Wednesday, February 19, 2014

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်မှ သတင်းအမှား ဖော်ပြခံရမှုနှင့် ပတ်သက်၍ ရှင်းလင်း

“ပါတီမူဝါဒနှင့် ဆန့်ကျင်ဟောပြောသည့်
 (NDF)လွှတ်တော်ကိုယ်စားလှယ် 
 ဒေါ်ခင်ဝိုင်းကြည်အား အရေးယူမည်”
ဆိုသော သတင်းအား ရေးသားထား
 သော news watch ဂျာနယ်နှင့်
ပတ်သက်၍ ရှင်းလင်းပွဲတစ်ရပ်ကို 
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် 
 ဒေါ်ခင်ဝိုင်းကြည်သည် MJN ရုံးတွင်
 ရှင်းလင်းပွဲပြု လုပ်ခဲ့သည်။
(NDF)ပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က “မီဒီယာသမားဆိုတာ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့အသိထက်ပိုသိတယ် ပြည်သူတွေကိုလည်း သတင်းမှန်ပေးတယ် ဒါကြောင့်မီဒီယာတွေကို ယုံကြည်ပါတယ် အခု news watch ဂျာနယ်မှာ ပါတဲ့သတင်းကတော့ မဟုတ်ပါဘူး ဒါနဲ့ပတ်သက်ပြီးတော့ ပါတီဝင်တွေ စိတ်ဝမ်းကွဲစေသလို ပြည်သူလူထုတွေကလည်း စိတ်ဝမ်းကွဲသွားနိုင်ပါတယ်။ အခုလို သတင်းအမှားကြီးကို ဖော်ပြတော့ စိတ်တော့ မကောင်းဖြစ်မိတယ် ကျွန်မခွင့်လွတ်ပါတယ် ဘယ်သူကိုမှ အပြစ်မပြောပါဘူး နောက်ရေးမယ်ဆိုရင် ပြည်သူလူထုနဲ့ စိတ်ဝမ်းကွဲမယ်စကားတွေ မပြောဘဲနဲ့ပြောတယ်ဆိုပြီး မရေးကြပါနဲ့။ ဥပမာ တစ်ယောက်ယောက်က အဲ့ဒီလိုပြောခဲ့ရင်တောင်မှ သေချာစုံစမ်းရမယ် မသေချာရင် ကိုယ်ရေးမယ်သူကို ဖုန်းဆက်မေးသင့်တယ် သူက ငါပြောတယ်ဆိုရင်တော့ ရေးပေါ့ မပြောဘူးဆိုရင်တော့ ပြဿနာလေးတွေ နည်းနည်းရှိလာနိုင်တယ် သတင်းသမားတွေအနေနဲ့ သတိထားသင့်ပါတယ်”ဟု ပြောသည်။

စောင့်ကြည့်သတင်းဂျာနယ် အတွဲ(၈)၊အမှတ်(၃၇)၊၁၈.၂.၂၀၁၄၊ အင်္ဂါပတ်ထုတ်တွင် ပါဝင်သော လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်အား အရေးယူမည်ဆိုတဲ့ သတင်းမှာ မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့ပြီး Online ပေါ်၌ ပြန့်နေသော ဒေါ်ခင်ဝိုင်းကြည်ကို ပါတီမှထုတ်ပစ်ဖို့ ဦးခင်မောင်ဆွေပြောပြီ ဆိုသည့် သတင်းနှင့် သူမအား ပါတီမှထုတ်ပစ်ပါက ကြံ့ခိုင်ရေးပါတီသို့ ဝင်ရောက်သွားမည်ဖြစ်ကြောင်းနှင့် ဦးအောင်သိန်းလင်းမှ လည်းဝမ်းမြောက်ဝမ်းသာစွာကြိုဆိုနေကြောင်း ဒေါ်ခင်ဝိုင်းကြည်မှ တုန့်ပြန်ပြောကြားဆိုသည့် သတင်းများမှာလည်း မဟုတ်မှန်ကြောင်းငြင်းဆိုခဲ့သည်။

သတင်းသမားများအနေဖြင့် သင်ခန်းစာယူရန်နှင့် အချက်အလက်အ မှန်များကိုသာလျှင်ဖော်ပြပေးရန်
ပြောကြားခဲ့သည်။ သတင်းဖော်ပြမည်ဆိုလျှင်လည်း ၎င်းအား ဖုန်းဆက်မေးမြန်းဖို့ မေတ္တာရပ်ခံခဲ့သည်။

၎င်းသတင်းအမှားများအား ဖော်ပြခံခြင်းနှင့် ပတ်သက်၍ တရားဥပဒေအရ အရေးယူဆောင်ရွက်သွားရန် အစီစဉ်မရှိသလို စာနယ်ဇင်းကောင်စီကိုလည်း တိုင်ကြားထားခြင်း မရှိကြောင်းလည်း သိရသည်။

၎င်းသတင်းစာ ရှင်းလင်းပွဲလုပ်ရခြင်းမှာလည်း သူ့အနေဖြင့် ပြည်သူများ အထင်လွဲမှားသွားနိုင်သလို ပါတီဝင်များနှင့်လည်း စိတ်ဝမ်းကွဲခြင်း မဖြစ်အောင်ပြုလုပ်ရတာဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ပြောကြားခဲ့သည်။

ချစ်မင်းထွန်း

မြန်မာ့ခေတ်

No comments:

Post a Comment