Thursday, February 13, 2014

မြန်မာမီဒီယာလောက သတင်းလွတ်လပ်ခွင့်နှင့် တန် ၊မတန် ပြည်သူကသာဆုံးဖြတ်မည်ဟု ဦးရဲထွဋ်ပြောကြား

ဖေဖော်ဝါရီ(၁၁)ရက်နေ့တွင်
 မြန်မာနိုင်ငံသတင်းစားဆရာ
အသင်း MJA မှ မြန်မာနိုင်ငံရှိ 
သတင်းမီဒီယာများအား သတင်း
ကျင့်ဝတ်များကို စောင့်ထိန်း
လိုက်နာကျင့်သုံးလျက်   ပြည်
သူလေးစားယုံကြည် အားထား
ရသည့် စတုတ္ထမဏ္ဍိုင်ဖြစ်ပေါ်စေရေး ပူးပေါင်းဆောင်ရွက်ကြပါဟု ထုတ်ပြန်ခဲ့သည်။

ထိုကဲ့သို့ထုတ်ပြန်ရခြင်းမှာ စာနယ်ဇင်းကျင့်ဝတ်နှင့်မညီညွတ်သော ဓါတ်ပုံအချို့နှင့် ရေးသားတင်ပြမှု အချို့ကို မီဒီယာအချို့၌ ဖော်ပြနေသဖြင့် ထိုကဲ့သို့ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါလုပ်ရပ်များသည် မြန်မာသတင်းမီဒီယာလောက သတင်းလွတ်လပ်ခွင့်နှင့် မထိုက် တန်သေးကြောင်းနှင့် အာဏာပိုင်များမှ အခြားသူများကို စွဲဆောင်သိမ်းသွင်းနိုင်စေရန် အခွင့်အလမ်းဖန်တီးပေးသလို ဖြစ်စေပြီး ရရှိထားသော သတင်းလွတ်လပ်ခွင့် အခြေအနေမှ နောက်သို့ဆုတ်သွားမည်ကို စိုးရိမ်မကင်းဖြစ်မိသည်ဟုလည်း ပါရှိခဲ့သည်။

“အခုတလော အချို့သတင်းဂျာနယ်တွေမှာ အချက်အလက်မခိုင်လုံပဲ သတင်းကြီးတွေရေးနေတာ ဖြတ်ညှပ်ကပ်နဲ့ ရုပ်ပြောင် တွေ ထည့်နေတယ်။ပုဂလိကအနေနဲ့ တိုက်ခိုက်ရေးသားဝေဖန်နေတာမျိုးတွေကို တွေ့နေရတယ်။ဒါတွေဟာ စာနယ်ဇင်း ကျင့်ဝတ်နဲ့ မကိုက်ညီပါဘူး။သတင်းလွတ်လပ်ခွင့် သက်တမ်းက အင်မတန်နုနေတဲ့ အတွက် သတင်းလွတ်လပ်ခွင့်တွေ ဆုံးရှုံးသွားမှာ ပြည်သူတွေအယုံအကြည်ကင်းမဲ့သွားမှာ စိုးရိမ်လို့စာထုတ်ပြန်ရတာပါ”ဟု မြန်မာနိုင်ငံသတင်းစာဆရာများ အသင်း(MJA)မှ အတွင်းရေးမှူး ဦးမြတ်ခိုင်ကပြောသည်။

နိုင်ငံတကာသတင်းအချို့များတွင် ဖြတ်ညှပ်ကပ်ရုပ်ပြောင်များကို ဆောင်းပါးများတွင်သုံးနေကြောင်း အသုံးပြုရာတွင် အချက်အလက်အလွန်ကိုက်ညီမှုရှိပြီး ဆောင်းပါးနှင့် လိုက်လျောညီထွေမှုရှိကြောင်း သို့မှသာလျှင် ပြုလုပ်သင့်ကြောင်း၊ ယခုမြန်မာနိုင်ငံ၌ ပုဂ္ဂိုလ်ရေးဝေဖန်တိုက်ခိုက်မှုကဲ့သို့ ဖြစ်နေကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

အလားတူ ပြန်ကြားရေးဝန်ကြီးဋ္ဌာန ဒုတိယ၀န်ကြီးတစ်ဦးဖြစ်သလို နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကလည်း မြန်မာမီဒီယာသမားများမှာ သတင်းလွတ်လပ်ခွင့်နှင့်ပတ်သက်၍ မထိုက်တန်ဟု မပြောလိုကြောင်း၊ သတင်းလွတ်လပ်ခွင့်နှင့် ထိုက်တန်သည့် မီဒီယာကျင့်ဝတ်များရှိရန်လိုကြောင်းကိုလည်း ယခုကဲ့သို့အကြံပြုပြောဆိုထားသည်။

“ အဆိုပါလုပ်ရပ်များက မြန်မာ့သတင်းမီဒီယာလောကသည် သတင်းလွတ်လပ်ခွင့်နှင့် မထိုက်တန်သေးကြောင်း အာဏာပိုင် များက အခြားသူများအား ဆွဲဆောင်သိမ်းသွင်းနိုင်စေရန် အခွင့်အလမ်းဖန်တီးပေးသလိုဆိုတဲ့ စကားက ငါတို့ ပြောချင်လို့ ပြောရတာ မဟုတ်ဘူး။ အစိုးရက မင်းတို့ကို ထိန်းမှာ စိုးရိမ်လို့ဆိုပြီး အကာအကွယ်ယူရာရောက်ပါတယ်ဗျာ၊ မင်းတို့ မှားတယ် လို့ ငါတို့အသင်းက မြင်တယ်။ ဒါ့ကြောင့် ထောက်ပြတယ်လို့များ ရဲရဲမပြောရဲဘူးလား ဆရာတို့။ အစိုးရက မြန်မာမီဒီယာများ သတင်းလွတ်လပ်ခွင့် နဲ့ မထိုက်တန်ကြောင်း မပြောပါဘူး။ သတင်းလွတ်လပ်ခွင့်နဲ့ ထိုက်တန်တဲ့ ကျင့်ဝတ်များရှိဖို့ပဲ ပြောတာ ပါ။ ထိုက်တန်၏ မတန်၏ ဆိုတာ စာနယ်ဇင်းများအပေါ် ပြည်သူကပဲ အကဲဖြတ်မှာပါ။” ဟု နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိ သူ ဦးရဲထွဋ်က မှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။

စာဖတ်ပရိသတ်အနေဖြင့် အမှတ်မှား၊ အယူလွဲစေနိုင်သည့် စာနယ်ဇင်းကျင့်ဝတ်နှင် မညီညွတ်သော ရေးသားတင်ပြမှုအချို့ကို စာနယ်ဇင်းအချို့တွင် ယနေ့ တွေ့မြင်နေရကြောင်း၊ အဆိုပါ လုပ်ရပ်များက မြန်မာသတင်းမီဒီယာလောကသည် သတင်း လွတ်လပ်ခွင့်နှင့် မထိုက်တန်သေးကြောင်း အာဏာပိုင်များက အခြားသူများအား ဆွဲဆောင်သိမ်းသွင်းနိုင်စေရန် အခွင့်အလမ်း ဖန်တီးသလို ဖြစ်စေပြီး လက်ရှိရရှိနေသော သတင်းလွတ်လပ်ခွင့်အခြေအနေမှ နောက်သို့ဆုတ်ယုတ်သွားမည်ကို စိုးရိမ်မကင်း ဖြစ်ပါသည်ဟု ဖေဖော်ဝါရီလ(၁၁)ရက်နေ့က ထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံသတင်းစာဆရာအ သင်း၏ ကြေညာချက် ၁/၂၀၁၄ အပေါ် ပြန်ကြားရေးဝန်ကြီးက အကြံပြုပြောကြားလိုက်ခြင်းဖြစ်သည်။


အလားတူ အဆိုပါအပြုအမှုများမှာ သတင်းလွတ်လပ်ခွင့်နှင့် တာဝန်ခံမှုကို တန်ဖိုးထားသော သတင်းသမားများ၏ပုံရိပ်ကိုလည်း ထိခိုက်စေမည် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံရှိ သတင်းမီဒီယာသမားများအနေဖြင့် သတင်းကျင့်ဝတ်များကိုစောင့်ထိန်းလျှက် ပြည်သူက လေးစားပြီး ယုံကြည်အားထားရသည့် စတုတ္ထမဏ္ဍိုင်အဖြစ် ရှုမြင်လာစေရေးအတွက် ၀ိုင်းဝန်းပူးပေါင်းဆောင်ရွက် ကြရန် အလေးအနက်ထား၍ မြန်မာနိုင်ငံသတင်းစာဆရာအသင်းမှ တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

From: Myit Ma Kha Media Group.

No comments:

Post a Comment