Thursday, January 9, 2014

ရေသန့်ဘူးလွှင့်ပစ်ခြင်း

ရေကုသိုလ်ခေတ်ကနေ ရေသန့်
ဘူးခေတ်ရောက်လာတော့ ရထားနဲ့
 သွားသွား၊ ကားနဲ့ သွားသွား ခရီးသွားပြီ ဆိုရင်တော့ ရေသန့်ဘူးနဲ့ ကင်းသူရှိမည်မထင်။ ဒီလိုပဲ သွားရင်း 
လာရင်း အမှုမဲ့ အမှတ်မဲ့ ကားပေါ်က နေ၊ ရထားပေါ်ကနေ ရေသန့်ဘူးပစ်ချ
ခဲ့သူတွေလည်း ရှိမှာပါ။ ကျွန်တော်ကိုယ်တိုင်တောင် လုပ်ခဲ့ဖူးလို့ စည်းကမ်း မဲ့မိတဲ့အကြောင်း စာတစ်
ပုဒ်ရေးခဲ့ဖူးသည်။ ဒါပေမယ့် ရေသန့်ဘူးကို ခံစားချက်အပြည့်နဲ့ ပစ်ချတတ်သူတော့ အတော်နည်း မည် ထင်ပါသည်။ ဒါပေမယ့် မကြာမီရက်တွေတုံးက ရေသန့်ဘူးကို ခံစားချက်အပြည့်နဲ့ ပစ်ချခဲ့ သည့် လူငယ်လေးတစ်ဦးအကြောင်းကို ကြားခဲ့ရသည်။
၂၀၁၁ ခုနှစ်အတွင်းက မြေလတ်ဒေသသို့ ဌာနတာဝန်ဖြင့် ခရီးထွက်ခဲ့သည်။ ခရိုင်မြို့ကြီး တစ်မြို့ ရောက်တော့ ပရဟိတလုပ်ငန်းတွေဆောင်ရွက်နေသည့် ဆရာတော်တစ်ပါးထံ သွားရောက်ဂါရ ၀ပြုခဲ့ သည်။ ဆရာတော် အကြောင်းကို လွန်ခဲ့သည့် တစ်နှစ်ကျော်က ဂျာနယ်တစ်စောင်မှာ ဖတ် ခဲ့ဖူး သဖြင့် ဒီဒေသကိုရောက်ချိန် မှာ ၀င်ရောက်ဂါရ၀ပြုခဲ့ခြင်းဖြစ်၏။ တကယ်တော့ အဲဒီအချိန်က ဆရာတော်ထံ ဌာနဆိုင်ရာတွေသွားလေ့သွားထ မရှိလှ။ ဆရာတော်အကြောင်း ဂျာနယ်မှဖတ် ရတော့ အဲဒီခရိုင်မြို့မှာ တာဝန်ထမ်းဆောင်နေသော ကျွန်တော့် ၀န်ထမ်းတွေကို ဆရာတော်နဲ့ ဆက်သွယ်ပြီး စာကြည့်တိုက်ကိစ္စများရော အခြားကိစ္စများပါ အကူအညီပေးရန် မှာကြားခဲ့သည်။ ဒါပေမယ့် သူတို့ထံက ဘာသတင်းမှ မကြားရ။ ဘာတွေလုပ်ပြီးပြီလဲလို့ မေးတော့ အဲဒီ ဆရာ  တော်က Clear မဖြစ်ဘူးဟုဆိုသည်။ သူတို့ အဖြေကို ကျွန်တော်သိတ်ဘ၀င်မကျ၊ ဒ့ါကြောင့် ကိုယ်တိုင် ရောက်ချိန်မှာ ဆရာတော်ထံသို့ အရောက်သွားခဲ့ခြင်းဖြစ်သည်။

ဆရာတော်က အဲဒီမြို့မှာ ပရဟိတလုပ်ငန်းတွေအတော်လုပ်သည်။ အဲဒီထဲက လုပ်ငန်းတစ်ခု ကတော့ မြို့ ပတ်ဝန်းကျင်မှာ ကျင်လည်ကျက်စားနေသည့် လမ်းပေါ်ရောက်ကလေးတွေ၊ အမှိုက်ကောက်၊ ရေသန့်ဘူး ကောက်ပြီး ငွေရှာနေသူတွေကို စုစည်းပြီး စာသင်ပေးသည့် အလုပ်ြ ဖစ် သည်။ ဒီကလေးတွေကို တစ်ပတ်သုံး ရက် ထမင်းကျွေး စာသင်ပေးသည်။ သူ့လူငယ်ဒ ကာတွေနဲ့ အတူ အဲဒီကလေးတွေ နေတဲ့ ရပ်ကွက်တွေကို သွားပြီး စုစည်းကာ စာသင်ဖို့ ပြော သည်။ ဒီလိုနဲ့ အဖွဲ့အစည်းတစ်ခုက ဒီဆရာတော် နိုင်ငံရေးလုပ်နေသည်၊ မဲဆွယ်နေသည်ဟု သတင်း ပို့ရာကနေ အကျယ်အကျယ်ဖြစ်သွားခဲ့သည်။ ဒါ့ကြောင့် ဌာနဆိုင်ရာများက ဆရာ တော် လုပ်ငန်းတွေမှာပါဝင်ကူညီတာနည်းပါးနေခြင်းဖြစ်သည်။(အခုတော့အခြေအနေတွေပြောင်းကုန်ပါပြီ)

အဲဒီနေ့က ဆရာတော်နဲ့ ကျွန်တော် အတော်ကြာကြာစကားပြောဖြစ်ခဲ့သည်။ ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖြစ် သည်။ သဘောမတူတာတွေလည်း ရှိသည်။ သို့သော် ပြဿနာမရှိ။ ကျွန်တော်တို့အတွက်ကတော့ ဘယ်သူ က စာကြည့်တိုက်ဖွင့်ဖွင့် စာကြည့်တိုက်တစ်တိုက်တိုးလာခြင်းသည် လူ့အဖွဲ့အစည်းတိုးတက်ဖို့ဖြစ်သည်ဟု သာခံယူသည်။ ဒါ့ကြောင့် ဒေသခံဝန်ထမ်းများကို ဆရာတော်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ မှာခဲ့ရသည်။ စိုးရိမ်မှု တွေမရှိဖို့နဲ့ သူတို့ အတွက်ကျွန်တော်တာဝန်ခံကြောင်း ပြောခဲ့ရသည်။

ဒီဇင်ဘာလကုန်ခါနီးမှာ ဆရာတော်က ဖုန်းဆက်လာသည်။ သူစာသင်ပေးနေသည့် ကလေးငယ်တွေကို ဒေသန္တရ ဗဟုသုတရစေဖို့အတွက် ပုဂံ ပို့မည်၊ အဆင်ပြေရင်နေပြည်တော်ကိုလည်း လာချင်သည်၊ သူ့မှာ တည်းခိုဖို့ အသိအကျွမ်းမရှိ၊ ဘယ်လိုလုပ်ရမလဲဟု မေးလာသည်။ ကျွန်တော်က ကျွန်တော်တို့ဌာနနှင့် ဆရာ ဒကာဖြစ်သည့် ကျောင်းမှာ တည်းခိုနေထိုင်ရေး၊ နေပြည်တော်အတွင်း လှည့်လည်လေ့လာနိုင်ရေးများကို စီစဉ် ပေးခဲ့သည်။ ဆရာတော်ရောက်တော့ ကျွန်တော်ကိုယ်တိုင်သွားတွေ့ခဲ့သည်။

ဆရာတော်နှင့်အတူ ကလေးငယ်လေးဆယ်ကျော်ပါလာသည်။ ငါးနှစ်သားကနေ နှစ်ဆယ်လောက်အထိ၊ မိန်း ကလေးအချို့လည်းပါသည်။ အမှိုက်ကောက်သူတွေ၊ လေလွင့်လူငယ်တွေ၊ တစ်ချို့က ကော်ရှုတာကို ဖြတ်နေသူတွေ၊ အရင်က တစ်ပတ်သုံးရက်ခေါ်ထားရာကနေ အခု အမြဲတမ်းကျောင်းမှာ နေထိုင်စာသင် နိုင်အောင်လုပ်ထားပြီ ဟု ဆရာတော်က ဆိုသည်။ သူတို့ နဲ့ စကားပြောကြည့်တော့ ကျွန်တော်တို့လို လူစိမ်း တွေအပေါ် သိတ်ပြီး ဟက်ဟက်ပက်ပက်မရှိလှ။ သူတို့ မျက်လုံးတွေထဲမှာ သံသယတွေ၊ မယုံကြည်မှုတွေကို မြင်နေရသည်။

ဒါက လည်းအပြစ်တင်စရာမဟုတ်။ အသက်ငယ်ငယ်လေးနဲ့ ကြမ်းတမ်းသော၊ တော၏ ဥပဒေကြီးစိုးသော လမ်းပေါ်မှာရှင်သန်အောင်ရပ်တည်ခဲ့ရသောသူတို့တွေအနေနဲ့ လူစိမ်းတစ်ယောက်ကို ယုံကြည်ဖို့ ဆိုတာ အတော်ခက်ပါသည်။ ဒါပေမယ့် ဆရာတော်နဲ့ စကားပြောချိန်မှာတော့ သူတို့ မျက်လုံး တွေထဲမှာ ချစ်ခင်အားကိုးမှုတွေ မြင် ရသည်။ ဆရာတော်တစ်ပါးထက် မိဘတစ်ယောက်လို၊ အကိုကြီး တစ် ယောက်လို ဆက်ဆံတာကို တွေ့ရသည်။ ဆရာတော်က အချို့ကလေးများမှာ တစ်နှစ်လောက်အထိ စာသင်ဖို့ လာတိုင်း တုတ်၊ ဒါး လက်နက်တစ်ခု ပါလာကြောင်း၊ ပတ်ဝန်းကျင်ကို ယုံကြည်ပြီး ရန်လိုမှုတွေပျောက်သွားအောင် စိတ်ရှည်ရှည်နဲ့ လုပ်ခဲ့ရကြောင်းရှင်းပြသည်။

ဆရာတော်နဲ့ ကလေးတွေ နေပြည်တော်မှာ နှစ်ညအိပ်ပြီး ပျော်ပျော်ရွှင်ရွှင်ပြန်သွားကြသည်။ ကလေးတွေ ပြန် သွားပြီးတော့ သူတို့ကို လိုက်ပို့ပေးခဲ့သည့် အရာရှိတစ်ဦးနဲ့ စကားပြောဖြစ်သည်။ သူက ကားနဲ့ သွားနေစဉ် ကလေးတစ်ယောက်ကရေသောက်ပြီးနောက် ရေသန့်ဘူးကို ကားပြူတင်းပေါက်ကပစ်ချရင်း အား × ရေသန့်ဘူး ပစ်ချရတာ အရသာရှိလိုက်တာ လို့ ကျူးရင့်သည့်အဖြစ်အပျက်အကြောင်း ပြောပြ သည်။

ထိုအရာရှိအတွက်ကတော့ ကားပေါ်က ရေသန့်ဘူးပစ်ချခြင်းသည် လက်ခံနိုင်စရာမရှိသည့် စည်းကမ်းမဲ့မှုဖြစ် သည်။ ဒါပေမယ့် ဆရာတော်က ဒီကလေးက တစ်သက်လုံး ရထားလမ်း၊ ကားလမ်းဘေးမှာ ရေသန့်ဘူး ကောက်ရင်းကြီးပြင်းလာရတာ၊ အခု ခရီးက သူ့ဘ၀မှာ ပထမဆုံးကားစီးပြီးခရီးသွားခွင့်ရတာ၊ ဒါပထမဆုံး သူများအတွက် ရေသန့်ဘူးပစ်ချခွင့်ရတာ ဟု ရှင်းပြခဲ့သည်ဟု ဆိုသည်။ ပြန်ပြောပြနေသည့် အရာရှိမျက်နှာ ပေါ်က ခံစားချက်တွေကို ကျွန်တော်နားလည်မိပါသည်။

အမြန်လမ်းမကြီးမပြီးခင်က နေပြည်တော်ကနေ ရန်ကုန်ကို ရထားဖြင့် သွားတိုင်း ဘူတာတွေအ၀င်မှာ ရေသန့် ဘူးပစ်ချပေးရန်အော်နေသည့်ကလေးငယ်တွေတွေ့ခဲ့ရသည်။ ရန်ကုန်ဘူတာကြီးအ၀င်ဆိုရင် တွဲပေါ်တက် လာပြီး ခုံကြားတွေမှာ ရေသန့်ဘူးလိုက်ရှာကြသည်။ အခြား ကလေးတွေထက် သပ်သပ်ရပ်ရပ်ဝတ်ထားပြီး မျက်နှာမှာ သနပ်ခါးပါးကွက်ကြားနှင့် ထူးထူးခြားခြား ကလေးငယ်တစ်ဦးလည်းတွေ့ဖူးသည်၊ ကျောင်းတက်ရင်း အပိုဝင်ငွေရှာတာလည်းဖြစ်နိုင်သည်။ သူ့ဝတ်ပုံစားပုံ၊ စကားပြောပုံကို နှစ်သက်သဖြင့် နောင်ဆိုရင် သူနဲ့ များ တွေ့မလားလို့ ရေသန့်ဘူးကို သိမ်းထားမိဖူးသည်။

ဒါပေမယ့် အဲဒီထက်ပိုပြီး သူတို့ အပေါ် စာနာမှုမရှိခဲ့။ တစ်ခါတစ်လေ အော်ဟစ်မောင်းထုတ်ခဲ့ဖူးသည်။ တစ်ခါတစ်လေတော့လည်း လူတွေအကျင့်လုပ်လို့ ဒီလိုဖြစ်နေတာဟု တွေးခဲ့ဖူးသည်။ တွဲစောင့်တွေက မတားဖူးလားဟု ဆိုဖူး သည်။ သူတို့ ပြဿနာကို ဖြေ ရှင်းပေးဖို့ မစဉ်းစားမိ၊ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်တို့ မှာ အရိုးစွဲနေသည့် လွယ်လွယ် အပြစ်တင် တတ်သည့်ဓလေ့အတိုင်း တရားခံလိုက်ရှာတာပဲလုပ်ခဲ့သည်။

ဆရာတော်ကတော့ အပြစ်တင်ဖို့ထက် ပြဿနာကို အဖြေရှာဖို့လုပ်သည်။ လမ်းပေါ်ရောက် ကလေးအားလုံး ၏ ပြဿနာကို မဖြေရှင်းနိုင်သည့်တိုင် သူ့ပတ်ဝန်းကျင်က ကလေးများ၏ ပြဿနာကို ဖြေရှင်းနိုင်ဖို့ ကြိုးစား သည်။ ဆရာတော်နဲ့ စကားပြောတိုင်း ပြဿနာဖြေရှင်းနည်းတွေပဲ ကျွန်တော်ကြားခဲ့ရသည်။ တရားခံရှာ အပြစ် ဖို့တာ မကြားရ၊ ပြဿနာတွေအကြောင်းပဲထိုင်ပြောနေတာမနာရ။

အဲဒါကပင် ကျွန်တော်တို့နှင့် ဆရာတော်ကွာခြားချက်ဖြစ်ပါသည်။

ရေသန့်ဘူးတစ်ဘူး၏ တန်ဖိုးသည် ဘာမှ မဟုတ်။ ဒါပေမယ့် လမ်းပေါ်ကို လွှင့်ပစ်လိုက်သည့် ရေသန့်ဘူး လေးတစ်ဘူးကနေ ရလာတဲ့ တန်ဖိုးကတော့ ကြီးမားလှပါသည်။

ရဲထွဋ်

No comments:

Post a Comment