Friday, January 10, 2014

ကုမုဒြာသတင်းထောက် ပြန်တောင်းပန်ရန် တောင်းဆို

မနေ့က ကုမုဒြာဂျာနယ်မှ နန်းလွင်ဆိုသည့် အတွေ့အကြုံ မရှိ သတင်းစာပညာမတတ်သည့် သတင်းထောက် စတင် လှုံ့ဆော်သည့် တည်းခိုခန်းကိစ္စကို ဟားခါးတစ်မြို့လုံးက အမျက်ထွက်လျက် ရှိပြီး တရားဝင် ပြန်တောင်း ပန်ရန်   တောင်းဆိုလိုက်သည်။
တည်းခိုခန်းအစုတ်၊ ဟားခါးက ပညာပြ စသည့် စကားလုံး များဖြင့် သတင်းထောက် မပီသသော လုပ်ရပ်များကြောင့် ယမန်နေ့ညတွင် မဆီမဆိုင် ဟားခါး မြို့သူမြို့သားများ အပေါ် ဝေဖန်ပြစ်တင်မှုများ ထွက်ပေါ်ခဲ့ရသည်။
ယင်းဝေဖန်မှုများ ဖြစ်ပေါ်လာစေရန် သတင်းထောက် နန်းလွင်သည် ဒေါ်အောင်ဆန်းစုကြည် ခြေထောက်
ခွဲစိတ်မှုခံယူပြီးစ ဖြစ်သည်ကို အခွင့်ကောင်းယူကာ ဟားခါးတစ်မြို့လုံးကို စော်ကားလိုက်ခြင်း ဖြစ်ကြောင်း၊ အဆိုပါ စော်ကားမှုအတွက် ၀န်ချတောင်း ပန်ပေးရမည် ဖြစ်ကြောင်း ဟားခါး မြို့ခံ ကိုကျော်ကျော်က ပြင်းပြင်းထန်ထန် ထုတ်ဖော်ပြောကြား လိုက်သည်။
"သတင်းထောက်ဆိုတာ အပင်ပန်း အဆင်းရဲခံရတယ်။ သတင်းလိုချင်ရင် စွန့်စားရတယ်။ စစ်သ တင်းထောက်တွေဆိုရင် အသက်သေမယ့်ကြားက သွားလာနေရတယ်။ ကမ္ဘာမှာ သတင်းထောက်တွေ နေ့စဉ်သေနေကြရတယ်။ သတင်းထောက်ဆိုတာ ကားကြုံလိုက်စီး၊ ထမင်းကြုံ လိုက်စား၊ လူကြုံလိုက် ပြော ဒီလို လုပ်လို့ မရဘူး။ ၀ါသနာ မပါရင် သတင်းထောက် မလုပ်နဲ့။ အနေအစား ဆင်းရဲ မခံနိုင်ရင် သတင်းထောက် မလုပ်နဲ့။ သတင်းထောက် အလုပ်ကို လွယ်တယ် လို့ အခုခေတ် ကလေးတွေက ထင်နေကြတယ်။ တကယ်တော့ သတင်းထောက်ဆိုတာ အသက်နဲ့ရင်းပြီး လုပ်ကိုင်ရတဲ့ အလုပ်။ အခုခေတ်က သတင်းထောက် ဆိုတာနဲ့ အခွင့်ထူးခံ လို လို ဖြစ်လာနေတာကတော့ သတင်းလောကအတွက် မကောင်းဘူး" ဟု ၀ါရင့် သတင်းစာဆရာကြီး တစ်ဦးက ပြောသည်။

"အခုခေတ် သတင်းထောက်တွေက ဘယ်ဟာက အရေးကြီးသလဲ ဘယ်ဟာက အရေးမကြီးဘူးလဲ မသိကြတော့ဘူး။ သတင်း ဆိုရင် ဒေါ်စု သတင်းမှ သတင်းလို့ ထင်နေကြတာလည်း ရှိတယ်။ တည်းခိုခန်းမှာ တည်းရတာကိုပဲ ပင်ပန်းဆင်းရဲလှပြီ ထင်နေရင်တော့ ဒီသတင်းထောက် အလုပ်ကို ဆက်လုပ်ဖို့ စဉ်းစားသင့်ပြီ" ဟု ၄င်းက ဆိုသည်။

နိုင်ငံတကာတွင် ပူလစ်ဇာဆုရ သတင်းထောက်အကျော်အမော်များမှာ ထောက်လှမ်းရေး သမား များ ကဲ့သို့ လျှို့ဝှက် ထောက်လှမ်းခြင်းများ ပြုလုပ်ရပြီး အခန့်မသင့်လျှင် အန္တရာယ်ပြုသူများနှင့် အချိန်မရွေးတွေ့ဆုံနိုင်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် အစိုးရသစ်တက်လာပြီးနောက် သတင်းစာထုတ်ဝေခွင့် ပေးခဲ့ပြီး ဆင်ဆာစိစစ်မှု များကိုလည်း ဖယ်ရှားပေးခဲ့ရာ သတင်းထောက်အလုပ်မှာ လိုအပ်ချက်များပြားလာခဲ့သည်။ သတင်း ဂျာနယ် တိုက်များအနေဖြင့်လည်း စနစ်တကျ သင်တန်းပေး လေ့ကျင့်နိုင်ခြင်း မရှိဘဲ စိတ်ဝင်စားသူမှန်သမျှ သတင်းထောက်အလုပ် ပေးခဲ့ရသည့် အခြေအနေသို့ ရောက်ရှိလာခဲ့သည်။

ချင်းပြည်နယ်ကဲ့သို့သော ကြမ်းတမ်းပင်ပန်းသည့် ခရီးစဉ်မျိုးတွင် ပင်ပန်းမခံနိုင်သော သတင်းထောက် များ၊ လုပ်သက်နုသတင်းထောက်များကို မစေလွှတ်သင့်ကြောင်း ၀ါရင့်သ တင်းထောက်တစ်ဦးက ပြောသည်။

"သတင်းထောက်တစ်ဦးအနေနဲ့ အရာရာ ဘက်လိုက်မှုမရှိအောင်၊ အဂတိမပါအောင် ဂရုစိုက်ရပါ တယ်။ အခုလိုမျိုး ဟားခါးမြို့ကို စော်ကားသလို ဖြစ်သွားခဲ့တယ် ဆိုရင်တော့ ကာယကံရှင်သ တင်းထောက် အနေနဲ့ ပြန်တောင်းပန်ရမှာပါပဲ။ ဖြစ်စဉ်အမှန်ဆိုရင်တော့ သတင်းထောက်ဘက်က မှားသွားတာပါ။ ဒါကိုလည်း သတင်းထောက်ချုပ်တွေ၊ အယ်ဒီတာချုပ်တွေက ထိန်းကျောင်းပေးဖို့ လိုပါတယ်။ သတင်းထောက်က အရမ်းနုသေးတော့ စိတ်ထင်ရာ လျှောက်ပြောလိုက်တာ ဖြစ်ပါ လိမ့်မယ်။ ဒါမျိုးကို ဂရုစိုက်ဖို့ လိုပါတယ်။ ပြည်သူတွေကလည်း မီဒီယာတွေကို ပြန်ပြီး ထောက်ြ ပ ပြောပြခွင့် ရှိပါတယ်။" ဟု အပတ်စဉ်ထုတ် သတင်းဂျာနယ်တစ်စောင်မှ သတင်းထောက်ချုပ် တစ်ဦး က ပြောသည်။

No comments:

Post a Comment