Tuesday, January 28, 2014

ဓမ္မဒူတ အရှင်ဆေကိန္ဒ၏ ရုပ်ပွားဆင်းတုကိုးကွယ်နည်း

ဓမ္မဒူတ အရှင်ဆေကိန္ဒဆရာတော်က ရုပ်ပွားဆင်းတုကိုးကွယ်မှုနဲ့ ပတ်သက်၍ ဤသို့မိန့်တော် မူပါသည်။ = အကျိုးကျေးဇူးတွေရလာအောင် ဘုရားကို ကြည်ညိုတတ်ကြတယ်။ အဲဒီလို ကြည်ညို တော့ ဒီပုံဆိုရင်တော့ အန္တရာယ်ကင်းမယ်။ ဒါနဲ့ ထုထားရင်တော့အန္တရာယ်ကင်းမယ် ဆိုပြီး တော့ အဲဒီလို ကြည်ညိုတတ်ကြတာပဲရှိတယ်။ ဒီအသားနဲ့ထုရင်၊ ဒီပုံထုရင်တော့ လာဘ်လာဘတွေ ပေါမယ်ဟေ့၊ စီးပွားဥစ္စာတွေ တတ်တယ်ဟေ့ ဆိုပြီးတော့ ကြည်ညိုတတ်ကြတာတွေ ရှိပါတယ်။ အဲဒီလို ကြည်ညိုတဲ့သဒ္ဓါတရားကို ပြန်ကြည့်ပါ။ အန္တရာယ်ကင်းအောင်၊ အန္တရာယ်တွေ မလာရအောင်လို့၊ ဟာ....ဒက္ခိဏသာခါဆိုရင် မီးကွင်းတယ်ဟေ့၊ ဘာအသားဆိုရင် ဘယ်လို ဖြစ်တယ်ဟေ့၊
ရေဆန်သားဆိုရင် ဘယ်လိုဟေ့ စသည်အားဖြင့် အန္တရာယ်တွေကင်းအောင် ကိုးကွယ်တယ် ဆိုတာက ကြောက်တဲ့ ဒေါသပါနေတယ်။ အန္တရာယ်ကင်းအောင်လို့ ကိုးကွယ်တာထက် ကိုးကွယ်ရင် အန္တရာယ်ကင်းတယ်ဆိုတဲ့ အသိချင်းက ကွာသွားပြီ။ အန္တရာယ်ကင်းအောင် ကြောက်လို့ ကိုးကွယ်တယ် ဆိုရင်တော့ အဲဒီ သဒ္ဓါတရားက အားနည်းသွားတယ်။ အစစ်လည်း ဖြစ်ခဲတယ်။

နောက်တစ်ခုက အကျိုးစီးပွားတွေဖြစ်အောင်လို့ ကိုးကွယ်တယ် ဆိုပြန်တော့လည်းပဲ ဘာတွေရောတတ်သလဲဆိုတော့ လောဘ ရောတတ်တယ်။ ဟာ .. ဘုရားကို ဒီလိုပုံလေးထုမှ လာဘ်လာဘတွေ ရွှင်တယ်ဆိုရင် အဲဒီအတိုင်း လိုက်လုပ်ကုန်ရော။ အဲဒီအတိုင်း လိုက်လုပ် တော့ ဘုရားရှင် ကိုယ်တော်မြတ်ကြီးရဲ့ လက္ခဏာတော်ကြီးငယ်တွေ အကုန်ပျောက်ကုန်ရော။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ လက္ခဏာတော်ကြီးငယ်တွေနဲ့ တူအောင်လို့ဆိုတာ တကယ့်ကို သဒ္ဓါတရားနဲ့ ပုံတော်ကို ကြည်ညိုတဲ့နေရာမှာ စိတ်ထဲကကို ဘုရားရှင်ကိုယ်တော် မြတ်ကြီးကို လက္ခဏာတော်ကြီးငယ်တွေနဲ့ ဒီလိုပုံ ဒီလိုပုံလို့ သိလေလေ၊ ပိုပြီးတော့ သဒ္ဓါက တက်လေလေပါပဲ။ သဒ္ဓါက တက်လာတော့ ဦးပဉ္စင်းတို့ စောစောကပြောသလို ဘုရားဆင်းထုတော်ကို ရွေးတယ်၊ ရွေးတယ်ဆိုတဲ့ သဒ္ဓါတရားက တကယ့်သဒ္ဓါတရား မဟုတ်သေးပါဘူးတဲ့။ တကယ့်သဒ္ဓါတရားအစစ်ကျတော့ ဘုရားရှင် ကိုယ်တော်မြတ်ကြီးရဲ့ လက္ခဏာတော် ကြီးငယ်တွေကို အာရုံပြုတတ်တယ်။

လက္ခဏာတော်ကြီးငယ်တွေကို ဘာကြောင့် အာရုံပြု တတ်တာလဲ ဆိုတော့ ဘုရားရှင် ကိုယ်တော်မြတ်ကြီးရဲ့ အသားအရေတွေ၊ ဘုရားရှင်ကိုယ် တော်မြတ်ကြီးရဲ့ ခြင်္သေ့မင်းကဲ့သို့ ရင်ဘတ်တော်တွေ၊ အဲဒါတွေကို မြင်လိုက် တွေ့လိုက်ရ တာနဲ့ ဘုရားရှင်ကိုယ်တော်မြတ်ကြီး ဖြည့်ဆည်းခဲ့တဲ့ ပါရမီတွေအထိ သွားမြင်တယ်။ { မင်းနန်(မော်ကျွန်း)၏ ဆရာတော်ကြီးများ၏ သြ၀ါဒတော်များပေါင်းချုပ်မှ ထုတ်နုတ် ရေးသားပူဇော်ပါသည်။ } (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန် ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

ရေးသားသူ - ဦးသိန်းဝေ မြတ်ဗုဒ္ဓ၏ ဓမ္မစာစုများ..

No comments:

Post a Comment