နောက်တော့ ဒီမှာ လူအများကြီး မရှိဘူး ဆိုတာသိပြီး ချက်ချင်းပဲ ပြန်ပြေးသွားပြီး လုံခြုံရေးတွေ၊ ရဲတွေ ရောက်လာတော့တာပဲ” ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ အမျိုးသားတစ်ဦးက ပြောကြားသည်။
ကျူးကျော်များကို ယခုအကြိမ် ရှင်းလင်းရာတွင် ကြိုတင်အသိမပေးဘဲ ရှင်းလင်းသည်ဟု ကျူးကျော် နေထိုင် သူများက ပြောကြားပြီး လှိုင်သာယာ ဒေသခံများကမူ လွန်ခဲ့သည့် ဒီဇင်ဘာလ ကတည်းက အနည်းဆုံး သုံးကြိမ် ထက်မနည်း ကြိုတင် ကြေညာပြီးမှ ရှင်းလင်းခြင်း ဖြစ်သည်ဟုဆိုသည်။
ထိုသို့ ရှင်းလင်းဖျက်ဆီးမှုသည် လှိုင်သာယာ-တွံတေး ကားလမ်းဘေးရှိ လမ်းမြေများပေါ်နှင့် ပန်းလှိုင်တံတား ဧရိယာပေါ်ရှိ ကျူးကျော်နေအိမ် ၃၀၀၀ ဝန်းကျင် ဖြစ်ပြီး ပုဂ္ဂလိကပိုင် မြေနုကျွန်းများပေါ်ရှိ ကျူးကျော်နေ အိမ် များ မပါဝင်ကြောင်း၊ မြေနုကျွန်းများပေါ်တွင် ကျူးကျော်နေအိမ် ငါးထောင်ဝန်းကျင် ရှိကြောင်း အဆို ပါ မြေနုကျွန်းတွင် နေထိုင်သူ ဦးစိုးဝင်းက ပြောကြားသည်။
လှိုင်သာယာ၊ ဒလ၊ ထန်းတပင်မြို့နယ်များ အပါအဝင် တွံတေးမြို့နယ်နှင့် ဆက်စပ်လျက်ရှိသည့် မြို့နယ် ခုနစ်မြို့နယ်မှ ရဲတပ်ဖွဲ့၊ စည်ပင်၊ မီးသတ်နှင့် ဒေသခံ ကျေးရွာသားများ ပါဝင်သည့် အင်အား ၂၀၀ ကျော် ခန့်သည် အဆိုပါနေ့ နံနက် ၃ နာရီဝန်းကျင်တွင် ပန်းလှိုင်တံတားသို့ ရောက်ရှိလာပြီး ကျူးကျော် နေအိမ်များ ကို ဖျက်ဆီးခဲ့ကြောင်း ကျူးကျော်တဲများတွင် နေထိုင်လျက် ရှိသူများက ပြောဆိုသည်။
ယခုကဲ့သို့ ကျူးကျော်နေအိမ်များ လာရောက် ရှင်းလင်းဖြိုဖျက်ရာတွင် ၎င်းတို့ကို တစ်စုံတစ်ရာ ကြိုတင် အကြောင်းကြားခြင်း မရှိကြောင်း၊ ကျူးကျော် နေထိုင်သူများက ပြောကြားသည်။
ယင်းနေအိမ်များ ရွှေ့ပြောင်းပေးရန် ဒီဇင်ဘာလ အတွင်းက နှစ်ကြိမ်နှင့် ဇန်နဝါရီလ ၃ ရက်နေ့က တစ်ကြိမ် သတိပေး ညွှန်ကြားထားပြီး အင်အားသုံး မဖျက်ဆီးမီ တစ်နာရီခန့် အလိုကလည်း ထပ်မံ၍ လှည့်လည် ကြေ ညာခဲ့ကြောင်း၊ နေအိမ်များ ဝင်ရောက် ဖျက်ဆီးမှုကို လက်မခံဘဲ ပြန်လည် ခုခံသည့် ကျူးကျော်နေထိုင်သူ ၁၇ ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။
ကျူးကျော်နေအိမ်များ အင်အားသုံး ရှင်းလင်းနေခြင်းကြောင့် လှိုင်သာယာ- တွံတေးသွားကားလမ်းကို လှိုင်သာယာ ဘက်ခြမ်းတွင် နံနက် ၃ နာရီဝန်းကျင်မှ ညနေ ၆ နာရီအထိ ပိတ်ဆို့ထားပြီး ဒေသခံ ပြည် သူ များ၊ ဆိုင်ကယ်၊ စက်ဘီးများကို ဝင်ခွင့်မပေးဘဲ ခရီးသည်တင်ယာဉ် အချို့ကိုသာ ဖြတ်သန်း မောင်းနှင် ခွင့်ပြုခဲ့ သည်။
“ဒီကိစ္စမှာ အိမ်အဖျက်ခံရတဲ့ သူတွေအတွက် စိတ်မကောင်း ဖြစ်ရပေမယ့် ဥပဒေမဲ့ ကျူးကျော်နေထိုင် တာ ကိုတော့ တားဆီးရမှာပဲ၊ ဒီလိုမှမလုပ်ရင် အဲဒီလို အင်အားသုံးပြီး ဥပဒေ ချိုးဖောက်ရင်ရတယ်လို့ ပြည်သူတွေ ထင်မှတ်သွားမှာ စိုးရတယ်၊ လူတွေ သွေးထွက် သံယိုမဖြစ်ရင် အာဏာပိုင်တွေရဲ့ လုပ်ရပ်ဟာ မှန်ကန် သင့်တော်တယ်လို့ ပြောရမှာပဲ” ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် က ပြောကြား သည်။
သို့သော် ယခုလုပ်ရပ်သည်ရေတို ဖြေရှင်းနည်းဖြစ်ပြီး ရေရှည်အတွက် မြို့ပြစီမံကိန်းများ ချထားပေးရာ တွင် မြေကွက်များချထား ပေးမည့်အစား လူဦးရေများစွာ နေထိုင်နိုင်သည့် အထပ်မြင့်အိမ်ရာ စီမံကိန်း များ ဖော်ဆောင်ပေးခြင်း၊ မြေဈေးနှုန်း ကြီးမြင့်မှုကို ထိန်းချုပ်ခြင်းများအပြင် နယ်မြို့များတွင် အလုပ်အကိုင် များ ဖန်တီးပေးခြင်းများ ပြုလုပ်ပေးရန် လိုကြောင်း ၎င်းက ထပ်မံပြောဆိုသည်။
အဆိုပါ ကျူးကျော် နေထိုင်သူများသည် ပြီးခဲ့သည့် ဒီဇင်ဘာလဆန်းပိုင်းမှ စတင်၍ ပန်းလှိုင်မြစ်ကမ်း တစ်လျှောက်နှင့် လှိုင်သာယာ-တွံတေး ကားလမ်းဘေး တစ်လျှောက်တွင် ဝင်ရောက် ကျူးကျော်ကာ နေ အိမ် များ ဆောက်လုပ်ခဲ့ရာ အဆောက်အအုံပေါင်း သောင်းဂဏန်းနီးပါး ရှိသော်လည်း ယခုဖယ်ရှား ရှင်းလင်း ခံရသည့် တဲများ၌ အမှန်တကယ် နေထိုင်သူမှာ ရာဂဏန်းဝန်းကျင်သာ ရှိကြောင်း၊ နေအိမ် များ ဆောက် လုပ်ပြီးပါက တစ်ဆင့်ပြန်လည် ရောင်းချခြင်းများလည်း ပြုလုပ်နေကြောင်း တွံတေးမြို့ နယ် ဒေ  သခံများက ပြောဆိုကြသည်။
အဆိုပါ ကျူးကျော်နေထိုင်သူ အများစုသည် နာဂစ်မုန်တိုင်းအပြီး ဧရာဝတီတိုင်းဒေသကြီး မှ ပြောင်းရွှေ့ လာသူများ ဖြစ်ပြီး ယခင် ကလည်း လှိုင်သာယာ မြို့နယ်ရှိ ကျူးကျော် ရပ်ကွက်များနှင့် အငှားနေ အိမ်များ တွင် နေထိုင်ခဲ့သူများဖြစ်ကာ ယခုကဲ့သို့ နေအိမ်များ ဖျက်ဆီးခံရမှုကြောင့် နေစရာ အခက်အခဲ များ ဖြစ်နေ ကာ အများစုမှာ မူလနေထိုင်ရာ လှိုင်သာယာမြို့နယ်ထံသို့ ပြန်လည် သွားရောက်ခဲ့ကြသည်။
ကျူးကျော်နေထိုင်သူများ ရောက်ရှိလာခြင်းကြောင့် အနီးနားရှိ ကျေးရွာ များတွင် ပစ္စည်းပျောက်မှုများ ဖြစ် ပွားခဲ့သလို ဒေသခံ ရွာသားများနှင့် နှစ်ဖက်အကြား ရုန်းရင်း ဆန်ခတ်မှုများ နှစ်ကြိမ် ဖြစ်ပွားခဲ့ရာ လုံခြုံရေး အခြေအနေ စိုးရိမ်မှုများ ဖြစ်ပေါ်လာသဖြင့် ၎င်းကျူးကျော် နေထိုင်သူများကို ဖယ်ရှား ရှင်းလင်းပေးရန် ဇန်နဝါရီလ ၃ ရက်နေ့က လူတစ်ရာ ဝန်းကျင်က ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

No comments:

Post a Comment