Tuesday, January 28, 2014

ဌာနချုပ်ရုံး ရှစ်ထပ်ဆောက်ရန်ကိစ္စ NLD နှင့် AGD ဗြောင်လိမ်နေသည် ဟု ဆို

NLD ပါတီဌာနချုပ်ရုံးအား ဓါတ်လှေကားပါ အထပ် ရှစ်ထပ်ဖြင့် အဆင့်မြင့် အဆောက်အအုံပြင်ဆင်ဆောက်လုပ်ရာတွင် အာရှစိမ်းလန်းဖွံ့ဖြိုးရေးဘဏ် က ငွေကြေးစိုက်ထုတ်ကျခံပေးမည့် သဘောတူညီချက်များအပေါ် ပါတီတွင် အကြီးအကျယ် သဘောထား ကွဲလွဲနေကြောင်း သိရသည်။ 

ဒေါ်အောင်ဆန်းစုကြည်နှင့် သန်းကြွယ်သူဌေးကြီး ဦးတေဇတို့အကြား လျှို့ဝှက် သဘောတူညီချက်များ ထားရှိခြင်းနှင့်ပတ်သက်၍လည်း တိုးတိုးတိတ်တိတ် ငြင်းခုန်ခဲ့ရာမှ ယခုအခါ မကျေနပ်ချက်များ ပို၍ ကျယ်လောင်လာခဲ့သည်။ အပတ်စဉ်ထုတ် သတင်းဂျာနယ်တစ်စောင်တွင် ထူးကုမ္ပဏီပံ့ပိုးကူညီမှုဖြင့် ဌာနချုပ်ရုံးသစ် အဆင့်မြှင့်တင် ပြင်ဆင်တည် ဆောက်မည့် သတင်းထွက်ပေါ်လာခဲ့သော်လည်း ထိပ်ပိုင်းခေါင်းဆောင်အချို့ ကြိုတင် သိရှိထားခြင်း မရှိကြောင်း သိရှိရသည်။

NLD ပါတီဝင်ဟောင်း တစ်ဦးကမူ "AGD Bank ဆိုတာ ထူးကုမ္ပဏီရဲ့ လက်ခွဲ လက်အောက်ခံပဲလေ။ နောက်ပြီး စစ်အစိုးရ အဆက်ဆက် အုပ်စိုးသူဗိုလ်ချုပ်တွေနဲ့ပေါင်းပြီး နည်းလမ်းမျိုးစုံနဲ့ စီးပွားရှာခဲ့တာ။ လူတိုင်း အသိပဲလေ။ နောက်ပြီး ပါတီကြီးတွေနဲ့ နိုင်ငံရေးသမားတွေကို ခရိုနီတွေ နည်းလမ်းမျိုးစုံနဲ့ ချဉ်းကပ်ဖို့ ကြိုးစားနေကြတာ အခုအချိန်မှာ ပေါ်ပေါ်တင်တင်ကို ဖြစ်လာနေတာပဲ။ အဲဒီ နောက်ဆက်တွဲ ပြဿနာတွေကတော့ နိုင်ငံရေးအရ ခရိုနီတွေ ၀ါးမျိုးလာမယ့် အန္တရာယ်ကိုလည်း သတိရှိရှိကာကွယ်စေချင်ပါတယ်" ဟု ပြောကြားခဲ့ကြောင်း ယင်းဂျာနယ်တွင် ဖော်ပြခဲ့သည်။ 

NLD ပါတီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက "အဲဒီ သတင်းက မှားနေပါတယ်။ ဌာနချုပ်ရုံးကို အသစ်ပြန်ဆောက်မယ် ဆိုတာက မှန်တယ်။ ထူးကုမ္ပဏီရဲ့ အကူအညီနဲ့ ဆောက်မယ်ဆိုတာက ကျွန်တော်တို့နဲ့ ဘာမှမဆိုင်ပါဘူး။ လာမယ့်အပတ်ထဲမှာ လိုအပ်တဲ့ ထုတ်ပြန်ချက်တွေကို ထုတ်ပြန်ပါမယ်။ ကိုရဲမင်းဦးက သူ့ဘာသာ Personal အနေနဲ့ ပါတာပါ။ အဲဒီသတင်းကို မဟုတ်ဘူး လို့ ကျွန်တော် ပြောပါတယ်" ဟု Daily Eleven သတင်းစာအား ပြောကြားခဲ့သည်။ 

NLD ပါတီ၏ ဌာနချုပ်ရုံးအသစ် ဆောက်လုပ်မှုအတွက် ကာလတန်ကြေး ကျပ်သိန်းသောင်းနှင့်ချီ၍ ကုန်ကျမည် ဖြစ်ကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်မည့် NLD ပါတီအတွက် ကုန်ကျစရိတ်များစွာ ရှိလာမည့် အချိန်တွင် ယခုကဲ့သို့ ဌာနချုပ်ရုံးအသစ် ပြင်ဆင်ဆောက်လုပ်မည့် စီမံကိန်းမှာ မေးခွန်းထုတ်ဖွယ်ရာ ဖြစ်နေကြောင်း သိရှိရသည်။ 

"ဒီဌာနချုပ်ရုံးက ၁၉၉၀ ကနေ လက်ရှိအချိန်အထိ ရပ်တည်ခဲ့တဲ့ ရုံးပဲ၊ စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်မှုအောက်မှာ ဒီရုံးကလေးကနေပြီး ကမ္ဘာသိ အံတု ခဲ့ကြတယ်။ ဒေါ်စုရဲ့ အကျယ်ချုပ်သက်တမ်းတလျှောက် ဒီရုံးလေးကနေ ညီညွတ်မှုကို ပြသခဲ့ကြတာ။ ဒါက ဘာသဘောလဲ။ ကျွန်တော်တို့ ကြည့်နေတာ ကြာပြီ။ ခရိုနီတွေနဲ့ NLD ရှုပ်ရှုပ်ရှက်ရှက်တွေ ဖြစ်လာနေတာ သိသိသာသာကြီး ဖြစ်လာပြီ။ ဒေါ်စုကိုယ်တိုင် ခရိုနီတွေကို အကာအကွယ်ပေးခဲ့တယ်။ ခရိုနီတွေဆီက ငွေကြေးတွေ စီးဝင်နေတယ်။ နာယကကြီးဦးဝင်းတင် ပြောတယ်။ ခရိုပြာ၊ ခရိုနက်ဆိုပြီး။ ဦးဝင်းတင် ဖောင်ဒေးရှင်းမှာ ပုံအောတယ်။ ဦးဝင်းတင်လည်း ခရိုနီဝေဖန်ရေး သိပ်မလုပ်တော့ဘူး။ AGD နဲ့ ထူးက ကုလားကြီးနဲ့ အရာကြီးပဲဗျ။ ရဲမင်းဦးက Personal အရ လုပ်တယ်။ သိပ်ရယ်ဖို့ကောင်းပါတယ်။ တေဇ ခွင့်မပြုဘဲ ရဲမင်းဦး ဘာလုပ်နိုင်လို့လဲ။ ဦးတေဇ ကိုယ်တိုင် ပေါ်တင်ကြီး ပါလာရင် လူထုက ဘယ်လက်ခံမလဲ။ ဒါကို သိသိကြီးနဲ့ NLD က ဦးတေဇကို ဖြစ်မြောက်ရေးအဖွဲ့ထဲ ထဲမလား။ ကျွန်တော်တို့ကတော့ ရွံတယ်။ နှလုံးနာတယ်။ ဒီရုံးအစုတ်လေးက ဘာဖြစ်လို့လဲ။ သေသွားတဲ့ ဦးလွင်တို့လို NLD လူကြီးတွေ ဒီရုံးကလေးမှာ စုဝေးပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့တာ။ အခု ဒီရုံးကို ခရိုနီတွေနဲ့ ပေါင်းပြီး ရှစ်ထပ်တိုက် ဆောက်မယ်။ ဒီအစီအစဉ်ကို NLD ပါတီဝင်တွေကို ချပြခဲ့တာ ရှိသလား။ ထိပ်ပိုင်းက လူနည်းစု သဘောတူညီချက်နဲ့ ခရိုနီနဲ့ လက်သိပ်ထိုး လုပ်တာ ပွင့်လင်းမြင်သာမှုလား။ စိတ်ပျက်ဖို့ သိပ်ကောင်းပါတယ်" ဟု NLD ပါတီဝင်တစ်ဦးက ပြောဆိုသည်။ 

"NLD ဆိုတာ အဖိနှိပ်ခံ ပြည်သူတွေဘက်က ရပ်တည်ခဲ့တဲ့ ပါတီဗျ။ အခုတော့ ဒီလို မဟုတ်တော့ဘူး။ NLD က ပြည်သူလူထုကို ကုတ်သွေးစုပ်ခဲ့တဲ့ ခရိုနီတွေရဲ့ ဘက်တော်သား ဖြစ်သွားပြီ။ ဒေါ်စု ခရီးစဉ်တွေမှာ လေယာဉ်တွေ၊ သင်္ဘောတွေ၊ ကုန်ကျစရိတ်တွေ အကုန်လုံး ခရိုနီတွေက ငွေစိုက်ပေးနေတာ။ အခု ဦးတေဇနဲ့ ကွယ်ရာမှာ တရုန်းရုန်း။ ဦးရွှေမန်းသား ခရိုနီတွေလည်းပါတယ်။ ဦးဇော်ဇော်လည်း ပါတယ်။ ဦးမိုးမြင့် ဇနီးရောပါတယ်။ NLD ဘယ်လို ရပ်တည်ခဲ့သလဲ။ ဘယ်သူ့ဆီက လက်ဝါးဖြန့်ပြီး တောင်းခဲ့ဘူးသလဲ။ အခုရော သူတို့ဆီက ပေးစာ ကမ်းစာ မရရင် NLD မရပ်တည်နိုင်တော့ဘူးလား။ NLD မရှိတော့ဘူးလား။ လူတွေကပင်ပန်းဆင်ရဲတာ ခံနိုင်တယ်။ ချမ်းသာတဲ့ဒဏ် မခံနိုင်ဘူး ဆိုတာ အမှန်ပဲ။ အခုကိစ္စကိုပဲ ကြည့်။ ဦးတေဇ ပိုက်ဆံနဲ့ ဆောက်ပေးမှာပဲ။ ဒါကို ဗြောင်ငြင်းတယ်။ ဒီကိစ္စ NLD ပါတီထဲမှာ ဘယ်သူ ချပြခဲ့သလဲ။ ဘာကြောင့် ဒီလို ဖုံးကွယ်ထားတာလဲ။ ပေါ်လာတော့ ဘာဖြစ်လို့ ဆက်ငြင်းနေလဲ။ ကျွန်တော်တို့က ငတုံးတွေ ဆိုပြီး ဒီလိုသဘောထားတာလား" ဟု အစိုးရသစ်လက်ထက်တွင် ထောင်မှပြန်လွတ်လာခဲ့သော NLD ပါတီဝင်ဟောင်းတစ်ဦးက ပြောကြားသည်။

ဦးတေဇ၏ ထူးကုမ္ပဏီသည် NLD ပညာရေးကွန်ယက်အား ၂၀၁၂ ဒီဇင်ဘာလအတွင်းက ငွေကျပ် သိန်း ၅၀၀ လှူဒါန်းခဲ့ပြီး ၂၀၁၃ ခုနှစ် မတ်လ အတွင်းက ဖြူးဘိုးဘွားရိပ်သာ ပဒေသာပင်အတွက် ထူးကုမ္ပဏီကိုယ်စား ဒေါ်အောင်ဆန်းစုကြည်က ကျပ် သိန်း ၅၀၀ လှူဒါန်းခဲ့ဖူး ကြောင်း သတင်းများအရ သိရသည်။

အလားတူ ဦးတေဇသည် အမေရိကန်ထောက်လှမ်းရေးသတင်းများအရ သူရဦးရွှေမန်းနှင့် ချိတ်ဆက်မှုများ ရှိနေပြီး ဦးအောင်သက်မန်းနှင့် အကျိုးတူ လုပ်ငန်းများ လုပ်ကိုင်နေသူ ဖြစ်ကြောင်း အစီရင်ခံစာ ထွက်ပေါ်ထားခဲ့သူ ဖြစ်သည်။ ယခင်အစိုးရလက်ထက် တစ်လျှောက်လုံး နယက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အထူးအားထားရသော အနီးကပ်လူယုံတော် တစ်ဦးဖြစ်သည်။ 

မကြာသေးခင်ကပင် ဒေါ်အောင်ဆန်းစုကြည်ဆေးရုံတက်၍ ခြေထောက် ခွဲစိတ်ခံယူခဲ့ရစဉ်က သူရဦးရွှေမန်း၏ သား ဦးတိုးနိုင်မန်း လာရောက် သတင်းမေးရာတွင် ဒေါ်အောင်ဆန်းစုကြည်က ခရိုနီများနှင့်ပတ်သက်၍ အတိတ်က လုပ်ဆောင်ခဲ့သည်များကို အလေးမထားဘဲ လက်ရှိအချိန်တွင် နိုင်ငံနှင့် ပြည်သူအတွက် အကောင်းဆုံး အကျိုးပြုနိုင်ရေး ဆောင်ရွက်ပါက လက်တွဲပူးပေါင်းသွားမည် ဖြစ်ကြောင်း ထူတ်ဖော်ပြောကြားထားခဲ့သည်။ 

ခရီုနီများနှင့် နီးစပ်သူတစ်ဦးကလည်း "ခရိုနီ ဆိုတာကတော့ ဘယ်အစိုးရတက်တက် ရအောင်ပေါင်းမှာပဲ။ NLD က ဆင်းရဲတဲ့ဒဏ်ခံနိုင်တယ် ဆိုတာ သက်သေပြခဲ့ပြီးပြီ။ ချမ်းသာတဲ့ဒဏ် ခံနိုင်ပါ့မလား ဆိုတာကတော့ မြင်တဲ့အတိုင်းပဲလေ။ ခရိုနီတွေ အိတ်ထဲက NLD ဖြစ်ဖို့တော့ သိပ်မကြာတော့ဘူး ထင်ပါတယ်။ အခုဆိုရင်ပဲ ခရိုနီတိုက်ဖျက်ရေး အော်ခဲ့တဲ့ ဦးဝင်းတင် ဘာအသံထွက်လာလို့လဲ။ သူပြောလည်း ထိရောက်မှာ မဟုတ်ဘူး။ NLD ထိပ်ပိုင်းအကုန်လုံးက ဒါကို ကြိုက်သွားပြီဗျ။ ဒီလို ကြိုက်သွားပြီးရင်တော့ ခရိုနီတွေ ဘာလုပ်လုပ် ရပြီ ပေါ့ဗျာ" ဟု သုံးသပ်ပြောကြားသည်။

ပြည်သူ့အာဏာ

No comments:

Post a Comment