အခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ) ကို
မပြင်ဆင်ဖို့ ပြည်သူလူထုထံကနေ အကြံပြုလွှာ တစ်

ဇန်နဝါရီလ ၃၁ ရက်နေ့က
ကော်မတီရဲ့တင်ပြချက်ကို
သတင်းစာမျက်နှာတွေမှာ ဖတ်လိုက်ရပါတယ်။
သိပ်မကြာခင်မှာပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က အဆိုပါ လက်မှတ် တစ်သိန်းကျော်ကို အလေးထားစရာမလိုဘူးလို့
မီဒီယာတွေကို ပြောဆိုခဲ့တာလည်း ဖတ်လိုက်ရပါတယ်။ လူတစ်သိန်းရဲ့ ဆန္ဒကို အလေးထားစရာ မလိုဘူးလို့ ပြောလိုက်တဲ့လူ့အခွင့်အရေးဆိုင်ရာဆုတံဆိပ်တွေနဲ့ နိုင်ငံတကာကပါ လေးစားရတဲ့
ဒေါ်အောင်ဆန်းစုကြည်ရဲ့စကားအပေါ် အတော်အံ့သြမိပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ အနည်းငယ်ဆွေးနွေးလိုပါတယ်။
စာရေးသူအနေနဲ့ လက်မှတ် တစ်သိန်းထိုးတဲ့အထဲလည်းမပါခဲ့ပါဘူး။ ၅၉ (စ) ပယ်ဖျက်ပေးဖို့လည်း ကိုယ်တိုင်ထွက် ဆန္ဒမပြဖူးပါဘူး။ ဒါပေမဲ့ သူ့အမြင် ကိုယ့်အမြင်သူ့လိုအပ်ချက် ကိုယ့်လိုအပ်ချက်ကို တရားနည်းလမ်းကျကျ ဖော်ထုတ်ပြောဆိုတဲ့ လူတွေကို လေးစားပါတယ်။ဘာဖြစ်လို့လဲ ဆိုတော့ ဒါဒီမိုကရေစီပါ။ ဥပဒေနဲ့ အညီ လွတ်လပ်စွာကွဲလွဲခွင့် ရှိတာ လွတ်လပ်စွာဖော်ထုတ်ခွင့်ရှိတာ ဒီမိုကရေစီပါ။ ကျွန်တော်တို့ လိုချင်ခဲ့လို့ ကြိုးစားပြီး ဖြစ်လာခဲ့တဲ့ ဒီမိုကရေစီရဲ့ ဖြစ်ရိုးဖြစ်စဉ်တွေ ကို ကြုံတွေ့လာတဲ့အခါ သဘောထားကြီးကြဖို့ လိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြည်သူတွေရဲ့ လက်မှတ်တစ်သိန်းကို အလေးထားစရာ မလိုဘူးလို့
ပြောဆိုခဲ့တာဟာ ခေါင်းဆောင်လုပ်ချင်သူတစ်ယောက်အနေနဲ့ရော ဒီမိုကရေစီရဖို့အတွက် ဆိုပြီး
တစိုက်မတ်မတ်ကြိုးစားလာသူတစ်ယောက်အနေနဲ့ရော မပြောသင့်တဲ့ စကား မဆိုအပ်တဲ့ ပြောဆို မှုလို့ မြင်ပါတယ်။ ခေါင်းဆောင်ဖြစ်ချင်သူတစ်ယောက်ဟာ လူတစ်သိန်းလိုအများကြီး မပြော နဲ့ ပြည်သူတစ်ဦးရဲ့ ဆန္ဒကိုပါ လေးစားရမှာ ဖြစ်ပါတယ်။ သာဓကအနေနဲ့ ဇန်န၀ါရီ ၁၆ ရက်နေ့က သမ္မတဦးသိန်းစိန်ရဲ့ မကွေးခရီးစဉ်တစ်ခုမှာ အငြိမ်းစားကျောင်းဆရာမတစ်ဦးက သမ္မတယာဉ် တန်းကိုတားပြီး သူ့ရဲ့ အခက်အခဲကို တင်ပြဖို့ ကြိုးစားခဲ့ပါတယ်။ ဒါကို သမ္မတကြီးအနေနဲ့ လျစ်လျူ မရှုခဲ့ဘဲ ယာဉ်တန်းကို ရပ်ပြီး ကျောင်းဆရာမရဲ့ ဆန္ဒကို ဖြေရှင်းပေးနိုင်ဖို့ တာဝန်ရှိသူတွေကို ညွှန်ကြားခဲ့ပါတယ်။
ဒါဟာ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ပြည်သူတစ်ယောက်တည်းရဲ့ ဆန္ဒပင်ဖြစ်ပါစေ လျစ်လျူ မရှု ဘူးဆိုတာကိုပြသခဲ့တဲ့ ခေါင်းဆောင်ကောင်းတို့ရဲ့ လေးစားဖွယ်အရည်အချင်းတစ်ရပ်ပါ။
NLD ကို ထောက်ခံသူတွေကလည်း ပြည်သူ သန်း ၆၀ ထဲမှာ လက်မှတ်တစ်သိန်းကျော်ဆိုတာ
နည်းနည်းလေးပါ။ ကျန်တဲ့သူတွေက ၅၉(စ) ကို ပြင်ဆင်ဖို့ ထောက်ခံကြတဲ့သူတွေလို့ ဆိုပါတယ်။ ကိုယ့်ကိုမထောက်ခံတိုင်း တစ်ဖက်လူရဲ့ ဆန္ဒကို ပုတ်ခတ်ပြီး ကိုယ်လိုရာဆွဲပြောဆိုမှုဟာ တစ်ဖက်ကို မလေးစားရာရောက်ပါတယ်။ လက်မှတ်မထိုးဘဲ ကျန်ခဲ့တဲ့ သူတိုင်း ၅၉(စ) ကို
ပြင်ဆင်စေချင်လို့ဆိုပြီး ကိုယ်ဖြစ်ချင်တာတစ်ခုအတွက်နဲ့ ကျန်တဲ့သူတွေကို ခုတုံးလုပ်မပြောဆို သင့်ပါဘူး။ ဒီမိုကရေစီစနစ်မှာ အများစုရဲ့ တရားနည်းလမ်းကျတဲ့ ဆန္ဒကို အနည်းစုက လက်ခံနိုင်ရမယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ အများစုကလည်း အနည်းစုရဲ့ ဆန္ဒကို လေးစားရပါမယ်။ လူများလို့ နည်းတဲ့ လူအပေါ် အနိုင်ကျင့်တဲ့ ပုံစံဟာ ဒီမိုကရေစီမဟုတ်ပါဘူး။ သမ္မတလုပ်ချင်ပါတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် သမ္မတဖြစ်သွားပြီလို့ သဘောထားလိုက်ပါ။ ပြည်သူအနည်းစုက မိမိတို့ရဲ့ ဆန္ဒသဘောထား လိုအပ်ချက်တစ်ခုကို
ဆန္ဒဖော်ထုတ်ပြီဆို ပြည်သူသန်း ၆၀ ကျော်ထဲက လက်မှတ်တစ်သိန်းကို အလေးထားစရာ
မလိုဘူးလို့ သူတစ်ပါးရဲ့ ယုံကြည်ချက်ကို မလေးစားဘဲ ပြောခဲ့သလို ဆန္ဒဖော်ထုတ်တဲ့ လူအနည်းစု အပေါ်မှာလည်း အဲလို သဘောမထားဘူးလို့ ဘယ်သူအာမခံနိုင်ပါသလဲ။ ဒါဟာ စဉ်းစားဆင်ခြင်သင့်တဲ့
အချက်ပါပဲ။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လက်မှတ်တစ်သိန်းကျော်အပေါ်အလေးထားစေချင်လို့ ပြောနေတာ
မဟုတ်ပါဘူး။ အလေးထားသည် ဖြစ်စေ၊ အလေးမထားသည် ဖြစ်စေ
ဒီမိုကရေစီခေတ်မှာ ကိုယ့်အမြင်ကိုယ် ဖော်ထုတ်ဖို့ အခွင့်အရေးရှိတဲ့အတွက် ဆန္ဒဖော်ထုတ်နေကြမှာပါပဲ။ ဒီလိုဆန္ဒဖော်ထုတ်မှုအပေါ်ခေါင်းဆောင်ဖြစ်ချင်သူတစ်ယောက်အနေနဲ့ အလေးထားစရာ မလိုဘူး ဆိုတဲ့ စိန်ခေါ် စော်ကားသလို စကားမျိုး ပြည်သူအပေါ်မပြောသင့်ပါဘူး။ အလေးထားထား မထားထား ကိုယ့်စိတ်ထဲမှာပဲ ထားသင့်တဲ့ ကိစ္စပါ။ ရခိုင်အရေးမှာတုန်းက လူနည်းစုကို အနိုင်မကျင့်ဖို့
ဆိုပြီး လူနည်းစုရဲ့ စကားကိုနားထောင်ပေးပြီး လူနည်းစုဖြစ်သူတွေဘက်က အလေးထားကာကွယ်ပြောဆိုခဲ့ ပေမဲ့ သန်း ၆၀ ထဲက လက်မှတ် တစ်သိန်းကျော်ပိုင်ရှင် လူနည်းစုတွေအပေါ် အလေးထားစရာမလိုဘူးလို့ ဂရုမစိုက်သလို စိန်ခေါ်သလိုစကား
မျိုးပြောထွက်ခဲ့တဲ့ လူ့အခွင့်အရေးဆုများပိုင်ရှင် နိုင်ငံတကာကပါလေးစားရသူ ဒေါ်အောင်ဆန်းစုကြည်
အပေါ် အထူးပင်အံ့သြရပါတယ်။ စာရေးနေတဲ့ အချိန်မှာပဲ တစ်ချိန်က ဒေါ်အောင်ဆန်းစုကြည် ထောင်ပြခဲ့တဲ့ ဆိုင်းဘုတ်လေးကို မြင်ယောင်မိပါတယ်။
"ကျမကလည်း ပြည်သူတွေကို ချစ်ပါတယ်" တဲ့။
ဟုတ်ကဲ့ လက်မှတ် တစ်သိန်းကျော်ထိုးခဲ့ကြတာလည်း ပြည်သူတွေပါပဲ အန်တီ။
စကား..စကားပြောပါများစကားထဲက ဇာတိတွေမပြကြပါစေနဲ့။

From:
ကိုရင်သာဗြော(ပတ္တမြားမြေ)
No comments:
Post a Comment