Monday, February 10, 2014

အောင်ဆန်းခန်းမ ၊ အောင်ဆန်းရုပ်တု နှင့် အောင်ဆန်းအပေါ်ထားတဲ့စိတ်ထား

ဟိုတနေ့ကဆရာမောင်သာချို(ဂျက်ကွမ်းခြံကုန်း)ရဲ့စာပေဟောပြောပွဲလေးပြန်နားထောင်ဖြစ်တယ်
အရာဝထ္ထုတိုင်းမှာ Value တစ်မျိုးဆီ ရှိ တယ် တဲ့ ။ အဲဒါတွေကတော့
(၁)အသုံးချတန်ဖိုး
(၂)ဖလှယ်ရတန်ဖိုး
(၃)မြတ်နိုးမှုတန်ဖိုးတို့ပါတဲ့ ။
ဆိုပါတော့ ...
ထမင်းဆိုရင် အသုံးချတန်ဖိုးပေါ့ ။ ဘာလို့ လဲ ။ ထမင်းကိုစားလို့ရတယ်။
ပိုက်ဆံ ဆိုရင် ဖလှယ်ရတန်ဖိုးပေါ့ ။ ဘာလို့လဲဆိုတော့ ။ ပိုက်ဆံ နဲ့ အဝတ်စားလိုရင်အဝတ် စား ၊ နေစရာလိုရင်နေစရာ ၊ စားစရာလိုရင်စားစရာ အားလုံး ကို ဝယ်လို့ရတယ် ။ ပိုက်ဆံ နဲ့ ဖလှယ်လို့ရတယ် ။
နောက် Sentimental Value လို့ခေါ်တဲ့ မြတ်နိုးမှု တန်ဖိုးဆိုတာကတော့ ။ အသုံးချလို့လည်းရချင်မှရမယ် ၊ ဖလှယ်လို့လည်းရချင်မှ ရမယ် ။ ဒါပေမဲ့ အဲဒီအရာဝထ္ထုလေးပေါ် မှာ ထားတဲ့ စိတ် ၊ ခံစားမှု အလေးအနက်ပေါ်မှာ မူတည်ပြီး တန်ဖိုးကြီးမှုတွေ ပစ္စည်းလေးရဲ့ တန်ဖိုး က ရှိနေတာမျိုးပေါ့ ။ ဥပမာ ... အဖေ ၊ အမေ ဓာတ်ပုံလေးတွေ ။ သူငယ်ချင်းတွေပေးထားတဲ့ လက်ဆောင်ပစ္စည်းလေးတွေ ။ ချစ်သူပေးထားတဲ့ စာအဟောင်းလေးတွေ မျိုးပေါ့ ။
အဲဒီ Value သုံးမျိုးထဲ မှာ မှ ... Sentimental Value ဆိုတဲ့ မြတ်နိုး မှု တန်ဖိုးကို လူသားတွေ သာ ပိုင်ဆိုင်ကြ တယ်လို့ ဆိုတယ် ။ လူသားတွေမှာ နှလုံးရည်တန်ဖိုးမြင့် လေလေ မြတ်နိုးမှု တန်ဖိုး ကိုပိုထားတတ်လေလေ တဲ့ ။
နောက် Value ဆိုတာနဲ့ ပက်သက်ပြီးတော့လည်း ။ လူတစ်ယောက်နဲ့ တစ်ယောက် ၊ ပတ်ဝန်းကျင်တစ်ခုနဲ့ တစ်ခု ၊ လူမျိုးတစ်မျိုးနဲ့ တစ်မျိုး ၊ နိုင်ငံတစ်ခုနဲ့တစ်ခု လက်ခံ ပုံချင်း မတူညီသလို ၊ ယူဆပုံ ၊ ဖော်ပြပုံချင်းလည်းမတူညီကြဘူး ။ ဥပမာ အရှေ့တိုင်းတန်ဖိုးနဲ့ အနောက်တိုင်းတန်ဖိုး စံသတ်မှတ်မှုတွေ ကွာဟ နေသလိုမျိုးပေါ့။
ကျွန်တော်တို့ မြန်မာတွေရဲ့ ဘုံ Sentimental Value ကို ပြ ပါ ဆိုရင် ဗိုလ်ချုပ်အောင်ဆန်းဖြစ်မယ်ထင်တယ် ။ သို့ပေမဲ့ မြတ်နိုးမှု ပုံစံ ချင်းတော့ လူတစ်ယောက်နဲ့ တစ်ယောက် တူမယ်မထင်ဘူး ။ လက်ခံပုံချင်းလည်းတူမယ်မထင်ဘူး ။ ဖော်ပြပုံချင်လည်းတူမယ်မထင်ဘူး ။
ငယ်ငယ်က ဗိုလ်ချုပ်အောင်ဆန်း ရဲ့ " ရဲဘော်တို့ ...အကျယ်ချဲ့ပြီး ရှည်ရှည် မပြောချင်ဘူး ..အခု စစ်မြေပြင်ကို ထွက်ရမယ် ..ဆင်းရဲမယ် ..ငတ်မယ်
.. အခက်အခဲတွေနဲ့ ရင် ဆိုင်ကြရမယ် ..ဗမာပီပီ ဗမာ့သွေးကို ပြကြပါ.." ဆိုတဲ့ စကားလေးတွေ ကြား ပြီး စိတ်ကြွ ခဲ့ရဖူးတယ် ။ စာအုပ်ထဲမှာ ပါတဲ့ ဗိုလ်ချုအောင်ဆန်းမြင်းစီး ပုံကို မတူမချင်း ထိုင် ဆွဲ ခဲ့ဖူးတယ် ။ ငယ်ငယ် သူများတွေ ကိုယ့် ကို ... နဂါး နဂါး (နားကားလို့) ခေါ်ရင် စိတ်ဆိုးရမဲ့ အစား သိပ်သဘောကျတာ ။
ဘာလို့လဲဆိုတော့ ဗိုလ်ချုပ်ကလည်းနားကားတယ်လို့ မြင်တာကိုး ။ ဆံပင်ညှပ်ရင်လည်း ဗိုလ်ချုပ်ကေ မှ ညှပ်ချင်တယ် ။ ကတုံးဆံထောက် ကိုယ့်ဆံပင်လေးကို စမ်းရင်း မောက်နေတဲ့ ငယ်ထိပ်လေးကို ပွတ် ကြည့်ပြီး အကျေနပ်ကြီးကျေနပ်ခဲ့ ဖူးတယ် ။
အသက်လေးနည်းနည်းကြီးလာတော့ ဗိုလ်ချုပ်အောင်ဆန်း အကြောင်းလေးတွေ ဖတ် တော့ အပြောအဆို အနေထိုင် ၊ ပုံပန်းသဏ္ဍန်တင် မက စိတ်ဓာတ်တွေ ပါ သိလာရတယ် ။ ရိုးသားမှုတွေ ၊ အပင်ပန်းဆင်းရဲခံနိုင်မှုတွေ ၊ သတ္တိရှိမှုတွေ ၊ အမှန်တရားမြတ်နိုးမှုတွေ ၊ အမျှော်မြင်ကြီးမှုတွေ ၊ တိုင်းပြည်နဲ့လူမျိုးပေါ် ထားတဲ့ စိတ်စေတနာကို ခံစားသိရှိလာရတယ် ။
စစ်သားရယ်လို့ ဖြစ်လာတော့ ... "အထက်ဗိုလ်များကလည်း သာတူညီမျှ ရဲဘော် စိတ်ထားပါ .. အနီးစပ်ဆုံး ရန်သူကို ရှာပြီး တိုက်ကြ ၊ ရဲဘော်တို့ နဲ့ တူတူ ကျွန်ူပ်ကိုယ်တိုင် ချီတက်မယ် " ဆိုတဲ့ စကားက စိတ်အာရုံမှာ လာစွဲ စေတယ် ။
နှစ်ငယ် ဗိုလ်လောင်းဘဝမှ ဘယ်အရာတွေပဲလာလာ ၊ မလုပ်နိုင်ပါဘူး လို့ တစ်ခွန်း မထွက်ခဲ့ဘူး ။ နှစ်ကြီး ဗိုလ်လောင်းဖြစ်လာတော့ လည်း follow me လို့ မခေါ် နိုင်သေးရင်တောင် ... Do as I do ဖြစ်အောင် အတတ်နိုင်ဆုံးကျင့်ကြံခဲ့တယ်။
အနိမ့်ဆုံး အဆင့် ... တာဝန်ကျဗိုလ်လောင်းဖြစ်လို့ ဂျူနီယာတွေ ဝတ်စား ဆင်ယဉ်မှု စစ်ဆေးရရင် ကိုယ့်ဖိနပ်နဲ့ တိုက်စစ်တယ် ၊ ကိုယ့် အဆင့်တံဆိတ်တွေ ၊ ကိုယ့်အဝတ်စားတွေ နဲ့ တိုက်စစ်တယ် ။
အကဲဒမစ်ဆောင်တွေ သွားပြီဆိုရင် စစ်သီချင်းတွေ ဆိုရတယ် ။ ခုလိုဆောင်းတွင်း မနက်စောစော ဆိုရင် " အာဇာနည်သွေးတွေ အရိုးကြေ ကြေ ... တို့ ပြည် ၊ တို့မြေ ..ခေတ်ဆွေးကိုပြောင်းပြန် ...ခေတ်သစ်ကိုစီမံ ...လွတ်လပ်ဖို့ စိတ်ကြံ ... ညီစေနော် တို့ရဲဘော် ...ချီတက်ကြစို့ တူပျော်ပျော် ... ဘယ်ညာ ..ဘယ်ညာ ...မြန်မာပြည်ငါတို့ပြည် ...ခင်ခင် မင် မင် အမျိုးကိုစောင့်ရှောက် " ဆိုပြီး ဝမ်းခေါင်းကိုညှစ် အော်လိုက်ရချိန်ဆိုရင် ...ပါးစပ် က ထွက်တဲ့ အာငွေ့ ဝါးဝါးလေးတွေ ထဲမှာ ... မြန်မာ့ အာဇာနည်ခေါင်းဆောင်တွေ ဘယ်လောက် အရိုးကျေကျေ အရေခမ်းခမ်း လုပ်ခဲ့ရလဲဆိုတဲ့ ပုံရိပ်တွေ ဝိုးတဝါး ပြန်မြင်ယောင်လို့ရတယ် ။
မိုးတွေ ရွာ နေချိန်ဆိုရင် ... " မိုးတွေ က လည်း မစဲ ဘဲ ရွာနေတယ် ..သူတို့အလောင်းကောင်အကာ ကွယ်ပြု လို့ ငါတို့တက်ရတယ် ...တို့ဗိုလ်က ဓားဆွဲလို့ ရှေ့က တက်ပါတယ် ... ဘယ်မှာ ကြောက် စိတ်ရှိမလဲ ..ငါတို့စစ်သားရယ်" လို့ အော် လိုက်ရရင် ... ကျား ...တခဲ ခဲ နဲ့ ဓားဆွဲ ပြီး တက်နေတဲ့ ဗိုလ်ချုပ်ရဲ့ ပုံရိပ်တွေ ကို စိတ်အာရုံမှာ မြင်ကြည့်လို့ရ နေတယ် ။ အဲဒီချိန်ဆိုရင် မေမြို့ မိုးအေး စိမ့်စိမ့် ကြားမှာ ... ကြက်သီးနွေးနွေးလေးတွေ ကိုယ်စီ နဲ့ ။
မှတ်မှတ် ရရ ...ကျောင်းဆင်း စစ်ရေးပြကျင့် ချိန်ဆိုရင် ... စစ်တက္ကသိုလ် ဘုရင့်နောင်တပ်ရင်းမှာ အရပ် ၅ ပေ ၂ ကိုင်တဲ့ ဓား တစ်လက်ပဲရှိတယ် ။ Squad Leader ဓားကိုင်အဖြစ် ထွက်ကြရသူတွေ ဟာ အများအားဖြင့် ၅ ပေ ၆ ၊ ၅ ပေ ၇ တော့ရှိတတ်ကြတယ် ။ ဒီထက်မြင့်သူတွေများပါတယ် ။ ဒါပေမဲ့ ဓားကိုယ်ပိုင် မရခင် ဆိုရင် ... ၅ ပေ ၂ ဓားလေး ကို ကျွန်တော်တို့ ပြေးပြေး ဦးတတ်တယ် ။ စစ်ရေးပြဓား ဆို ပေမဲ့ အဲဒီဓါးလေး က ဗိုလ်ချုပ်ကိုင်တဲ့ ဂျပန်ဓားလို ခပ်ကော့ကော့လေး ၊ အရွယ် အ စား ကလည်း အဲဒီ ဓားလောက်ပဲရှိတယ် ။
နောက်ကျောင်းဆင်းတော့ ဖာပွန် ဘက် ရှေ့တန်းထွက်တယ် ။ စစ်သုံးမြေပုံပေါ် က ကွန်တို မျဉ်းတွေ ကို ကျွန်တော်က မျက်စိထဲ တန်းမမြင်နိုင်ဘူး ။ အဲဒီတော့ ၆ လုံးပေးဖို့ မြေပုံမူမှန်ချတာ ၊ သံအိုက်အိမ်မြှောက်သုံးတာ ကတစ်ပိုင်း ။ ကျွန်တော်ရောက်တဲ့ နေရာ က ထူးခြားနေတဲ့ ပတ်ဝန်း ကျင်အတော်များများကို ခဲပန်းချီ ယူလေ့ရှိတယ် ။ ကျွန်တော့် ဘာသာ ဆွဲ ရင် နှေးတယ် ။ အဲဒီတော့ ကျွန်တော့် ရဲဘော်တွေ ထဲ ဘယ်သူ ပုံ ဆွဲတတ်လဲဆိုတော့ တစ်ယောက်ထွက်လာတယ် ။ ပြီးတော့ မင်းဆွဲ တတ်လား ဆိုတော့ ... နုတ်ဘုတ်လေးထုတ်ပြတယ် ။ ဗိုလ်ချုပ်ပုံတွေ အနေထားအမျိုးမျိုး ကို ရှိတ် ချယ်ထားတဲ့ ပုံတွေ နုတ်ဘုတ်လေး နဲ့ အပြည့်ပါ ပဲ ။

ကျွန်တော် ဆိုလိုတာ က Value ချင်းတူရင်တောင် ယူဆပုံချင်းမတူကြဘူး ၊ ဖော်ပြပုံချင်း မတူကြဘူး ဆိုတာကိုပါ ။ ကျွန်တော့် အမြင် မြတ်နိုးစွာ ဆိုတဲ့ ကြိယာဝိသေသန က နေရာ အမှန်ချဖို့တော့ လိုတယ်ထင်တယ် ။ သနပ်ခါး ဟာ မျက်နှာမှာလိမ်းခြယ်ထားရင် မြတ်နိုးရာရောက်တယ် ။ ဖိနပ်မှာ သွား လိမ်းရင်တော့ ဖိနပ်ရဲ့ အလှ ပျက်စေသလို ၊ သနပ်ခါပေါ်မှာထားတဲ့ မြတ်နိုးမှု တန်ဖိုးလည်းမတက်စေဘူး ။ ဘုရားဟာ ဘုရားစင်မှု ၊ ဘုရားခန်းမှာ ရှိနေတာ လေးမြတ်ရာရောက်စေတယ် ၊ အနှိပ်ခန်းမှာ ၊ သန့်စင်ခန်းမှာ သွားထားရင် အဲဒါဟာ မြတ်နိုးတာ မဟုတ်ဘူးလို့ ပဲ ကျွန်တော်ယူဆတယ် ။ ဒါကြောင့် ... ဗိုလ်ချုပ် ပုံရင်ဘက်ချိတ်ပြီး ကိုလိုချင်တာတောင်းတာမျိုး ၊ ဝဘ်ဆိုဒ်မှာ ဗိုလ်ချုပ်ပုံတင်ပြီး သူများဆဲတာမျိုး ၊ အကောင့်မှာ ဗိုလ်ချုပ်ပုံတင်ပြီး ဖွန်ကြောင်နေတာမျိုး ၊ ချစ်လှပါချည်ရဲ့ ဆိုပြီး မြေကြီး မှာ ပုံပြီး ရောင်းစားတာ မျိုး ၊ စတေကာအင်းကျီ ဝတ်ပြီး ဆန္ဒပြတာမျိုး ဘယ်သောအခါ မှ လုပ်မှာ မဟုတ်ပါဘူး ။ ဘာလို့လဲဆိုတော့ အဲဒါ ကျွန်တော်တို့ Value မဟုတ်လို့ပါပဲ။

အဲလိုတွေ မလုပ်လို့ .... လူကြားမှာ ချစ်လိုက်တာ ချစ်လိုက်တာ မအော်လို့ ... စစ်တပ်ကြီး က ဗိုလ်ချုပ်ကိုချောင်ထိုးထားတယ် လို့ ပြော ကြတယ် ။ ဟုတ်ကဲ့ ... ချောင်ထိုးထားပါတယ် ။ ဘယ်ဘက် အိပ်ကပ်ရဲ့ အောက်က ... ခပ်နက်နက် ချောင်တစ်ခုမှာပါ ။

(ရုပ်ဆိုး)
Photo - စစ်တက္ကသိုလ် Main တစ်နေရာမှ အောင်ဆန်းခန်းမ ၊ ဗိုလ်ချုပ် နှင့် ဗိုလ်လောင်းများ

No comments:

Post a Comment