Wednesday, January 8, 2014

အကယ်ဒမီဆုနှင့် လွဲခဲ့ကြသူများ

အကယ်ဒမီလို့ ပြောရင် အနုပညာရှင်တိုင်းက နတ်ကြီးတယ်လို့ ပြောကြတယ်။ ပရိသတ်တွေ ကြား မှာ တစ် ပေးခံရပြီး အကယ်ဒမီနဲ့ လွဲခဲ့ရတဲ့  အနုပညာရှင်တွေလည်း အများကြီး ရှိပါတယ်။ အကယ်ဒမီ လွဲခဲ့တဲ့ အနုပညာရှင် တွေထဲမှာမှ ပရိသတ် တစ် ပေးခံရပြီး အကယ်ဒမီ ဆုမရခဲ့ပေမယ့် ပရိသတ်ပေါင်း များစွာပေးတဲ့ အားပေးမှုနဲ့ အောင်မြင်နေတဲ့ အနုပညာရှင် များစွာ ရှိပါတယ်။ ဒီအထဲမှာမှ ပရိသတ်တွေနဲ့ အမြဲ ထိတွေ့နေသူ နာရေးကူညီမှု အသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌဦးလူမင်းနဲ့ ပြည်သူချစ် မင်းသမီး လင်းဇာနည်ဇော်တို့ရဲ့ အကယ်ဒမီ ခံစားချက်များကို မေးမြန်း ဖြစ်ခဲ့ပါတယ်။
ကျော်သူ
”ဒိုးဇာတ်ကား  ရိုက်တုန်းကတော့ ရုပ်ရှင် သက်တမ်းမှာ အကြိုးစားဆုံး၊ အပင်ပန်းဆုံး လုပ်ခဲ့တဲ့ကား ပါ။ အကယ်ဒမီ ရမယ် လို့လည်း ယုံကြည်ခဲ့တယ်။ ဒါပေမဲ့ အကယ်ဒမီဆု ကြေညာတဲ့အခါမှာ အကောင်း ဆုံး ဇာတ်ကားဆုက ဒိုး ဇာတ်ကား၊ ဒါရိုက်တာ ကြေညာတော့လည်း ဒိုး ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ ဦးကြည် စိုးထွန်းက ရတယ်။ သရုပ်ဆောင် ဆုက တစ်ဆုမှ မရဘူး။ အဲဒီ သရုပ်ဆောင် ဆု  ကြေညာတဲ့အခါမှာဦးကျော်ဆိုပြီးဆွဲထားတာ ပြီးမှဟိန်းဆိုပြီးလုပ်ထည့်လိုက်တယ်။  တော်တော်လေးကို ခံစားရတယ်။ ဇာတ်ကားနဲ့ ဒါရိုက်တာ ဆုရပြီဆိုရင် သေချာပေါက် သရုပ်ဆောင်ဆု ရကို ရရမယ်။ ကိုယ်မရတာ ထားဦး သရုပ်ဆောင် တစ်ယောက် ရကိုရမယ်။ ဒါ ပေမဲ့ မရခဲ့ရဘူး။ သရုပ်ဆောင်တွေ က တော်လို့ ကောင်းလို့ ဇာတ်ကား ဆုရတာလေ”
လူမင်း
”ရုပ်ရှင် သက်တမ်း တစ်လျှောက်မှာ ပထမဆုံး တစ် ပေးခံရတဲ့နှစ်မှာပဲ အကယ်ဒမီဆိုတာနဲ့လွဲတဲ့နှစ် ပါပဲ။ အကယ်ဒမီနဲ့ ပတ်သက်ပြီး စတင် ရင်ခုန်ခွင့်ရတဲ့ ကား ဆိုပေမယ့် မမှန်းရဲဘူး။ ပရိသတ်တွေက တစ် ပေး ကြပေမယ့်လည်း  တစ်လွဲခဲ့ရတယ်။ နောက်တစ်ခါကျတော့ လျှို့ဝှက်သောနှင်းမှာ ခက်ခက်ခဲခဲနဲ့ သရုပ်ဆောင် ရတဲ့အချိန်မှာ တအား ရချင်ခဲ့တယ်။ ဒါပေမဲ့ လွဲပြန်ခဲ့တယ်။ နောက်ဆုံး မနှစ်က အလွဲက ထာဝရ အလင်းတန်းမှာ ဇာတ်ပို့ဆု တစ် ပေးခံရပြန်တယ်။ ကိုယ်တိုင်ကလည်း ဇာတ်ပို့နဲ့  တက်လာတဲ့သူ ဆိုတော့ ရရင်တော့ တကယ့် အမှတ်တရပဲပေါ့။  အစ်ကိုလည်း  ကိုယ့်သရုပ်ဆောင်ချက် ကို ပြန်သုံးသပ်တာ ရနိုင်လောက်တယ်ပေါ့။ မီဒီယာတွေကရော၊ ပရိသတ်ကရော ဝိုင်းပြီးပေးကြတော့ ရမယ်လို့ မျှော်လင့်ခဲ့တယ်။ အထူးသဖြင့်က အကယ်ဒမီ ပေးတဲ့နေ့မှပဲ ဂျာနယ်တစ်ခုက အိမ်ကနေ စပြီး ဖိနပ် ဝတ်တာက အစ ကွင်းထဲ ရောက်တဲ့အထိ ရိုက်ကူးတော့ တစ်ခါမှလည်း မရိုက်ဖူးဘူးလေ။ ပွဲနီးလာ လေလေ  ရင်ခုန်လေလေ ဖြစ်နေတယ်။ ဘာလို့လဲဆိုတော့ ငါများ ကျိန်းသေရနေပြီလား။ ငါရလို့ ဒီလို ရိုက်ကူးတာ ဖြစ်မယ်ဆိုပြီး ရင်ခုန်ခဲ့တယ်။ ဇာတ်ပို့ဆု ဆိုတော့ လိုချင်စိတ်လည်း ဖြစ်ပေါ်မိတယ်။ ဒါပေမဲ့ တစ်ခုစိတ်ထဲမှာ ဖြေနေတာက ကိုမော့စ် ရလည်း ငါဝမ်းသာတယ်။ ငါက ကြိုးစားဖို့ အခွင့်အရေးတွေ များတယ်။ ကိုမော့စ်တို့က ရဖို့ဆိုတာ ကြိုးစားဖို့ သိပ်ခက်ခဲတယ်။ ဒီလိုတော့ တွေးနေ မိတယ်။ ကျွန်တော်မရပေမယ့် မနှစ် က   တော်တော်ပီတိဖြစ်တယ်။ ကိုမော့စ်လို့ ကြေညာပြီး သူ့ကိုသွား နှုတ်ဆက်တဲ့အခါမှာ သူ့ရင်ထဲက စကားတစ်ခုကြားခဲ့ရတယ်။ ကျွန်တော့်လက်ကို တင်းတင်း ဆွဲထားပြီး သူပြောတယ် ”လူမင်းရာ ငါသာ မရရင် ဒီနေရာမှာ အသက်ထွက်သွားမယ်” ဆိုပြီး ဖွင့်ပြောတဲ့အခါ ကိုယ်လည်း တအား ဝမ်းသာသွားတယ်။ သူမျှော်လင့်တဲ့ အတိုင်း ဖြစ်သွားလို့ အတိုင်းမသိ ဂုဏ်ယူ ဝမ်းသာပေးတယ်။ ဒီနှစ်တော့ မသိသေးဘူး”

လင်းဇာနည်ဇော်

အငိုမျက်လုံး အပြုံးမျက်နှာနဲ့ ပရိသတ် တစ် ပေးခံရပြီး မရခဲ့တာပေါ့။ မလင်းက အလုပ်တစ်ခု လုပ်ပြီ ဆိုရင် အတတ်နိုင်ဆုံး အကောင်းဆုံး ဖြစ်အောင် လုပ်တယ်။ အကယ်ဒမီရစေ ဆိုပြီး ရည်မှန်းထားပြီး ရိုက်ကူးခဲ့တာ မဟုတ်ဘူး။ မလင်းရဲ့ ထုံးစံကိုက ဘယ်လောက်ပဲ ကြိုးစားကြိုးစား ပြန်ကြည့်ရင် အမြဲ တစ်ခုခုက လိုအပ်နေတယ်။ ဒီကားကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် ကိုယ်ရမယ် လို့လည်း လုံးဝ မမျှော်လင့်ခဲ့ပါဘူး။ အကယ်ဒမီ ပေးခါနီး မှ ပရိသတ်တွေက ဖုန်းဆက်၊ မီဒီယာတွေက မေးလာတော့မှ လူဆိုတော့ နည်းနည်းတော့ စိတ်လှုပ်ရှား သွားတာပေါ့။ မလင်းထက် မလင်း အဖေက ပိုပြီးတော့ ရစေချင်တယ်။ ဖေဖေက အကြောထုံ ဝေဒနာ ခံစားနေရ တယ် ဆိုတော့ သားသမီးတွေက သူ့ကို ပြန်ပြီး မိတ်ဆက်နေရပေမယ့် အနုပညာနဲ့ ပတ်သက်လာရင် ဖေဖေက တအားကို တန်ဖိုးထားပြီး စိတ် အစွဲအလန်း ကြီး တယ်။ အနုပညာနဲ့ ပတ်သက်လာရင် မေးကြည့်ရင် တစ်ခုမှ မမေ့ဘူး။ ဒီလို အစွဲအလန်းကြီးတဲ့ ကြားမှာ မလင်းကို အကယ်ဒမီ ရစေချင်တဲ့ စိတ်ထက် ရတယ်လို့ စိတ်စွဲပြီး ညညဆို တီဗီ ရှေ့ကနေ မခွာဘူး။ အကယ်ဒမီ ပေးပွဲ ကြည့်မယ်။ သူ့သမီးရမယ် ဒါကိုကြည့်ပြီး ပွင့်ပွင့်လင်းလင်းပြောရင် ကိုယ့်ဟာကိုယ်တော့ ငြိမ်နေတာပဲလို့ မှန်းလည်း မလင်းက သိပြီးသားလေ။ ဒါပေမဲ့ ဖေဖေ့ကို ကြည့်ပြီး သူအသက်ရှိ ထင်ရှားရှိနေတုန်းမှာ မြင်စေချင်တဲ့ စိတ်ကလေး ပေါက်သွားမိ တယ်။ မလင်းအဖို့ ရမယ်လို့ မမျှော်လင့်ထားတဲ့သူ တစ်ယောက်မို့ ဘာမှ မခံစားရဘူး။ တအားမျှော်လင့်နေတဲ့ ဖေဖေ့ အတွက်တော့ စိတ်မကောင်းဘူး။ ပရိသတ်တွေ ရစေချင်တာကို မရတဲ့ အတွက်လည်း ပရိသတ်တွေကို မလင်း စိတ်မကောင်းဘူး။  မလင်းရဖို့ အရည် အချင်း မပြည့်သေးတာ ဖြစ်မှာပါ”

No comments:

Post a Comment