Thursday, February 13, 2014

လွှတ်တော်နာယက သူရဦးရွှေမန်း ဘာတွေ ထိန်ချန်ထားခဲ့သလဲ

ပြီးခဲ့တဲ့ဇန်နဝါရီ ၂၁ ရက်ကကျင်းပတဲ့ ပြည်ထောင်စု
လွှတ်တော် အစည်းအဝေးမှာ လယ်သိမ်းယာသိမ်း
 ပြဿနာနဲ့ပတ်သက်ပြီး အမတ်တွေရဲ့ ပြင်းထန်
တဲ့ဆွေးနွေးမှုတစ်ခု ပေါ်ပေါက်ခဲ့ပါတယ်။ သမ္မတ
ကလွှတ်တော်နာယကကို လယ်ယာမြေနဲ့ 
အခြားမြေသိမ်းမှု ပြဿနာ တွေနဲ့ပတ်သက်ပြီး
 ဖြေရှင်းပြီးစီးမှု အခြေအနေ သဝဏ်လွှာတစ်စောင် 
 ပေးပို့တာ ကနေ အစပြု တာဖြစ်ပါတယ်။ ပြီးခဲ့
တဲ့လေးလကျော် လွှတ်တော်အစည်းအဝေး ကာလ 
တုန်းက လွှတ်တော် မြေယာပြဿနာစုံစမ်းရေး ကော်မရှင်ရဲ့ အစီရင်ခံစာတွေနဲ့ပတ်သက်ပြီး အစိုးရဘက်က ဘယ်လောက်ဖြေရှင်းပြီးထားသလဲဆိုတာ လွှတ်တော်ကို နှစ်လတစ်ကြိမ် အစီရင်ခံစာပေးပို့ဖို့ဆိုပြီး ဆုံးဖြတ်ထားတဲ့အတိုင်း သမ္မတက ဒုတိယအကြိမ် သဝဏ်လွှာ ပေးပို့တာပါ။ ဒီသဝဏ်လွှာနဲ့ပတ်သက်ပြီး ထုံးစံအတိုင်းသက်ဆိုင်ရာ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဒုဝန်ကြီးက အစီရင်ခံစာကိုရှင်းလင်းတင်ပြတယ်။ လွှတ်တော်နာယကကလည်း အဲဒါကို မှတ်တမ်းတင်ပါတယ်။ အဲဒီအချိန်မှာပဲ ကန့်ကွက်ချက်တွေ စိတ်ဆိုးမာန်ဆိုး တုံ့ပြန် မှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒီပြဿနာမှာ အမတ်တွေကိုယ်တိုင်ရော၊ ပြည်သူတွေ ကိုယ်တိုင်ပါ မသိလိုက်တာက လွှတ်တော်နာယက သူရဦးရွှေမန်းရဲ့ ထိန်ချန်မှုတစ်ခု ရှိခဲ့တာကိုပါ။ သူဘာကိုထိန်ချန်ထားခဲ့သလဲ။ အဲလို ထိန်ချန်ထားမှုကြောင့် ဘာအကျိုးဆက် တွေဖြစ်လာသလဲ။ လွှတ်တော်အမတ်တွေရဲ့ အရည်အချင်းနဲ့ လွှတ်တော်နာယကရဲ့ လုပ်ပိုင်ခွင့်တွေ အကြောင်း ဒီတပတ်ဆွေးနွေးတင်ပြသွားမယ် ဖြစ်ပါတယ်။

အစည်းအဝေးအစီအစဉ်
လွှတ်တော် နဂိုအစီအစဉ်မှာ ဒုဝန်ကြီးကအစီရင်ခံ၊ နာယကက မှတ်တမ်းတင်ပြီးရင် ပြီးပါပြီ။ ဒီအစီအရင်ခံစာကို ဆွေးနွေးဖို့ဆိုတာမပါပါဘူး။ ဒါပေမယ့် သူရဦးရွှေမန်းက မှတ်တမ်း တင်တယ်ဆိုတာပြောတုံး ထုပြီးတာနဲ့ စပြီးဖောက်ခွဲလိုက်သူက ဇမ္ဗူသီရိအမတ် ဒေါ်စန္ဒာမင်း ပါ။ သူတင်ပြတာက ဒုဝန်ကြီးတင်ပြသွားတဲ့အထဲမှာ နေပြည်တော်ကောင်စီ တစ်ခုလုံး အမှုပေါင်း ၁၁၁ ခုရှိတယ်။ အဲဒီထဲက ၁၀၄ မှု ဖြေရှင်းပြီးသွားပြီ။ ခုနှစ်မှုလောက်ပဲ ကျန်တယ်လို့ပြောတယ်။ တကယ်ဆို နေပြည်တော်ကောင်စီနယ်မြေ တစ်ခုလုံး မဆိုထားနဲ့ သူ့မဲဆန္ဒနယ်မြေ ဇမ္ဗူသီရိတစ်ခုတည်းမှာတင် တင်ပြထားတဲ့ အမှုပေါင်း ၁၀၀ ကျော်ရှိနေတယ်။ ဖြေရှင်းပြီးပြတ် တာလည်း မရှိသေးဘူးဆိုပြီးပြောလိုက်ပါတယ်။ ဖြေရှင်းပြီး တယ်ဆိုတာကိုလည်း သက်ဆိုင်ရာ ကိုယ်စားလှယ်တွေကလည်း မသိဘူး။ ဒီအတွက် ဒုဝန်ကြီးရဲ့ ဖြေကြားချက်ကို ကန့်ကွက်တယ် ဆိုပြီး ပြောလိုက်တာပါ။
အဲဒီနောက်ပိုင်း ဦးခင်ရွှေ၊ ဦးတင်ထွဋ်၊ ကချင်ပြည်နယ် အင်ဂျန်းယန်အမတ် ဒေါ်ဒွဲဘူး၊ တနင်္သာရီတိုင်းက ဒေါ်တင်တင်ရီ၊ ရွှေပြည်သာအမတ် ဦးတင်မောင်ဦး၊ မကွေးတိုင်းက ဒေါက် တာအောင်မိုးညို၊ ရခိုင်ပြည်နယ်က ဦးသာစိန်၊ ကရင်ပြည်နယ်က နန်းစေအွာ၊ ပုသိမ်အမတ် ဦးဝင်းမြင့် စသဖြင့် အမတ်တွေ တစ်ယောက်ပြီးတစ်ယောက် သမ္မတဘက်က အစီရင်ခံစာကို ထကန့်ကွက်ကြပါတော့တယ်။ နောက်ဆုံး ကန့်ကွက်ပြောဆိုဖို့ မိုက်ခွက်တောင်းသူတွေ များနေတဲ့အတွက် နာယက သူရဦးရွှေမန်းက ခွင့်မပြုတော့ဘဲ ရပ်ဆိုင်းလိုက်သည်အထိ ဖြစ်ခဲ့ပါတယ်။
ဒီလို ကန့်ကွက်တဲ့အထဲမှာ လွှတ်တော်က မြေသိမ်းယာသိမ်း တိုင်စာကြားနာ စုံစမ်းတဲ့ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်ထွဋ် ကိုယ်တိုင်ပါဝင်ခဲ့ပါတယ်။ သူက ဒီသဝဏ်လွှာပါ ဖော်ပြချက်တွေဟာ အတော်လေး အကြမ်းသဘော ဆန်တယ်။ အမှုဘယ်လောက်၊ ဘယ်နှစ်ဧကနဲ့ ပတ်သက်တာ ရှင်းပြီးတယ် ဒါပဲပါတယ်။ ဘယ်လိုရှင်းတယ်ဆိုတာ မပါဘူး။ ပြန်ပေးသလား၊ မပေးဘူးလား မသိနိုင်ဘူး။ လက်တွေ့တော့ ပြည်သူတွေကို ပြန်ပေးတယ် ဆိုတာ မကြားမိသေးဘူး။ ဒါကြောင့် သူ့အနေနဲ့ အဆိုတစ်ခုတင်ဖို့ ကြိုးစားမယ်လို့ ပြောခဲ့ပါတယ်။

သူရဦးရွှေမန်းရဲ့ အစီအစဉ်နဲ့ ပြဿနာအရင်းခံ
သမ္မတက သဝဏ်လွှာအနေနဲ့ ပေးပို့လာတဲ့ လယ်သိမ်းယာသိမ်း ကိစ္စဖြေရှင်းပြီး အစီရင်ခံစာနဲ့ ပတ်သက်လို့ လွှတ်တော်နာယက သူရဦးရွှေမန်းရဲ့ နဂိုအစီအစဉ်ဟာ အကြမ်းလောက် ဖြန့်ဝေ၊ ဒုဝန်ကြီးက အကြမ်းလောက် ရှင်းပြပြီး လွှတ်တော်က မှတ်တမ်းတင်သည်ဆိုပြီး တုံးကို ထုလိုက်ရုံ ရည်ရွယ်တာပါပဲ။ ဒါပေမယ့် အဲဒီအချိန်မှာတော့ သူစီစဉ်သလို ဖြစ်မလာဘဲ အမတ်တွေရဲ့ ကန့်ကွက်ချက်တွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဘာကြောင့် အဲလို ကန့်ကွက်ချက်ထွက်ပေါ်လာရသလဲ အကြောင်းရင်းကတော့ သမ္မတရဲ့ သဝဏ်လွှာနဲ့ နောက်ဆက်တွဲ ဖော်ပြထားတဲ့ ဇယား (၂) မျက်နှာဟာ အလွန့်အလွန် အကြမ်းဖျင်းသဘောဆန်တယ်။ ဘယ်လို ဖြေရှင်းထားတယ် ဆိုတာလည်း မသိနိုင်ဘူးဆိုတဲ့ အချက်က အခြေခံပါတယ်။ ပြောရရင် အဲဒီနေ့ လွှတ်တော် အမတ်တွေကို ဖြန့်ဝေခဲ့တဲ့ သမ္မတ သဝဏ်လွှာနဲ့ နောက်ဆက်တွဲ စာရင်းဇယား စုစုပေါင်း စာမျက်နှာကိုးမျက်နှာစီပဲ ပါပါတယ်။ အဲဒီစာမျက်နှာ ကိုးမျက်နှာမှာ ပါဝင်တာတွေက ဒီဇင်ဘာ ၂၇ ရက်စွဲနဲ့ သမ္မတက လွှတ်တော် နာယကဆီပေးတဲ့ သဝဏ်လွှာ စာသား နှစ်မျက်နှာ၊ နောက်ဆက်တွဲ စာရင်းဇယားနှစ်မျက်နှာ၊ အောက်တိုဘာ ၃၀ ရက်စွဲနဲ့ သမ္မတက လွှတ်တော် နာယက ဆီပေးတဲ့ သဝဏ်လွှာ စာသား (အဟောင်း) သုံးမျက်နှာ၊ နောက်ဆက်တွဲ စာရင်းဇယား နှစ်မျက်နှာ၊ စုစုပေါင်း ကိုးမျက်နှာပဲ ဖြစ်ပါတယ်။
တကယ့်တကယ် ဒီဇင်ဘာ ၂၇ သမ္မတ သဝဏ်လွှာကို စိစစ်တဲ့အခါ မြေသိမ်း ယာသိမ်း ဖြေရှင်းထားမှုနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ ဖော်ပြချက်ရှစ်မျိုး၊ စာမျက်နှာ စုစုပေါင်း၂၅၀ ပေးပို့ထားတာတွေ့ရပါတယ်။ အဲဒီမှာ ကိစ္စရပ် တစ်ခုချင်း အလိုက် ဖြေရှင်းပြီးစီးမှု ဇယားအရွက် ၁၆၀ တောင်ပါပါတယ်။ ဒါပေမယ့် တကယ်တမ်းလက်တွေ့ အမတ်တွေကို ဖြန့်ဝေတဲ့အခါ အဲဒီသဝဏ်လွှာက စာရွက် (၄) ရွက်ပဲ ပါတာမို့ ဘာမှ မပြည့်စုံတော့ဘဲ ဖြစ်သွားပြီ။ ကန့်ကွက်မှုတွေ ညံသွားတာ ဖြစ်ပါတယ်။

ဘယ်သူ ထိန်ချန်ထားသလဲ
သမ္မတရဲ့ ဒီစာမျက်နှာ (၂၅၀) ပါ အစီရင်ခံစာကို လွှတ်တော် နာယက သူရဦးရွှေမန်းက အမတ်တွေအားလုံးကို ဘာကြောင့် (၄) မျက်နှာပဲ ဖြန့်ဝေရပါသလဲ။ သမ္မတဆီက သူ (၄) မျက်နှာစာပဲ ရလို့လား မေးစရာရှိပါတယ်။ ဒီကိစ္စ သမ္မတ ပြောခွင့်ရ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်ကို မေးတော့သူက ခုလိုစာနဲ့ဖြေကြားပေးပါတယ်။ မြေယာကိစ္စနဲ့ပတ်သက်ပြီး သမ္မတက ပေးပို့တဲ့ သဝဏ်လွှာက နှစ်မျက်နှာရှိပါတယ်။ အဲဒီနောက်မှာ ပူးတွဲဇယား ရှစ်ခုပါဝင်ပြီး ဇယားအလိုက် စာမျက်နှာက အောက်ပါအတိုင်းဖြစ်ပါတယ်။ ပူးတွဲ (၁) တစ်ရွက်၊ ပူးတွဲ (၂) တစ်ရွက်၊ ပူးတွဲ (၃) ခုနစ်ရွက်၊ ပူးတွဲ (၄) ခုနစ်ရွက်၊ ပူးတွဲ (၅) ငါးရွက်၊ ပူးတွဲ (၆) ၂၈ ရွက်၊ ပူးတွဲ (၇) ၄၁ ရွက်၊ ပူးတွဲ (၈) ၁၆၀ ရွက်။
အဲဒီစာရင်းတွေထဲမှာ နိုင်ငံတော် စီမံကိန်းများ၊ တပ်မတော်မှ သိမ်းယူမှုများအပြင် ပုဂ္ဂလိက ကုမ္ပဏီများရဲ့ သိမ်းယူမှုများကို အမည်များနဲ့တကွ အတိအကျ ဖော်ပြထားပါတယ်။ တကယ်တော့ အစိုးရအဖွဲ့အနေနဲ့ ဆောင်ရွက်ထားရှိမှု အခြေအနေအားလုံးကို အသေးစိတ် တင်ပြပေးခဲ့ပေမယ့် ပြည်ထောင်စုလွှတ်တော် နာယကက ဘာကြောင့် အတိုချုပ်ပဲ ဖြန့်ဝေတယ်ဆိုတာတော့ ကျွန်တော်တို့ မသိဘူး။ အသေးစိတ် မသိရတော့ လွှတ်တော် ကိုယ်စားလှယ်များက အစိုးရအဖွဲ့ကို အပြစ်တင်တာ ဖြစ်လာတာပါပဲ။ ဒုဝန်ကြီးကတော့ ဇယား အားလုံးကို ရှင်းပြဖို့ မဖြစ်နိုင်တော့ စာရင်းချုပ်ကိုပဲ ရှင်းပြခဲ့တာဖြစ်ပါတယ်။
ဒီအချက်ကို ကြည့်လိုက်ရင် သမ္မတဘက်က အပြည့်အစုံပေးပြီး နာယက သူရဦးရွှေမန်း ဘက်ကနေ သမ္မတပို့လာတဲ့ သဝဏ်လွှာနဲ့ နောက်ဆက်တွဲတွေကများနေတဲ့ အတွက် အကျဉ်းချုပ်လောက်ပဲ ဖြန့်ဝေရတာပါလို့ အကြောင်းပြလာစရာရှိပါတယ်။ တကယ်လို့ အဲလို အမတ်တွေ အများကြီးကို အပြည့်အစုံ မဖြန့်ဝေဘူးဆိုရင် လွှတ်တော်ထဲက မြေသိမ်း ယာသိမ်း စုံစမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဦးတင်ထွဋ်နဲ့ အဖွဲ့ခေါင်းဆောင်တွေကိုတော့ ဖြန့်ဝေ သင့်ပါတယ်။ ဒါပေမယ့် အဲဒီနေ့ အစည်းမဝေးမှာ ဦးတင်ထွဋ်ကိုယ်တိုင် ဘာမှမသိလို့ အတော် စိတ်ရှုပ်ထွေး၊ စိတ်တိုသွားတဲ့ပုံ တွေ့ကြရပါတယ်။
နောက်တစ်ခု လွှတ်တော်ထဲမှာ အမတ်တွေက ဒီအစီရင်ခံစာ မပြည့်စုံဘူးဆိုပြီး ပြင်းပြင်းထန်ထန်တွေ တစ်ယောက်ပြီးတစ်ယောက် ထပြောနေတဲ့အချိန် နာယက သူရ ဦးရွှေမန်းအနေနဲ့ ဘာကြောင့် ရှင်းမပြလဲဆိုတဲ့ ပြဿနာပါ။ သူ့အနေနဲ့ အခု ခင်ဗျားတို့ လက်ထဲမှာ ဖြန့်ဝေထားတာဟာ တကယ်ကို အကြမ်းဖျင်းပါ။ အပြည့်အစုံ ကျွန်တော့် လက်ထဲမှာ ရှိနေပါတယ်။ ဝေဖန်မှုတွေ မစောကြပါနဲ့ဦးလို့ ဘာကြောင့် မပြောခဲ့သလဲဆိုတာပါ။ ဒီအတွက် နာယက သူရဦးရွှေမန်းရဲ့ ရိုးသားမှုကို သံသယဖြစ်ဖွယ် ရှိပါတယ်။
ဒီအတွက် စဉ်းစားဖို့တစ်ချက်ပဲ ကျန်ပါတော့တယ်။ နာယက သူရဦးရွှေမန်းက ဒီအစီရင်ခံစာ အပြည့်အစုံကို ဘာကြောင့် ထိန်ချန်ထားရသလဲဆိုတာပါ။ ဦးရဲထွဋ်ရဲ့ ဖြေကြားချက်ထဲမှာ အဲဒီ စာရင်းတွေထဲမှာ နိုင်ငံတော် စီမံကိန်းများ၊ တပ်မတော်မှ သိမ်းယူ မှုများအပြင် ပုဂ္ဂလိကကုမ္ပဏီများရဲ့ သိမ်းယူမှုများကို အမည်များနဲ့တကွ အတိအကျ ဖော်ပြထားပါတယ်ဆိုပြီး ပါပါတယ်။ ဒီအတွက် ဒီအချက်တွေကို လယ်သိမ်းယာသိမ်း စုံစမ်းရေးကော်မရှင်ကိုရော၊ အမတ်တွေကိုပါ သူရဦးရွှေမန်းက မသိစေချင်လို့ ထိန်ချန် ထားတာ ဖြစ်နိုင်တယ်လို့ သုံးသပ်နိုင်ပါတယ်။

အမတ်တွေအရည်အချင်းမြင့်ဖို့လို
တကယ်တော့ အဲဒီနေ့က လွှတ်တော်ထဲမှာ အမတ်တွေကိုဝေတဲ့ သမ္မတ သဝဏ်လွှာ မှာ နောက်ဆက်တွဲ စာရင်းဇယားစုစုပေါင်း အရွက် ၂၅၀ ပါတယ်ဆိုတာ ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။ အဲဒီထဲက နှစ်မျက်နှာပဲ သူတို့ကိုဝေတာကို ဘယ်သူမှ မေးခွန်းထုတ်တာ မကြားရပါဘူး။
အထူးသဖြင့် စုံစမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဦးတင်ထွဋ်ရော အခြားထကန့်ကွက်တဲ့ အမတ်တွေကပါ မေးခွန်းမထုတ်ကြပါဘူး။ တကယ်လို့သာ မေးခွန်းထုတ်ခဲ့ရင် အဲဒီပြဿနာ အဲဒီအချိန်ကတည်းက ရှင်းလင်းသွားမယ်ဖြစ်ပါတယ်။ ဒီအချက်ဟာ လွှတ်တော်ထဲက အမတ်တွေ အရည်အချင်း လိုအပ်ချက်ရှိနေတာကို ပြသလိုက်တဲ့ ပြဿနာလည်း ဖြစ်ပါတယ်။
တကယ်တော့ သမ္မတက လွှတ်တော်နာယကဆီ သဝဏ်လွှာ ပေးပို့လိုက်တယ်ဆိုတာ အစိုးရအဖွဲ့ကိုယ်စား လွှတ်တော်အမတ်တွေ အားလုံးကို သူတို့လုပ်ခဲ့သမျှ အစီရင်ခံတာပါ။ အမတ်တွေ သိရရင် ပြည်သူတွေကို ပြန်အစီရင်ခံရမှာပါ။ ဒီအစီရင်ခံစာဟာ လွှတ်တော် နာယက သူရဦးရွှေမန်း တစ်ယောက်တည်းကို ပေးတာမဟုတ်သလို၊ တစ်ယောက်တည်း သိဖို့၊ ထိန်ချန်ထားဖို့၊ လျှို့ဝှက်ထားဖို့ ပေးပို့တာမျိုးလည်း မဟုတ်ပါဘူး။ ဒီအတွက် လွှတ်တော် နာယက သူရဦးရွှေမန်းအနေနဲ့ ခုလို ဘာကြောင့် လုပ်ကိုင်ဆောင်ရွက်ခဲ့ရသလဲလို့ အမတ်တွေကိုရော ပြည်သူတွေကိုပါ ရှင်းလင်းပြောဆိုသင့်ပါကြောင်း၊ အစီရင်ခံစာ အပြည့် အစုံ အမတ်တွေကို ဖြန့်ဝေပေးသင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

From: စည်သူအောင်မြင့်

No comments:

Post a Comment