Thursday, January 9, 2014

မြန်မာများ မ၀င်ရ

Photo: >> မြန်မာများ မ၀င်ရ <<

"အစ်ကိုကြီးရေ.. သတင်းထူးပါတယ်၊ သတင်းထူး" လို့ အော်ပြီး မနက်စောစောကြီး ရောက်လာသူ ကတော့ တပည့်ကျော် မောင်ဆိတ်သိုးပေါ့ ခင်ဗျာ။

"မင်းကလည်းကွာ၊ အခုမှ အိပ်ရာထစ ရှိသေးတယ်။ ငါက ကျန်းမာရေး ဂျာနယ်ထုတ်တာ။ ဘာသတင်းထူးမှ မလိုဘူး။ သတင်း ဂျာနယ်တွေသာ အဲဒီ မင်းသတင်းထူး သွားပေးလိုက်"ဆိုပြီး ပြောလိုက်တော့ မောင်ဆိတ်သိုးက မျက်နှာငယ်လေးနဲ့ "ဒီသတင်းက အစ်ကိုကြီး လက်နဲ့ရေးမှ ရမှာ။ သတင်း ဂျာနယ်တွေ သွားပေးရင် ထူးမခြားနား ဇာတ်ဖြစ်မှာစိုးလို့ အားကိုးတကြီး လာခဲ့တာ။ ပြီးတော့ ဒီကိစ္စက အရေးကြီးတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ကျွန်တော်တို့ လူမျိုးကို စော်ကားတဲ့ကိစ္စ ဖြစ်နေလို့" အဲဒီလို မောင်ဆိတ်သိုး ပါးစပ်က မပြောစဖူး ပြောလိုက်တော့ မာဂျေလည်း မျက်စိကျယ်သွားတယ်။

ဒါနဲ့"ကဲ ဆိုစမ်းပါဦး၊ မင်းရဲ့ ကိုယ့်လူမျိုးကို စော်ကားခံရတဲ့ ကိစ္စကြီး။ ငါတို့လူမျိုးက အစော်ကား ခံနေရတာ ကြာပါပြီ"

"ဒီလိုဗျ၊ အခု ကျွန်တော်တို့ နိုင်ငံထဲကို နိုင်ငံခြားသားတွေ အတော်လာကြတယ်။ အဲဒီအထဲမှာကိုရီးယားတွေ၊ ယိုးဒယားတွေ၊ ဂျပန်တွေက မဟုတ်မဟတ်တွေ လုပ်နေတာ တွေ့လို့။ သူတို့က ဒီမှာ အိမ်ကြီးကြီး တစ်လုံး ငှားတယ်ဗျာ။ ပြီးရင် သူတို့ဆီက လာတဲ့ တိုးရစ်တွေ အတွက် အခန်းတွေ ဖွဲ့ပြီး ငှားစားတယ်။ သူတို့ရုံး က သူတို့လူမျိုး စကားပြန်နဲ့ တစ်နိုင်ငံလုံး လျှောက်လည်တယ်ဗျာ။
သူတို့လူမျိုး ဖွင့်ထားတဲ့ ဆိုင်တွေမှာ စားတယ်။ နောက်ဆုံးမတော့ ကျွန်တော်တို့ နိုင်ငံမှာ သူတို့ ယိုခဲ့တာတွေပဲ ကျန်ခဲ့တော့တယ်"

"အဲဒါက ဟိုတယ်ခရီးတို့၊ အခွန်ဦးစီးတို့၊ ကုမ္ပဏီ မှတ်ပုံတင် ရုံးတို့နဲ့ ဆိုင်တယ် ထင်တာပဲ။ ပြည်တွင်းက တိုးဂိုက်လို့ ခေါ်တဲ့ ခရီးသွား လမ်းညွှန်တွေကိုတော့ ဟိုလိုမ၀တ်ရ၊ ဒီလိုမ၀တ်ရ၊ ဟိုအခွန်ဆောင်၊ ဒီစည်းကမ်း လိုက်နာနဲ့၊ ပြည်ပကနေ ပြည်တွင်းကို တရားမ၀င် လာလုပ်နေ တဲ့ သူတွေကိုတော့ ဖမ်းဖို့ဆီးဖို့၊ အရေးယူဖို့ ဘာဥပဒေမှ မရှိဘူး ထင်ပါတယ်ကွာ။ ဗိုလ်တထောင် ဘိုးဘိုးကြီး နတ်ကွန်းမှာ ယိုးဒယား တိုးဂိုက်က သူ့လူမျိုးတွေကို ဘိုးဘိုးကြီး ပွဲတင် ပေးနေတာတောင် ငါတွေ့ဖူးတယ်။အောင်မယ် တာဝန်ကျ ဘုရားလူကြီး ပွဲတင်ပေးတာထက်တောင် စနစ်ကျသေး"

"အဲဒီလို လုပ်နေကြတော့ ဒီကောင် တွေက အိမ်ငှားခပဲ ပေးရတာလေ။ ကျန်တဲ့ငွေ အားလုံး သူတို့အိတ်ထဲ ရောက်ရုံမက ဟိုတယ်နဲ့ပတ်သက်တဲ့ အခွန်အခ တွေ၊ ကျွန်တော်တို့ နိုင်ငံက မနာပေဘူးလား။ ပြည်တွင်းက ခရီးသွား လမ်းညွှန် တွေ မနစ်နာပေဘူးလား"

"တော်စမ်းပါ မောင်ဆိတ်သိုးရယ်၊ တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေတောင် မသိချင်ယောင် ဆောင်နေတာ။ ငါတို့က အနေသာကြီး"

"ခင်ဗျားကြီးလို နိုင်ငံခြားသား ဘာလုပ်လုပ် အကောင်းထင်နေသူတွေကြောင့် တိုင်းပြည်က ဗိုလ်ချုပ်ပြောသလို ဖာနိုင်ငံဖြစ်တော့မယ်"

"ဟေ့ကောင် တိုးတိုးပြော။ ငါတို့နိုင်ငံက ဖြစ်နေတာကြာပြီ။ ခုမှ တစ်ရေးလာနိုး မနေနဲ့"

"ဟမ်၊ အဲဒါ ခင်ဗျားကြီးတို့လို စာရေးဆရာတွေမှာ၊ မီဒီယာတွေမှာ တာဝန် ရှိတယ်လေ"

"ဘာဆိုင်လို့လဲ၊ အခု မီဒီယာတွေက ပိုက်ဆံရမယ့် သတင်း၊ ဟုတ်ဟုတ် မဟုတ်ဟုတ် ဇာတ်နာမယ့် သတင်းတွေပဲ ရေးနေကြတာကို။ အဲဒီလို ရေးမှလည်း တွက်ခြေကိုက်တာလေ"

"သွားပါပြီဗျာ၊ နိုင်ငံတော့ စုံးစုံးမြုပ်ပါပြီ"

"ငါ့လာမပြောနဲ့၊ တာဝန်ရှိသူတွေကို သွားပြော။ အင်အားကြီး ပါတယ် ဆိုတဲ့ မီဒီယာတွေကို သွားပြော။ ငါက သူတို့ ဆီမှာ ကော်လံစားနဲ့ စာရေးနေရတဲ့ အဆင့်ပဲရှိတာ"

"ဒီထက်ဆိုးတာ ပြောစရာကျန်သေးတယ်။ အခု ရန်ကုန်မှာ မြန်မာမ၀င်ရ ဆိုတဲ့ စားသောက်ဆိုင်တွေ၊ ဘားတွေ စဖွင့်နေကြပြီ"

"ဒါတော့ ဆိုးတယ်ဟေ့။ သူ့ကျွန်ဘ၀တုန်းက မျက်နှာဖြူတွေက ပဲခူးကလပ်မှာ မြန်မာများ၊ ခွေးများ ၀င်ခွင့်မပြုဆိုပြီး ဆိုင်းဘုတ် ချိတ်ခဲ့လို့ အတော် ဆူသွားခဲ့ဖူးတယ်။ ကမ်းနားလမ်းက စထရင်း ဟိုတယ်မှာလည်း အရှေ့တိုင်းသားများ တည်းခွင့်မပြုဆိုတဲ့ စာကပ်ခဲ့ဖူးတယ်။ အခုက ကိုယ့်မင်းကိုယ့်ချင်း နိုင်ငံလေ ကွာ။ ဒီလိုလုပ်လို့ ဘယ်ရမလဲ"

"လုပ်နေကြလို့ ပြောတာပေါ့ဗျ။ တစ်နေ့က ရွှေဂုံတိုင် မီးပွိုင့်နားရှိတဲ့ ဟိုတယ်အပေါ်ဆုံးက ဘားကိုသူငယ်ချင်း တစ်ယောက်နဲ့ ရောက်သွား တာ။ နိုင်ငံခြားသားမှ၊ ဒါမှမဟုတ် ဂျပန် စကားပြောတတ်မှ ၀င်ရမယ်ဆိုလို့ စိတ်ဆိုးပြီး ပြန်လာခဲ့ရတယ်။ ပြီးတော့ ခန့်ထားတဲ့ ဘားမယ်လေးတွေ က မြန်မာမ ငယ်ငယ် ချောချောလေးတွေကို တစ်လသုံးသိန်း ပေး ခန့်ထားတယ်တဲ့။ပြီးတော့ ဆိုင်အားလုံး ည၁၁ နာရီ ပိတ်ရပေမယ့် မနက် ၂ နာရီအထိ ခပ်တည်တည်နဲ့ ဖွင့်နေသတဲ့။ပိုင်ရှင်က နိုင်ငံခြားသားတဲ့။

"ဒီသတင်းက ငါ့အတွက် အရေးကြီးသဟေ့"

"ဒီတော့ ခင်ဗျားကြီးက မြန်မာများ၊ ခွေးများ မ၀င်ရ ဇာတ်တစ်ပတ်လည်ခြင်း ဆိုပြီး ရေးတော့မယ်ပေါ့"

"မရေးပါဘူး၊ ဂျပန် စကားလေး ထမင်းစား ရေသောက်သင်ပြီး အဲဒီဘားက မြန်မာမလေးတွေ ဘယ်လောက်ချောလဲ သွားကြည့်မလို့။စားပွဲထိုးကို သုံးသိန်းပေး ခန့်တယ် ဆိုကတည်းက.. အဟေဟေ..ဟေ"

"အောင်မယ်လေးဗျာ၊ ကျွန်တော့်မှာ တော့ ခင်ဗျားကို အားကိုးတကြီး ပြောလိုက်ရတာ"

"ဒီမယ် လူကလေး မောင်ဆိတ်သိုး၊ တာဝန်ရှိတဲ့ သူတွေတောင် မသိတာလား၊ မသိချင်ယောင်
ဆောင်နေတာလား၊ ဘယ်သူနဲ့ ဘယ်လိုပိုင်လို့ ဒီလိုတွေ လုပ်နေကြမှန်း မသိဘဲ ရမ်းရေးလို့ မရပေဘူး။ ငါက အမတ်လည်းမဟုတ်၊ တရားဥပဒေ စိုးမိုးရေးမှာ တာဝန်ရှိတဲ့သူလည်း မဟုတ်၊ သတင်းဂျာနယ် ထုတ်ခွင့်ရသူလည်း မဟုတ်နဲ့ ဘာကောင်မှ မဟုတ်ဘူး လေကွာ။ အဲဒီအစား ရောတိရောရာ ငါလည်းပါ ဆိုသလို ဂျပန်စကားလေး သင်ပြီးသွားစားတာ၊ ဘားမယ်လေးတွေနဲ့ ပရောပရည် လုပ်တာကမှ အနေအစား ချောင်မလား လို့ပါ"လို့လည်း ပြောလိုက်ရော မောင်ဆိတ်သိုးက ဒေါသတွေ ထွက်ပြီး ခင်ဗျားကြီး တို့လို လူတွေကြောင့် တိုင်းပြည် ဒုက္ခ ရောက်နေတာ၊ လူမျိုး ပြုတ်တော့မှာ ဆိုပြီး စိတ်ဆိုးတကြီးနဲ့ ပြန်သွားလေရဲ့။

နို့ မာဂျေပြောတာ ဘာမှားလို့လဲဗျာ။ ကိုယ်က ဘာမှလုပ်လို့ရတဲ့ ကောင်မှ မဟုတ်တာ။ မီဒီယာကနေ ရေးပြနေတော့လည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေက အဖက်လုပ်ပြီး ဘာများ အရေးတယူ လုပ်လို့လဲ။ အသက်ကြီးမှ သူများ အမုန်းတော့ မခံနိုင်ပေါင်ဗျာ။

မာဂျေ

Source: အင်တာနတ် 
Powered by >> www.myanmarcutegirl.com << "အစ်ကိုကြီးရေ.. သတင်းထူးပါတယ်၊ သတင်းထူး" လို့ အော်ပြီး မနက်စောစောကြီး ရောက်လာသူ ကတော့ တပည့်ကျော် မောင်ဆိတ် သိုးပေါ့ ခင်ဗျာ။

Powered by >> www.myanmarcutegirl.com <<

No comments:

Post a Comment