Wednesday, January 15, 2014

Myanmar Journalist Network ဘက်မလိုက်ရန် လို ဟု ဆို

ရန်ကုန်၊ ဇန်န၀ါရီ ၁၅
မကြာသေးခင်က အလဲဗင်းသတင်းစာမှ သတင်းထောက်တစ်ဦးကို 
NLD ခရိုင် ဥက္ကဌ၏ သမီး ရှေ့နေအမျိုးသမီး
တစ်ဦးက တရားစွဲ ဆိုခြင်းကြောင့် ပြစ်ဒဏ် ချမှတ်ခဲ့ရခြင်းကို မကျေနပ်၍ လမ်းလျှောက်ဆန္ဒပြခဲ့သော မြန်မာ ဂျာနယ် လစ် ကွန်ရက်၏ ရပ်တည်ချက်သည် မေးခွန်းထုတ်ဖွယ်ရာများ ပေါ်ပေါက်နေကြောင်း သိရှိရသည်။
ဆူးလေမှ အလဲဗင်းသတင်းစာတိုက်အထိ လမ်းလျှောက်ဆန္ဒပြ၍ အလဲဗင်းသတင်းစာတိုက်မှ ကြက်ကြော် များ ပေးကမ်း ကျွေးမွေးခြင်း ခံခဲ့ရသော Myanmar Journalist Network သည် အလဲ ဗင်းသတင်းစာက စာနယ်ဇင်းသမားတစ်ဦးကို ရည်ရွယ်ချက် ရှိရှိ တရားစွဲဆိုထားခြင်းကို မသိ ချင်ယောင်ဆောင်ကာ မျက်နှာလွှဲနေကြောင်း သိရသည်။
အလဲဗင်းမီဒီယာအုပ်စုသည် စည်သူအောင်မြင့်အမည်ရှိ စာနယ်ဇင်းသမား တစ်ဦးအား အမှုပေါင်း (၄) မှုဖြင့် တရားစွဲဆိုထားပြီး ဤသည်မှာ လွတ်လပ်စွာ ရေးသားဖော်ပြခွင့်ကို လက်တွေ့ ပိတ်ပင် သည့် လုပ်ဆောင်ချက်ဖြစ်ကြောင်း၊ သို့သော် အလဲဗင်းအတွက် ဆန္ဒပြပွဲများ လုပ်ဆောင်ခဲ့သော Myanmar Journalist Network မှာ ယခုကိစ္စတွင် ရေငုံနှုတ်ပိတ်နေနေခြင်းမှာ သံသယ ဖြစ်ဖွယ် ရာ ဖြစ်နေကြောင်း စာနယ်ဇင်းသမားများကို လေ့ကျင့်ပေးလျက်ရှိသော သတင်းစာဆရာတစ်ဦး က ပြောဆိုသည်။
"Myanmar Journalist Network ဆိုတာ ဘာလဲ။ ဘာအတွက် ရပ်တည်တာလဲ။ အလဲဗင်းကို NLD ဥက္ကဌ သမီးက တရားစွဲတယ်။ မှန်လို့ ထောင်ကျတယ်။ ဒါကို ကန့်ကွက်ကြတယ်။ သူတို့ ပြောတာက ဒါဟာ Freedom of Press ကို ခြိမ်းခြောက်တာ။ ဘာဖြစ်တယ် ညာဖြစ်တယ် နဲ့။ ကြီးကြီးကျယ် ကျယ်တွေ ပြော။ အခု စည်သူအောင်မြင့်ကို အလဲဗင်းက အမှု(၄)ခုနဲ့ တရားစွဲတယ်။ ဒါဟာ Freedom of Press ကို တိုက်ရိုက် ပိတ်ပင်တာ မဟုတ်ဘူးလား။ ဒီကိစ္စမှာတော့ အသံတစ်ချက် မထွက်ဘူး။ ဒီမှာ ကျွန်တော် ပြောလိုက်မယ်။ မီဒီယာ ဆိုတာ ကြားခံ မီဒီယံက လာတာ။ ဘက်လိုက်မှု ကင်းရ မယ်။ ပြီးတော့ အရေးကြီးတာက အကြောက်တရား ကင်းရမယ်။ အခု အလဲဗင်းဘက်က ရပ်ပြီးတော့ ပြောရဲတယ်။ အလဲဗင်းကို ဆန့်ကျင်ဘက် ဘာတစ်ခွန်းပြောလဲ။ ကြောညာချက် ထုတ်လေ။ ဆန္ဒပြကြလေ။ ဒါကျတော့ ဖင်တုန်အောင် ကြောက်နေတယ်။ ကျွန်တော် ဒီနေရာကနေ ပြောလိုက်မယ်။ ကြောက်တတ်ရင် ထဘီဝတ်ထား။ Myanmar Journalist Network ဆိုတဲ့ မထိုက်တန်တဲ့ နာမည်ကြီး ယူပြီး လုပ်စားမနေနဲ့" ဟု အဆိုပါ မီဒီယာသမားက ပြောသည်။

"Myanmar Journalist Network လား။ သူက ဘာအတွက် ကာကွယ်တာလဲ။ ဘာအတွက် ဆန္ဒပြတာလဲ။ ကြက်ကြော် စားရဖို့ ဒီလောက် အရှည်ကြီး လမ်းလျှောက်စရာ မလိုပါဘူး။ မှန်ပါတယ်။ စည်သူအောင်မြင့်ကိစ္စကမှ Freedom of Press ကို Press ကိုယ်တိုင်က ခြိမ်းခြောက်ပိတ်ပင်နေတာ။ Myanmar Journalist Network ကို ကျွန်တော်မေးချင်တယ်။ Myanmar Journalist Network သာမက Press Council ရော၊ Myanmar Journalist Association ရော မြန်မာမီဒီယာလောကကြီးတစ်ခုလုံးပေါ့ဗျာ။မီဒီယာဆိုတာ ဘက်လိုက်တယ် ဆိုတာ အရှက်ရှိရှိ ၀န်ခံလိုက်တာပဲပေါ့ဗျာ။ ရှင်းရှင်းလေးပဲ။ Press ကို ဖိနှိပ်နေတာ Press ကိုယ်တိုင်ပဲ။ ကိုယ်ကိုယ်တိုင်ကမှ မမှန်တာ။ ကြီးကြီးကျယ်ကျယ် ဆန္ဒတွေ ပြမနေနဲ့တော့ဗျာ။ ရှက်တတ်ရင် Myanmar Journalist Network ဆိုတဲ့ နာမည်ကြီးကို ခံမနေပါနဲ့" ဟု လေ့လာသူ တစ်ဦးက ပြောသည်။

Myanmar Journalist Network သည် ဝေဖန်သူများ ဝေဖန်စရာ သဘောမျိုး ဖြစ်နေပြီး မီဒီယာသမားအချင်းချင်း ရိုင်းပင်းရာ၌ မျက်နှာကြီး မျက်နှာငယ် ခွဲခြားတတ်ခြင်းများ ဆင်ခြင်သင့်ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံ စာနယ်ဇင်း လောကတွင် လိုလျှင် တစ်မျိုး မလိုလျှင်တစ်မျိုး ရပ်တည်ချက်များ ဖြစ်ပေါ်နေပြီး Myanmar Journalist Network ကဲ့သို့ အဖွဲ့အစည်းများ ပေါ်ပေါက်လာခဲ့သောလည်း ယခုကဲ့သို့ မေးခွန်းထုတ်ဖွယ်ရာ ကျင့်ဝတ်သိက္ခာ မညီမှုများကြောင့် စိုးရိမ်ဖွယ်ရာ အနေအထားတွင် ရှိနေကြောင်း သိရသည်။

သတင်းတွင် ပါရှိသည့် စည်သူအောင်မြင့်အား အလဲဗင်းမှ တရားစွဲဆိုထားသော အမှု(၄)မှုကို ကာယကံရှင်၏ လူမှုစာမျက်နှာတွင် ဖော်ပြထားသည်ကို သိရှိစေရန် ဖော်ပြပါသည်။


ဒါက်တာသန်းထွဋ်အောင်ရဲ့ အလဲဗင်းက စည်သူအောင်မြင့်ကို တရားစွဲတဲ့ အမှု (၄) မှု
--------------------------------------------------------------------------
၁။ “အောက်ပိုင်း တိုက်ခိုက်ခံရသူ၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း” ၊ ရန်ကုန်တိုင်းမ်၊ စက်တင်ဘာ- ၂၅ ရက်နေ့ထုတ်။ ဗဟန်း မြို့နယ် တရားရုံး၊ ပုဒ်မ ၅၀၀ နဲ့ တရားစွဲလိုကြောင်းလျောက်။

တရားစွဲသူ၊ အလဲဗင်း မီဒီယာကိုယ်စား- မာန်သူရှိန်။
တရားစွဲခံရသူ - စည်သူအောင်မြင့်၊ ဦးလှိုင်ဘွား (အယ်ဒီတာချုပ်၊ ရန်ကုန်တိုင်းမ်)။

(မှတ်ချက်- ဗဟန်းရဲစခန်းမှ စစ်ဆေးပြီးနောက် နိုဝင်ဘာ ၂၂ ရက်နေ့ ဗဟန်း တရားရုံးက အမှုကို ပလပ် လိုက်၊ တရားစွဲခွင့်မရ)

၂။ “အောက်ပိုင်း တိုက်ခိုက်ခံရသူ၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း” ရန်ကုန်တိုင်းမ်၊ စက်တင်ဘာ ၂၅ ရက်နေ့ထုတ်။ အနောက်ပိုင်းခရိုင် တရားရုံး၊ တရားမမှု၊ နစ်နာကြေး ကျပ်ငွေ သိန်းပေါင်း ၅၀၀၀ ရလိုမှု။

တရားစွဲသူ၊ အလဲဗင်းမီဒီယာ ကိုယ်စား- ဦးထိန်လင်း။
တရားစွဲခံရသူ- စည်သူအောင်မြင့်၊ ဦးကိုကို (CEO ရန်ကုန်မီဒီယာဂရုဖ်၊ စာနယ်ဇင်း ကောင်စီ ကော်မတီဝင်)

၃။ “ ၀န်ကြီးကိုလည်း ဂရုမစိုက်၊ လွှတ်တော်ကိုလည်း ဘာမှ မထင်တဲ့ တရုတ်ဆေးကုခန်းတွေ ” ၊ မြန်မာပို့စ် ဂလိုဘယ် ဂျာနယ်၊ စက်တင်ဘာ ၂၇။ ဗိုလ်တထောင်မြို့နယ် တရားရုံး၊ ပုဒ်မ ၅၀၀ နဲ့ တရားစွဲလိုကြောင်းလျောက်။

တရားစွဲသူ၊ အလဲဗင်း မီဒီယာကိုယ်စား- ဟိန်းမင်းလတ်။
တရားစွဲခံရသူ - စည်သူအောင်မြင့်၊ ကို သန်းထိုက်သူ (အယ်ဒီတာချုပ်၊ မြန်မာပို့စ်နဲ့ မြန်မာပို့စ် ဂလိုဘယ်လ်)။
လိုက်ပါပေးသူ အကျိုးဆောင်ရှေ့နေ- ဦးရောဘတ်စန်းအောင်။

၎။ “ ဒေါ်လာ ၁၁ ဘီလျံ ရှင်းတမ်း ” ၁၀-၁၀-၁၃ နေ့ထုတ်၊ မြန်မာတိုင်းမ် ဂျာနယ်။ ကျောက်တံတားမြို့နယ် တရားရုံး။ တရားစွဲသူ၊ အလဲဗင်းမီဒီယာ ကိုယ်စား- နေထွန်းနိုင်။

တရားစွဲခံရသူ- စည်သူအောင်မြင့်၊ ဒေါက်တာတင်ထွန်းဦး (အမှုဆောင်အရာရှိချုပ်၊ မြန်မာတိုင်းမ်) တရားရုံး ညွှန်ကြားချက်အရ ကျောက်တံတားမြို့နယ် ရဲစခန်းမှ ခေါ်ယူစစ်ဆေးပြီး - တရားရုံးထံ ပြန်လည် တင်ပြထားသည့်အဆင့်)။


Sithu Aung Myint

No comments:

Post a Comment