Wednesday, February 19, 2014

အိမ်နီးချင်းနိုင်ငံများက ရေတပ်အင်အား တိုးချဲ့နေကြပြီ

ကမ္ဘာ့ပင်လယ်ရေကြောင်း ဆက်သွယ်ရေးလမ်းကြောင်းများ ၀န်းရံတည်ရှိနေမှု၊အမေရိ
ကန်နှင့် ဥရောပတို့၏ စီးပွားရေးကျဆင်းနေချိန်၌ အာရှဒေသအပေါ် အာရုံစိုက်လာမှု၊ ကမ္ဘာ့အင်အားကြီး နိုင်ငံများအဖြစ် ထွက်ပေါ် လာနိုင်သော နိုင်ငံများ တည်ရှိနေမှုတို့သည် အာရှဒေသ၏ လက်ရှိဖြစ်တည်နေမှု ဖြစ်သည်။
၎င်းဖြစ်တည်နေမှုအပေါ် ဒေသတွင်း ပင်လယ်ပြင်ပိုင်ဆိုင်ရေး အငြင်းပွားမှုများ၊ အမေရိကန်၏ အာရှပစိဖိတ်ဒေသ၌ အင်အားတိုးချဲ့မှု၊ စစ်အေးကာလ ပြီးကတည်းက မှေးမှိန် အင်အားချည့်နဲ့ ခဲ့သော ရုရှားတို့၏ ပစိဖိတ်ရေတပ်အုပ်စု (Pacific Fleet) အား ပြန်လည်အားသစ်လောင်းခဲ့မှုတို့က အာရှဒေသနိုင်ငံများ၏ ရေတပ်ဖွဲ့များအပေါ် များစွာအကျိုးသက်ရောက်စေခဲ့သည်။



ထို့ကြောင့် အာရှဒေသသည် ကမ္ဘာ့စစ်သင်္ဘောနှင့် ရေတပ်ဆိုင်ရာ လက်နက်ထုတ်လုပ်သူများ အတွက် လှုပ်ရှားတက်ကြွနေသည့် အဓိကဈေးကွက်ကြီး ဖြစ်လာပေသည်။ ထို့ပြင် အာရှဒေသ နိုင်ငံအများစုသည် ရေတပ်ဆိုင်ရာသင်္ဘောနှင့် လက်နက်များကို ၀ယ်ယူသုံးစွဲရုံမျှမက ကိုယ်ပိုင် ထုတ်လုပ်နိုင်ရေး သင်္ဘောကျင်းများ၊ အင်ဂျင်နီယာလုပ်ငန်းနှင့် သင်္ဘောအစိတ်အပိုင်း ထုတ်လုပ် တပ်ဆင်ရေးစက်ရုံများ စသည့် အခြေခံအဆောက်အအုံများ ဆောက်လုပ်ကြိုးပမ်းခဲ့ကြသည်။
အာရှဒေသတွင်ပါဝင်သော မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများသည်လည်း ၎င်းတို့၏ ရေတပ် အင် အားကို အခြေအနေနှင့် လိုက်လျောညီထွေစွာ တိုးချဲ့လာကြသည်။ အိမ်နီးချင်း တစ်နိုင်ငံချင်းအ လိုက် လက်ရှိရေတပ်အင်အားနှင့် နောင်ဆောင်ရွက်မည့် အနာဂတ်စီမံချက်များအား ဗဟုသုတဖြစ် ဖွယ် ရေးသားတင်ပြလိုပါသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ရေပိုင်နက်အငြင်းပွားမှုကိစ္စပြီးကတည်းက၎င်းကာကွယ်ရေး  ဘတ်ဂျက်ကို တိုးမြှင့်သုံးစွဲလာခဲ့ရာ ၂၀၁၃ ခုနှစ်တွင် ၇ ရာခိုင်နှုန်း အထိ တိုးမြှင့်သုံးစွဲခဲ့သည်။ ၎င်း၌ ဘင်္ဂလားဒေ့ရှ်ရေတပ်၏ အသုံးစရိတ် အများစု ဖြစ်မည်ဟု မျှော်လင့်ရသည်။ မြန်မာနှင့်ဆက်စပ်နေ သည့် ၎င်းတို့၏ပင်လယ်ပြင် သီးသန့်စီးပွားရေးဇုန် (EEZ) အား စောင့်ကြည့် ထိန်းချုပ်နိုင်ရေး တရုတ်နိုင်ငံလုပ် Type - 054 F22P ဖရီးဂိတ် စစ်သင်္ဘောနှစ်စင်း ၀ယ်ယူသုံးစွဲရန် စီစဉ်လျက်ရှိသည်။
053 H2 Frigate သင်္ဘော တစ်စင်း
ရေတပ်အင်အား တိုးချဲ့နိုင်ရေးအတွက် ရေငုပ်သင်္ဘောနှစ်စင်းအား မိတ်ဖက်နိုင်ငံများမှ ၀ယ်ယူ သွား မည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရက ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလတွင် တရားဝင် ကြေညာ ခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ရေတပ်အင်အားမှာ ဖရီးဂိတ်သင်္ဘောလေးစင်း လက်ရှိအသုံးပြု လျက်ရှိပြီး ၎င်းမှ အင်္ဂလန်နိုင်ငံလုပ် Type – 41 အမျိုးအစားနှစ်စင်းအား လက်ရှိသင်္ဘောအမည် မပြောင်းလဲဘဲ (BNS Abu Ba-kar ; BNS Ali Haider) တရုတ်လုပ် Type - 053 H-2 အတန်းအစား ဖရီးဂိတ်စစ်သင်္ဘောများဖြင့် အစားထိုးသွားမည်ဖြစ်သည်။

အမေရိကန်လုပ် ကမ်းခြေစောင့် Hamilton အတန်းအစား ဖရီးဂိတ်နှစ်စင်းအားလည်း မှာယူထားပြီး တရုတ်လုပ် Type - 053 H -2 အမျိုးအစား တစ်စင်းအား ထပ်မံမှာယူ ထားသည်။ ၎င်းအစီအစဉ် များပြီးပါက ဘင်္ဂလားဒေ့ရှ်ရေတပ်၌ အမေရိကန်လုပ် ဖရီးဂိတ်စစ်သင်္ဘောနှစ်စင်း (Hamilton class)၊ တရုတ်လုပ် ဖရီးဂိတ် လေးစင်း (Type -053 H-1)၊ (Type - 053 H3-1) ကိုးရီးယားလုပ် ဖရီးဂိတ် တစ်စင်း၊ (Daewoo Ulsan class) စုစုပေါင်း ခုနစ်စင်း ရှိလာမည်ဖြစ်သည်။

ကော်ဗတ်စစ်ရေယာဉ်နှစ်စင်း၊ (Darjoy class) အသုံးပြုလျက်ရှိပြီး နောက်ထပ်နှစ်စင်း (Type - 056 class) မှာယူထားဆဲ ဖြစ်သည်။ အပေါ့စားနှင့် ကင်းလှည့်တိုက်ရေယာဉ် ၄၈ စင်းရှိပြီး၊ မိုင်းစစ် ဆင်ရေးနှင့် တိုင်းတာရေးရေယာဉ် ငါးစင်းရှိသည့်အပြင် ကုန်း၊ ရေ နှစ်သွယ် စစ်ဆင်ရေးအတွက် ကမ်းထိုးရေယာဉ် ၁၁ စင်းရှိကြောင်း သိရှိရသည်။

ဘင်္ဂလားဒေ့ရှ်ရေတပ်အနေဖြင့် ပြည်တွင်း၌ စစ်ရေယာဉ်များတည်ဆောက်မှုကို အပေါ့စားနှင့် ကင်း လှည့်တိုက်ရေယာဉ် ထုတ်လုပ်ရာ၌သာ ဆောင်ရွက်နိုင်သေးကြောင်းနှင့် ၂၀၁၂ ခုနှစ် သြဂုတ် လ၌၎င်းတို့၏ ပြည်တွင်းထုတ်အပေါ့စားကင်းလှည့်ရေယာဉ်ကို ရေချနိုင်ခဲ့ကြောင်း  တွေ့ရှိရသည်။
ထိုင်း လေယာဉ်တင် သင်္ဘော Chakri Naruebet

ထိုင်းနိုင်ငံသည် အာဆီယံနိုင်ငံများအနက် တစ်ခုတည်းသော လေယာဉ်တင်သင်္ဘော ပိုင်ဆိုင်သည့် နိုင်ငံဖြစ်သည်။ သို့သော် ၎င်းလေယာဉ်တင်သင်္ဘောသည် ပင်လယ်ပြင် စစ်ဆင်ရေးတာဝန်များ ထမ်းဆောင်နိုင်မှု၌ ကန့်သတ်ချက်များစွာ ရှိနေပေသည်။ လက်ရှိ တာဝန်ထမ်းဆောင်နေဆဲ ဖရီးဂိတ်စစ်သင်္ဘော ကိုးစင်းရှိပြီး တောင်ကိုရီးယား ဒေ၀ူးသင်္ဘောကျင်း၌ DW 300 H ဖရီးဂိတ် စစ်သင်္ဘောနှစ်စင်းအား တည်ဆောက်လျက်ရှိသည်။

၎င်းသင်္ဘောများအတွက် ဒေါ်လာ ၁ ဘီလီယံအား ယခုနှစ် စက်တင်ဘာလအတွင်း ငွေပေးချေရန် ခွင့်ပြုချက်ရပြီး ဖြစ်သည်။ ကော်ဗတ်စစ်ရေယာဉ် ၁၀ စင်း၊ အပေါ့စား တိုက်ရေယာဉ် ၁၇ စင်း၊ မိုင်းစစ်ဆင်ရေးရေယာဉ် ခုနစ်စင်းနှင့် ကြည်း၊ ရေ နှစ်သွယ် စစ်ဆင်ရေးအတွက် ဒေါ်လာ ၁၅၅ သန်းတန် Endurance class ကမ်းထိုးရေယာဉ် တစ်စင်းနှင့် အခြားကမ်းထိုးရေယာဉ် သုံးစင်း ရှိသည်။ လက်ရှိအသုံး ပြုနေသော Naresuan class ဖရီးဂိတ်နှစ်စင်း၌ Sea Sparrow ဒုံးပစ်စင် ကိုးခု တပ်ဆင်ရန်အတွက် ယခုနှစ် ဇန်န၀ါရီလက ၀ယ်ယူထားပြီး အမေရိကန်မှ Oliver Mazard Perry အမျိုးအစား ဖရီးဂိတ်နှစ်စင်း ၀ယ်ယူရန်အစီအစဉ်မှာ ငွေကြေးလွှဲပြောင်း မပြီးသေး၍ လောလောဆယ် ရပ်တန့်ထားရကြောင်း သိရှိရသည်။

ကမ္ဘောဒီးယားတို့အနေဖြင့်မူ ၎င်းတို့၏ရေတပ်အား အပေါ့စား စစ်ရေယာဉ်၊ ကင်းလှည့် ရေယာဉ် ၂၁ စင်းဖြင့် ဖွဲ့စည်း တည်ဆောက်ထားပြီး အစဉ်အလာ မိတ်ဖက်များ ဖြစ်သော ရုရှားနှင့် တရုတ်တို့ထံမှ စစ်ရေယာဉ်များ ၀ယ်ယူ၍ ရေတပ်အင်အား ဖြည့်တင်းရန် အစီအစဉ်ရှိကြောင်း သိရှိရသည်။

တရုတ်တို.၏ ပထမဆုံးလေယာဉ်တင် သင်္ဘော
တရုတ်တို့အနေဖြင့် ၎င်းတို့၏ လေယာဉ်တင်သင်္ဘောအား ၂၀၁၂ ခုနှစ်၌ တပ်တော်ဝင်ခဲ့ပြီး ၂၀၁၃ ခုနှစ် မေ ၁၀ ရက်တွင် တိုက်ခိုက်ရေးလေယာဉ်အုပ်စု တစ်စုအား သင်္ဘော၌ စတင်တာဝန် ထမ်းဆောင်စေခဲ့သည်။ ထို့အပြင် လေယာဉ်တင် သင်္ဘောနှစ်စင်းမှ သုံးစင်း အထိ ပြည်တွင်း၌ထုတ် လုပ် ရန် ပြင်ဆင်ဆောင်ရွက်လျက် ရှိပေသည်။ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန၏ ခန့်မှန်း ချက်အရ တရုတ်တို့၏ လေယာဉ်တင်သင်္ဘော၌ ပါရှိမည့် တိုက်လေယာဉ်များသည် ၂၀၁၅ ခုနှစ်ရောက် မှ စစ်ဆင်ရေးတာဝန် အပြည့်အ၀ထမ်းဆောင်နိုင်မည်ဟု ခန့်မှန်းကြသည်။

တရုတ်ရေတပ်သည် ၎င်းတို့၏ ရေငုပ်သင်္ဘောအုပ်စုများအား အစဉ်တစိုက် တိုးချဲ့လျက်ရှိပြီး Jin အတန်းအစား ရေငုပ်သင်္ဘောများအား ရေမိုင် ၄၀၀၀ အကွာအဝေးအထိ ပစ်လွှတ်နိုင်သော Jl - 2 တိုက်ချင်းပစ်ဒုံးကျည်များ တပ်ဆင်ထားသည်။ Type -096 အမျိုးအစားနှင့် Type -095 အမျိုးအ စား ရေငုပ်သင်္ဘောမျိုးဆက်သစ်များအား နောက်လာမည့်ဆယ်စုနှစ်အတွင်းထုတ်လုပ်နိုင်ရေး  ဆောင်ရွက်လျက်ရှိသည်။


တရုတ်ရေတပ် ရေငုပ်သင်္ဘောများ



ခေတ်နောက်ကျနေပြီဖြစ်သော Luda အတန်းအစား ဖျက်သင်္ဘောများအား ပိုမိုခေတ်မီသော Luyang - 3 အမျိုးအစား ဖျက်သင်္ဘော ၁၂ စင်းဖြင့် အစားထိုးရန် ဆောင်ရွက်နေသည့်အပြင် ရေတပ်သုံး DH-10 ခရုစ်ဒုံးကျည်များ စမ်းသပ် ထုတ်လုပ်လျက်ရှိသည်။

တရုတ်တို့သည် အမေရိကန် တို့၏ အာရှ- ပစိဖိတ် ဒေသ၌ အင်အား ချဲ့ထွင်ရေး မူဝါဒကို တန်ြ ပန်နိုင်  ရန် ၎င်းတို့၏ရေတပ်အား ဒေသတွင်း အင်အားကြီးရေတပ်မှ ကမ္ဘာ့အင်အားကြီးရေ တပ်ဖြစ်ရေး အစဉ်တစိုက် ဆောင်ရွက်လျက်ရှိပေသည်။
အိန္ဒိယ လေယာဉ်တင် သင်္ဘော
အိန်္ဒိယရေတပ်အနေဖြင့် တရုတ်ရေတပ်နှင့်အစဉ် အားပြိုင်နေရပြီး လက်ရှိ လေယာဉ်တင်သင်္ဘောတစ်စင်း အသုံးပြုနေကာ နောက်ထပ်တစ်စင်းမှာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာအပြီး အိန်္ဒိယရေတပ်သို့ ရုရှားတို့မှ လွှဲပြောင်းပေးမည်ဖြစ်သည်။ နောက်ထပ် တစ်စင်းမှာမူ ၂၀၁၇-၂၀၁၈ ခုနှစ်၌ တပ်တော်ဝင်နိုင်မည်ဟု ခန့်မှန်းထားသည်။


ထို့ပြင် ၂၀၂၅ ခုနှစ်၌ တန်ချိန် ၆၅၀၀၀ ရှိသော လေယာဉ်တင်သင်္ဘော တည်ဆောက်နိုင်ရေး အစီအစဉ် ချမှတ်လျက်ရှိပေသည်။ အိနိ္ဒယရေတပ်သည် ၂၀၁၃ ခုနှစ် ဧပြီလက ၎င်း၏အနာဂတ် ၁၀ နှစ် စီမံကိန်းအား ထုတ်ပြန်ခဲ့ပြီး ၎င်းစီမံကိန်း၌ တိုက်ရေယာဉ် ၁၀၀ စင်း ပိုင်ဆိုင်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ရာ လက်ရှိအခြေအနေ၌ ၅၀ စင်း တည်ဆောက်လျက် ရှိသည်။



အိန္ဒိယ ရေတပ် ရေငုပ်သင်္ဘော တစ်စင်း

ဂိုအာမြို့အနီး ကာဝါဒေသတွင် ရေနက် ရေတပ်အခြေစိုက်စခန်း တိုးချဲ့ တည်ဆောက်နေပြီး ၂၀၁၃ခုနှစ် ဒီဇင်ဘာတွင် ရောက်ရှိလာမည့် လေယာဉ်တင်သင်္ဘော INS Vikram aditya ကို ၎င်းရေတပ်စခန်း၌ ထားရှိမည် ဖြစ်သည်။ ၂၀၁၂-၂၀၁၃ ခုနှစ် အိနိ္ဒယ ကာကွယ်ရေးဝန်ကြီးဌာန၏ ဘတ်ဂျက်မှ အများစု ၇၂ ရာခိုင်နှုန်းကျော်ကို အိနိ္ဒယရေတပ်အတွက် အသုံးပြုသွားမည်ဖြစ်ပြီး အိန်္ဒိယရူပီး ၂၄၁ ဒသမ ၅၁ ဘီလီယံကျော်ရှိကြောင်း သိရှိရသည်။ ကီလိုအတန်းအစား ရေငုပ်သင်္ဘော အနည်းဆုံးခြောက်စင်းမှ ခုနစ်စင်းအား ၂၀၁၅ ခုနှစ် အပြီးဝယ်ယူရန် စီစဉ်လျက်ရှိကြောင်း အိန်္ဒိယမီဒီယာများမှ တင်ပြထားသည်။

မြန်မာနိုင်ငံ၏ ပင်လယ်ကမ်းရိုးတန်း နယ်နိမိတ်အရှည်မှာ ၁၂၄၇ ဒသမ ၇၇ နော်တီကယ်မိုင် (ရေမိုင်) ဖြစ်ပြီး ပိုင်ဆိုင်မှု ရေပြင်ဧရိယာအကျယ်ဝန်းမှာ ၁၄၉၇၄၅ ဒသမ ၂၀၅၄ စတုရန်းမိုင် ဖြစ်သည်။ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထက် ၂ ဒသမ ၃ ဆခန့် ရှည်လျားသော ပင်လယ်ကမ်းရိုးတန်းနှင့် ရေပြင်ဧရိယာ ပိုင်ဆိုင်ထားသည်။

မြန်မာရေပိုင်နက်၌ ထုတ်ယူသုံးစွဲခြင်း မပြုရသေးသော ရေသယံဇာတ များစွာရှိသည့်အပြင် အဖိုးတန်ဓာတ်ငွေ့ ရတနာသိုက်များလည်း ရှိသည်။ တင်ပြခဲ့သည့်အတိုင်း မြန်မာ့အိမ်နီးချင်း နိုင်ငံများသည် ၎င်းတို့၏ ရေတပ်အင်အားကို အစွမ်းကုန်တိုးချဲ့လျက် ၎င်းတို့ပိုင်နက်ရေပြင် လုံခြုံရေးအား ဆောင်ရွက်လျက် ရှိကြပေသည်။ အဖိုးထိုက်တန်သော မြန်မာ့ရေပြင်ပိုင်နက်များ လုံခြုံရေးသည်လည်း မြန်မာ့တပ်မတော်(ရေ)၏ အင်အားနှင့် စွမ်းရည်အပေါ် တည်မှီနေမည် ဖြစ်ပါကြောင်း နိုင်ငံချစ်စိတ်ရှိသူတိုင်း သိရှိနိုင်ရန် သုံးသပ်တင်ပြအပ်ပါသည်။


ရွှေကူ @ မြ၀တီ

No comments:

Post a Comment