Saturday, February 22, 2014

ဆန္ဒပြရန်...အသင့်

ရေးသားသူ- ငြိမ်းချမ်း
အစိုးရအဖွဲ့၏ မူဝါဒအပြောင်းအလဲ ဆောင်ရွက်ချက်များ၊ အစိုးရအဖွဲ့ဝင်လူကြီးများ၏ လှုပ်ရှား၊ ပြောဆိုဆောင်ရွက်မှုများကို ရန်ကုန်မြို့ဆူးလေစေတီအနီးမှ လူတစ်စုက အမြဲမပြတ်စောင့်ကြည့်နေပါသည်။
ဝန်ကြီးဦးအုန်းမြင့်၏ နယ်လှည့်ပါးရိုက်မည်ဟု ပြောခဲ့သော

စကားများ၊ အာဇာနည်ဗိမာန်ကုန်းမြေတွင် ကိုရီးယားနိုင်ငံမှ အုတ်ဂူဆောက်မည့်ကိစ္စ၊ လျှပ်စစ်မီ
တာ ခများတိုးမြှင့်ကောက်သည့်ကိစ္စ စသည့်အကြောင်းအရာများအပါအ၀င် ပြည်သူများအကြား လှုပ်လှုပ်ခတ်ခတ်ဖြစ်စေခဲ့သည့် အကြောင်းအရာများကို ငါးရက်မကျော်စေဘဲ ဆန္ဒပြကန့်ကွက်ရန် အသင့်ရှိနေသူများရှိသည်။
အကြောင်းအရာသာပြောင်းပြီး လူမပြောင်းသည့် အသက်(၆၀)ကျော်ရှိပြီဖြစ်သော ဦးဘမြင့်၊ ဦးသန်းဆွေနှင့် ဦးဇော်ဝင်းဆိုသူတို့ဖြစ်သည်။
လက်ပံတောင်းတောင်သပိတ် အကြမ်းဖက်ဖြိုခွင်းခံရမှု၊ လယ်တီသိမ်တော်မရွှေ့ပြောင်းရေး၊ ပုဒ်မ ၁၈ ပယ်ဖျက်ရေး၊ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး၊ အားကစားကွင်းများပြန်ပေးရေး၊ လျှပ်စစ်မီတာခများတိုးမြှင့်ကောက်ခံခြင်းကြောင့် ဖယောင်းတိုင်ထွန်းခြင်း၊ ပုဒ်မ(၅၉) ပယ် ဖျက်ရေး၊ ဦးအုန်းမြင့်၏ပြောစကား၊ အာဇာနည်ဗိမာန်ကုန်းမြေတွင် ကိုရီးယားနိုင်ငံက အုတ်ဂူဆောက်ြ ခင်း စသည့်အကြောင်းအရာများအပါအ၀င် ဆန္ဒပြပွဲပေါင်း ၃၀ ကျော်ကို အကြောင်း အရာသာပြောင်းပြီး လူမပြောင်းဘဲ ဦးဆောင်ပါဝင်ခဲ့သူများဖြစ်သည်။

ဒီမိုကရေစီအင်အားစုအဖွဲ့ဟုဆိုကာဖွဲ့စည်းပြီး ဆန္ဒပြသည့်အလုပ်တစ်ခုသာလုပ်သည့် ၎င်းတို့က မည်သို့ရပ်တည်နေသည်မှာလည်း မေးခွန်းထုတ်စရာဖြစ်သည်။ အရပ်သားအစိုးရလက်ထက် ဆန္ဒပြပွဲများက ဟိုမှာ၊ သည်မှာ နိုင်ငံအနှံ့မှာဖြစ်သည်။ အဆိုပါပုဂ္ဂိုလ်သုံးဦးနှင့်အဖွဲ့ကမူ ပြည်သူများအကြား ရိုက်ခတ်မှုရှိသည့် လတ်တလောအကြောင်းအရာများအပေါ်တွင်သာ ဆန္ဒထုတ်ဖော်ပွဲများ ပြုလုပ်လေ့ရှိကြသည်။

၎င်းတို့ဆန္ဒပြလျှင် သက်ဆိုင်ရာအာဏာပိုင်များထံ ခွင့်ပြုချက်မတောင်းခံဘဲ ခွင့်ပြုမဲ့ဆန္ဒပြမှုကို ပိုမိုနှစ်သက်သည်ဆိုသည်။

“သူတို့ဆီခွင့်တောင်းရင် ငါးရက်စောင့်ရတယ်။ တကယ်လို့မပေးရင် အချိန်မရတော့ဘူး။ ဥပဒေကိုမလေးစားလို့မဟုတ်ပါဘူး”ဟု ဦးသန်းဆွေက စိတ်မရှည်သည့်လေသံဖြင့်ပြောသည်။

သူတို့သည် ခွင့်ပြုချက်မဲ့ဖြင့် ဆန္ဒပြပွဲများ ပြုလုပ်ခဲ့သော်လည်း ပြီးမြောက်ပါက သက်ဆိုင်ရာရဲစခန်းများသို့ ၎င်းတို့ကိုယ်တိုင် သွားရောက်အဖမ်းခံလေ့ရှိသည်။

“ဒီလူတွေက စိတ်ချရတယ်။ ပွဲပြီးရင် ဗီနိုင်းလေးကိုင်ပြီးလာတာပဲ။ အမြဲတွေ့နေတဲ့သူတွေဖြစ်နေပြီ”ဟု ကျောက်တံတားမြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ်ထွန်းနိုင်ဇော်က
ပြုံး၍ပြောသည်။

အုပ်စုဖွဲ့ဆန္ဒပြမှုများသည် ဗီနိုင်းကြေး၊ စာရွက်စာတမ်းကြေးများ ပိုမိုကုန်ကျသောကြောင့် တစ်ကိုယ်တော်ဆန္ဒပြမှုကို ပိုမိုနှစ်သက်ကြသည်ဟု ၎င်းတို့ကဆိုပြန်သည်။

တစ်ကိုယ်တော်ဆန္ဒပြမှုသည် ကတ်ထူစက္ကူပေါ်တွင် ပြမည့်အကြောင်းအရာကို ဆော့ပင်ဖြင့်စာရေးပြီး ကြိုးဖြင့်လည်ပင်းတွင်ချိတ်၍ ဆန္ဒပြခြင်းဖြစ်သည်။

“အဲလိုလေးလုပ်လိုက်တော့ တစ်ကျပ်မှမကုန်ဘူး”ဟု ဖေဖော်ဝါရီ ၂ ရက်က အာဇာနည်ဗိမာန်ကုန်းမြေတွင် ကိုရီးယားနိုင်ငံမှ အထိမ်းအမှတ်အုတ်ဂူဆောက်မည့် အကြောင်းအရာကို လက်မခံရန်အတွက် တစ်ကိုယ်တော်ဆန္ဒပြခဲ့သူ ဦးဇော်ဝင်းကပြောသည်။

လတ်တလောဖြစ်ပျက်ခဲ့သည့်အကြောင်းအရာများကို ဆန္ဒပြလျှင် ကတ်ထူစက္ကူများကိုသာ အသုံးပြုလေ့ရှိပြီး ပုဒ်မ ၁၈ နှင့် ၅၉ (စ)၊ (ဃ) စသည့်အကြောင်းအရာ ဆိုင်းဘုတ်များသည် ကြာရှည်ပြရမည်ဖြစ်သောကြောင့် ဗီနိုင်းများအသုံးပြုပြီး တစ်ပွဲပြီးလျှင် ရိုသေစွာထိန်းသိမ်းထားကြောင်း ပြောဆိုသည်။ အဆိုပါဗီနိုင်းဖိုးများကိုလည်း အဖွဲ့ဝင်များထဲမှ အချိုးကျကျခံကာပြုလုပ်ကြကြောင်း ပြောသည်။

၎င်းတို့သည် ရန်ကုန်မြို့နေရာအနှံ့အပြားတွင် ဆန္ဒပြမှုများလုပ်ခဲ့ကြသော်လည်း ဆူးလေစေတီအနီးတွင် ဆန္ဒပြရခြင်းကို ပိုမိုနှစ်သက်သည်ဟုဆိုသည်။ ဆူးလေအနီးတွင် သံတမန်များရှိခြင်း၊ အစိုးရ၀န်ထမ်းများပြားခြင်း၊ ပြည်သူအများအပြား လာရောက်ခြင်းတို့ကြောင့် သတင်းပျံ့နှံ့ရာတွင် ပိုမိုလွယ်ကူသောကြောင့်ဖြစ်ကြောင်း
ဆူးလေအနီးတွင် ဆန္ဒပြပွဲပေါင်းသုံးဆယ်ကျော်ပြုလုပ်ခဲ့သူ ဦးသန်းဆွေကပြောသည်။

သို့သော် ဆန္ဒပြသူများက အရပ်သားအစိုးရလက်ထက်တွင် ဟိုးယခင်ကလို ပြည်သူ့ထောက်ခံမှု၊ အားပေးမှုမကောင်းတော့ လုပ်စားကြသူများဟုပင် နှာခေါင်းရှုံ့ကြသူများရှိလာသည်။ သို့သော်လည်း ၎င်းတို့လူတစ်စုကတော့ ဆူးလေစေတီရှေ့မြေကွက်လပ်ကြီးကို ကိုယ့်အိမ်ကိုယ့်ရာလိုပင် သဘောထားသည်။

ဆန္ဒပြပွဲတစ်ခုပြုလုပ်လျှင် ၎င်းတို့အလေးထားပြုလုပ်သည်မှာ မီဒီယာများဖြစ်သောကြောင့် အချိန်ကိုတိကျစွာလုပ်ကိုင်လေ့ရှိသည်ဟု ဆိုသည်။ ထိုသူတို့သည် လက်ပံတောင်းတောင်သပိတ်စခန်း အကြမ်းဖက်ဖြိုခွင်းမှုနှင့်ပတ်သက်၍ ထိခိုက်ဒဏ်ရာရရှိသူများအတွက် ၁၄ လတိတိ ၀တ်ပြုဆုတောင်းပွဲများ ပြုလုပ်ခဲ့သည်။

“တစ်ခါတလေ ဆူးလေတို့ ရွှေတိဂုံစေတီတွေပေါ်မှာ ဆုတောင်းပွဲဆိုပြီးလုပ်တယ်။ ဆုတောင်းပွဲလို့ခေါင်းစဉ်တပ်တာဟာ ရဲတွေအရေးယူလို့မရအောင်လုပ်တာ။ တကယ်တော့ ဆန္ဒပြတာပဲ”ဟု ဦးသန်းဆွေကပြောသည်။ ဦးသန်းဆွေသည် ယခင်က အင်န်အယ်လ်ဒီပါတီဝင်ဖြစ်ပြီး ယခုတွင် ထိုပါတီနှင့်ကင်းကွာနေသည်မှာ ကြာမြင့်နေပြီဖြစ်သည်။
၎င်းတွင် သားသမီးလေးဦးရှိပြီး ယခင်က ကားအရောင်းအ၀ယ်လုပ်ခဲ့သော်လည်း လက်ရှိတွင် စီးပွားရေးမလုပ်ကိုင်တော့ဟုဆိုသည်။ ၈၈ အရေးတော်ပုံကာလအတွင်း ဖမ်းဆီးခံရပြီး ထိုနောက်ပိုင်းနှစ်များတွင် ခဏခဏခေါ်ယူထိန်းသိမ်းခံရသည်ဟုဆိုသည်။ ၂၀၁၃ ခုနှစ်အတွင်း ဆန္ဒပြပွဲပေါင်း ၃၀ ကျော်ပြခဲ့ပြီး ပုဒ်မ ၁၈ ဖြင့် အရေးယူခံရမှုခြောက်မှုရှိခဲ့သည်။ ထိုခြောက်မှုကို ၂၀၁၃ နှစ်ကုန်တွင် နိုင်ငံတော်သမ္မတကြီး၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပယ်ဖျက်ခြင်းခံရသည်။ ၂၀၁၄ တွင် ၀န်ကြီးဦးအုန်းမြင့်အား ဆန္ဒပြမှုကြောင့် ကျောက်တံတားရဲစခန်းတွင် ပုဒ်မ ၁၈ ဖြင့် တစ်မှုအရေးယူခံထားရပြန်သည်။

ဦးဘမြင့်၏တိုက်ခန်းထဲတွင် ပုဒ်မ ၁၈ နှင့် ပုဒ်မ ၅၉(စ)(ဃ) ဆန္ဒပြမည့်ဆိုင်းဘုတ်များက နေရာယူထားသည်။ ၎င်းတွင်လည်း သားသမီးလေးဦးရှိကာ ယခင်က အလုံမြို့နယ်အင်န်အယ်လ်ဒီပါတီဥက္ကဋ္ဌဖြစ်ပြီး ယခုထိုပါတီနှင့် ကင်းကွာနေသည်ဟုဆိုသည်။ သူသည် နိုင်ငံရေးလုပ်မှုကြောင့် ထောင်လေးကြိမ်ကျခဲ့ပြီး ၈၈ အရေးတော်ပုံကာလနှင့် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလများတွင် အင်းစိန်ထောင်ထဲ၌ ရောက်ရှိနေသည်။ ဦးဘမြင့် ပထမဆုံးအကြိမ် ထောင်ကျသည့်ဖြစ်စဉ်မှာ ၁၉၉၁ အောက်တိုဘာလ ညနေ ၆ နာရီတွင် ဗီအိုအေရေဒီယိုမှ ဒေါ်အောင်ဆန်းစုကြည် နိုဗယ်ဆုရပြီဟု ကြေညာသည်ကိုကြားသိပြီး ထိုည ၈နာရီတွင် လက်ဖက်ရည်ဆိုင်၌ပြောကြားရာမှ ထောင်လေးနှစ်ကျခြင်း ဖြစ်သည်။ ၂၀၁၃ တွင် ပုဒ်မ ၁၈ ဖြင့် ခြောက်မှုအရေးယူခံထားပြီး ပယ်ဖျက်ရာတွင် ပါဝင်ခဲ့သည်။ ယခုလက်ရှိတွင် ၀န်ကြီးဦးအုန်းမြင့်ကို ဆန္ဒပြမှုကြောင့် ကျောက်တံတားရဲစခန်းတွင် ပုဒ်မ ၁၈ ဖြင့် တစ်မှုအရေးယူခံထားရသည်။


နိုင်ငံတော်လူကြီးများကို ဆန္ဒပြမှုအကြိမ်ကြိမ်ပြုလုပ်ခဲ့သော်လည်း တိုင်းမ်မဂ္ဂဇင်းအား နိုင်ငံတော်သမ္မတကြီးကန့်ကွက်မှုကို ထောက်ခံဆန္ဒပြပွဲနှင့် မြစ်ဆုံစီမံကိန်းရပ်ဆိုင်းထားမှုကို ထောက်ခံဆန္ဒပြပွဲ စသည်တို့လည်း ပြုလုပ်ခဲ့ပြန်သည်။

“လူကြီးတွေရဲ့အပြစ်တွေကို လိုက်ပြနေတာချည်းမဟုတ်ဘူး။ လူကြီးတွေကောင်းရင်လည်း ထောက်ခံတဲ့ဆန္ဒပြပွဲလုပ်မှာပဲ”ဟု ၎င်းတို့ကပြောသည်။

၎င်းတို့ဆန္ဒပြမှုကြောင့် နိုင်ငံတော်မှလိုက်လျောပေးသည့် အောင်မြင်မှုများလည်း ရှိနေပါသည်။ လျှပ်စစ်မီတာခများတိုးမြှင့်မှုကြောင့် သုံးရက်ဖယောင်းတိုင်ထွန်းဆန္ဒပြခြင်း၊ နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရန်အတွက် ဆန္ဒပြခြင်း၊ လယ်တီသိမ်တော်အား ရွှေ့ပြောင်းမပေးရန်အတွက်ဆန္ဒပြခြင်း စသည့်ဆန္ဒပြမှုများမှာ အောင်မြင်မှုရရှိခဲ့သည်။

မြန်မာနိုင်ငံတွင် ဆန္ဒပြမှုများ များပြားလာသောကြောင့် ဆန္ဒပြသူများအပေါ် ဝေဖန်မှုများလည်းရှိနေသည်။ ဆန္ဒပြသူများသည် တစ်နှစ်ပတ်လုံး လိုက်လံဆန္ဒပြနေသောကြောင့် ၎င်းတို့အပေါ် ပြင်ပအဖွဲ့အစည်းများက ငွေကြေးထောက်ပံ့ပေးမှုများရှိနေသည်ဟု ယူဆနေကြသည်။

“ငွေကြေးနဲ့ပြတဲ့ ဆန္ဒပြသူတွေရှိပါတယ်။ ဒါပေမဲ့ ဦးတို့က သူတို့နဲ့ဝေးဝေးရှောင်တယ်”ဟု ခေါင်းဆောင်သုံးဦးကပြောသည်။

မြစ်ဆုံစီမံကိန်း ဆက်လက်ဆောက်လုပ်ရန်အတွက် ဆောက်လုပ်မည့်ဘက်မှ စတင်ကမ်းလှမ်းနေသည်ဟူသည့်သတင်းကို ထိုအဖွဲ့ကသိရှိထားပြီးဖြစ်သည်။ ထိုသတင်းမှန်ကန်လျှင် ဦးဘမြင့်တို့သုံးဦးသည် ဆူးလေစေတီအနီးသို့ လာရောက်ဦးမည်ဖြစ်သည်။

“ခေါင်းစဉ်သာပြောင်းသွားတယ်။ လူတွေကမပြောင်းဘူး။ သူတို့ ခဏခဏလုပ်တော့ ဈေးရောင်းကောင်းတယ်”ဟု မဟာဗန္ဓုလပန်းခြံအရှေ့ဘက်တွင် ကြံရည်ရောင်းသူတစ်ဦးကပြောသည်။

ဓာတ်ပုံ- ကျော်ဇင်သန်း
7Day News Journal

No comments:

Post a Comment