Monday, February 10, 2014

ဆိုချီအိုလံပစ်၊ ကြီးလေးကြီး၊ လီနာ၊ ဆန္ဒခံယူခြင်းနှင့်စည်းရုံးခြင်း၊ ဂျာနယ်တွေ ဟောင်ကြပါစေ

(က) ဆိုချီ ၂၀၁၄ ဆောင်းရာသီအိုလံပစ်
ရုရှားနိုင်ငံက ဆောင်းရာသီအိုလံပစ်အတွက် စီစဉ်ထားတဲ့ အစီအစဉ်တွေထဲက တစ်ခုကတော့ အိုလံပစ် မီးရှူးတိုင်ကို အာကာသထဲ ပို့ဆောင်ခြင်းဖြစ်ပါတယ်။ နိုင်ငံတကာ အားကစားပြိုင် ပွဲတွေကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရရှိဖို့အတွက် ဘယ်လောက်အထိ ယှဉ်ပြိုင်ရတယ်ဆိုတာ အားလုံးအသိ ဖြစ်ပါတယ်။ အိမ်ရှင်အဖြစ် အရွေးချယ်ခံရပြီဆိုရင်လည်း ပြောစမှတ်ဖြစ်ပြီး တသသ   ပြောကျန်ရစ်အောင် စွမ်းဆောင်ကြရင်း နိုင်ငံရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ကြပါတယ်။ ကိုယ့်နိုင်ငံ ဂုဏ်သိက္ခာ တက်ဖို့အတွက် နိုင်ငံတိုင်းဟာ သူတို့စွမ်းနိုင်သမျှ အမြင့်ဆုံးကို လုပ်ပြချင်ကြတာ ချည်း ပဲ။ ကိုယ့်နိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ပြိုင်ပွဲကို ကောင်းကောင်းမွန်မွန် ပြင် ဆင်ဆောင် ရွက်နိုင်ခြင်း မပြုခဲ့လို့ အများတကာက ဝေဖန်ပြစ်တင် ကဲ့ရဲ့ကြရင် အစိုးရတစ်ခုတည်းကို ပြော ဆိုကြ မှာ မဟုတ်ပါဘူး။ ကျွန်တော် ဘာပြောချင်လဲဆိုတာ မိတ်ဆွေတို့ သဘောပေါက်ကြမယ် ထင်ပါရဲ့။ အောက်မှာတော့ ရုရှားနိုင်ငံရဲ့ ဆိုချီ ၂၀၁၄ ဆောင်းရာသီအိုလံပစ် ပြိုင်ပွဲအတွက် ၉ နှစ်တာကာလ ပြင်ဆင်ခဲ့မှုတွေကို အာကာသကနေ မှတ်တမ်းတင်ထားတဲ့ သမိုင်းဝင် ဓာတ်ပုံ ဖြစ်ပါတယ်။ အဲဒီဓာတ်ပုံအတွက် ပေးထားတဲ့ ခေါင်းစဉ်ကတော့ "၉ နှစ်တာ ပြင်ဆင်မှု များကို ၆ စက္ကန့်ဖြင့် ကြည့်ရှုခံစားပါ" တဲ့။ ဟုတ်ကဲ့... အဲဒီဓာတ်ပုံကနေ စကားလုံးပေါင်း ၆ ကုဋေလောက် ကျွန်တော်ကြားလိုက်ရသလိုပါပဲ။ ဆိုချီအိုလံပစ် အောင်မြင်ပါစေ။



(ခ) မြန်မာ့နိုင်ငံရေးရဲ့ ကြီး ၄ ကြီး
မြန်မာ့နိုင်ငံရေးမှာ ကြီး ၄ ကြီး ရှိမှန်း မနေ့က ဂျာနယ်တစ်စောင်ကို ဖတ်ရမှပဲ သိတော့တယ်။ ဖတ်ဖတ်ချင်း မြန်မာ့နိုင်ငံရေး၏ ကြီးလေးကြီး ဆိုတဲ့အသုံးအနှုန်းကို မြင်တော့ စိတ်ထဲမှာ နည်းနည်းတော့ ဇဝေဇ၀ါ ဖြစ်သွားတယ်။ နောက်မှ သြော်............ သြော်............. လို့ ရေရွတ်ပြီး ခေါင်းတဆတ်ဆတ် ညိတ်လိုက်မိတယ်။ လွတ်လွတ်လပ်လပ် ရှိတုန်းလေး ရေးကြပါစေ၊ ပြောကြပါစေ....။ မြန်မာ့နိုင်ငံရေးရဲ့ ကြီး ၄ ကြီး တွေကတော့ -
(၁) ဦးသိန်းစိန်
(၂) သူရဦးရွှေမန်း
(၃) ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
(၄) ဒေါ်အောင်ဆန်းစုကြည်
ဒါလည်း မှတ်သားစရာ တစ်ခုဟူ၍ မှတ်ယူမှတ်သားရပါသည်။ ဒါပေမယ့် ဦးသိန်းညွန့်တို့၊ ဒေါက်တာအေးမောင်တို့၊ ဦးခွန်ထွန်းဦးတို့ ဘာပြောကြမလဲ ဆိုတာကို အရမ်းစိတ်ဝင်စားမိတယ်။ ဟုတ်တော့ ဟုတ်နေပါပြီဗျာ။

(ဂ) အာရှတိုက်သူ လီနာ အတွက် ၀မ်းသာဂုဏ်ယူခြင်း


2014 Australian Open တင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်း ပွဲစဉ်မှာ တရုတ်နိုင်ငံသူ လီနာက အနိုင်ရ ဗိုလ်စွဲသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်ကြိမ်တုန်းက အကြောင်းအမျိုးမျိုးကြောင့် ချန်ပီယံဆုနဲ့ လွဲခဲ့ရပြီး ဒုတိယဆုနဲ့သာ ကျေနပ်ခဲ့ရတဲ့ လီနာအတွက် အခုတစ်ကြိမ်မှာတော့ ချန်ပီယံဆုကို လက်ဝယ်ပိုင်ပိုင် ရရှိသွားခဲ့ပါပြီ။ တရုတ်ဆိုတဲ့ နာမည်ကို ကြားလိုက်တာနဲ့ မုန်းတီးလိုက်မဟေ့လို့ ဆုံးဖြတ်ထားသူများကို စကားတစ်ခွန်း ဆိုချင်ပါတယ်။ နိုင်ငံတစ်ခု အင်အားကြီးထွားလာတာ၊ ဖွံ့ဖြိုးတိုးတက်လာတာကို မုန်းတီးတဲ့ အမြင်သက်သက်နဲ့ ကြည့်နေမယ်ဆိုရင် ကိုယ့်နိုင်ငံအတွက် ဘယ်လိုအကျိုးရှိအောင် အသုံးချရမလဲဆိုတဲ့ မူဝါဒကို မှန်ကန်စွာ စဉ်းစားတတ်မှာ မဟုတ်ပါဘူး။ ကမ္ဘာ့အင်အားကြီး နိုင်ငံတစ်ခုရဲ့ အိမ်နီးချင်းအဖြစ် တည်ရှိနေပါလျက်နဲ့ အဲဒီအခွင့်အရေးကို အပြည့်အ၀ မဖမ်းဆုပ်နိုင်၊ အသုံးမချနိုင်ဘူးဆိုရင်တော့ ကိုယ်တွေလောက် ပညာမဲ့တဲ့သူ၊ အမြင်ကျဉ်းတဲ့လူ ရှိမယ်မထင်ပါဘူး။ လီနာ သြစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲ ဗိုလ်စွဲတာကို ကျွန်တော်ပျော်တယ်၊ ၀မ်းသာတယ်၊ ဂုဏ်ယူတယ်။ ဘာကြောင့်လဲဆိုတော့ အာရှစိတ်နဲ့ ခံစားအားပေးတာမို့ပဲ။ အာရှကလူတွေဆိုရင် ခပ်ညံ့ညံ့၊ ခပ်ချာချာ၊ အရိုင်းအစိုင်းတွေလို့ပဲ ထင်မှတ်ထားကြတဲ့ အနောက်က အသားဖြူတွေကြားမှာ အာရှတိုက်သူ လီနာက ဗိုလ်စွဲအောင် ယှဉ်ပြိုင်နိုင်ခဲ့တာကို ဘယ်သူတွေ ဘာပဲပြောပြော ကျွန်တော်ကိုဉာဏ် ဂုဏ်ယူတယ်ဗျာ။ ဘယ့်နှယ်ဗျာ... ဒီမိုကရေစီကို လိုချင်လိုက်တာလည်း မြန်မာတွေအပြင် နှစ်ယောက်မရှိဘူး။ ကျွန်တော့် Facebook မှာ ကျွန်တော့်ဘာသာ လီနာ ဗိုလ်စွဲတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း Status တင်တာကို မင်းက တရုတ်လိုလားသူလား၊ တရုတ်ချစ်ကြီးပေါ့၊ စသည်စသည်ဖြင့် ခနဲ့သလိုလို၊ ရွဲ့သလိုလို လာပြောသူများကို ကျွန်တော်က ကျေးဇူးတင်ပါတယ်ခင်ဗျလို့ ပြောရလောက်အောင် ငကြောင်မဟုတ်သေးဘူးဗျာ။ သူတို့ကို မကျေမနပ် ပြန်ပြောတော့ အနာပေါ်တုတ်ကျတော့ နာသွားပြီဆိုပြီး ကျွန်တော့်ကို နှိပ်ကွပ်ကြပြန်တယ်။ အင်း... ဒီမိုး၊ ဒီရေ၊ ဒီလှေ၊ ဒီလူတွေနဲ့တော့ ခက်ရချည်ရဲ့ဗျို့။

(ဃ) ဆန္ဒခံယူခြင်းနှင့် စည်းရုံးခြင်း
ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကို ပြင်ရမယ်၊ ပြင်ရမယ်ဆိုပြီး NLD ပါတီက အသားကုန်အော်၊ အသား ကုန်ဆော်၊ အသားကုန်လှုံ့ဆော်၊ အသားကုန်ဆန္ဒခံယူ လုပ်ခဲ့ကြတာ အားလုံးအသိ ဖြစ်ပါတယ်။ ဆန္ဒခံယူပွဲတွေ လုပ်တယ်ဆိုပြီး တက်လာတဲ့ လူ ၃၀၀ လောက်ကို လက်ထောင်ခိုင်း၊ ပါးစပ်နဲ့အော် ခိုင်းတွေ လုပ်ပြီးတော့ အတည်ပြုတယ်၊ ပြည်သူက ပြင်ချင်တယ်လို့ ကြေညာချက်တွေ ထုတ်ခဲ့တာ လည်း အားလုံးအသိ ဖြစ်ပါလိမ့်မယ်။ ပြည်နယ်နှင့်တိုင်းတွေမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်ရေး ဆိုင်ရာ ဆန္ဒခံယူပွဲတွေကို NLD က ပုံစံအမျိုးမျိုးနဲ့ လုပ်ဆောင်ခဲ့ပြီးကာမှ ဒေါ်အောင် ဆန်း စုကြည်က ဘာဖြစ်လို့ နယ်တကာလှည့်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ စည်းရုံးဟောပြောမှုတွေ လုပ်နေရတာလဲ။ သူတို့ပဲ ပြည်သူတွေက ပြင်ချင်ပါတယ်၊ ထောက်ခံကြပါတယ် လို့ ကြေညာ ချက်တွေ သတင်းတွေ ထုတ်ခဲ့ပြီးကာမှ အခုလို လိုက်လံစည်းရုံး ဟောပြောနေတာဟာ ရှေ့စကား နဲ့ နောက်လုပ်ရပ် မညီဘူးလို့ ထင်မိတာပါပဲ။ဆန္ဒခံယူပွဲတွေ လုပ်ပြီးကာမှ ပြင်ဆင်ရေး ကို ထောက် ခံကြပါဆိုပြီး ပါတီဥက္ကဋ္ဌကိုယ်တိုင် လိုက်ပြောနေတာကတော့ တစ်ခုခု လွဲနေသလို ခံစားမိကြောင်း ပါ။ မြန်မာ့နိုင်ငံရေး ဆိုတာကလည်း နားလည်ဖို့ အခက်သား မဟုတ်လား။

(င) ဂျာနယ်တွေမှာ ရေးသားဖော်ပြကြသမျှ
မိတ်ဆွေအချို့က မြှောက်ပေးကြတယ်။ ဂျာနယ်တွေမှာ ရေးချင်သလို ရေးနေ တာတွေ၊ ဖော်ပြချင် သလို ဖော်ပြနေတာတွေအတွက် မင်းအမြင်လေးတွေ ရေးပါဦးတဲ့။ အို.....သမ္မတကြီးတို့၊လွှတ်တော်  နာယကကြီးတို့တောင် မထိရဲတဲ့ အဲဒီမဏ္ဍိုင်ကြီးကို ကျွန်တော်ကိုဉာဏ်ဆိုတဲ့ ငနဲပမွှားက ဘယ်လို လုပ် ပြောရဲထိရဲမှာလဲဗျ။သူတို့ဘာသာသူတို့ ရေးချင်ရာ ရေးကြပါစေဗျာ။  ဟောင်ချင်တဲ့လူကို   ဟောင် ချင်တဲ့အချိန်မှာ ဟောင်ချင်သလို ဟောင်ခွင့် ရှိတာကိုက ခွေးရဲ့ အခွင့်အရေး မဟုတ် ဘူးလား။ နားငြီးလို့ မခံနိုင်တဲ့လူရှိရင် တုတ်တဲ့ထပစ်လိမ့်မယ်၊ လေးခွနဲ့ ထဆော်လိမ့် မယ်၊ နောက် ဆုံး အခန့်မသင့်ရင် အသားတုံးမှာ ဆေးခပ်ပြီး အပစ်ခံရလိမ့်မယ်။ ကျွန်တော်လေးစားတဲ့ စာရေး ဆရာကြီး ၂ ဦးရဲ့ မကြာခဏ ပြောစကားလေးတွေတော့ ဖော်ပြချင်ပါတယ်။ ဆရာကြီး လူထုစိန် ၀င်း က "မြန်မာပြည်သူတွေဟာ ရှင်ကြီးဝမ်းလည်း ၀င်ခဲ့ဖူး၊ ရှင်ငယ်ဝမ်းလည်း ၀င်ခဲ့ဖူးပြီ" တဲ့။ ဆရာမောင်ဝံသကတော့ "စာဖတ်ပရိသတ်က ဘယ်ဟာကောင်းတယ်၊ ဘယ်ဟာမကောင်း ဆိုတာ ကို သူတို့ဘာသာသူတို့ သိကြတယ်၊ ကိုယ်တွေက ဆရာလုပ်စရာ မလိုဘူး" တဲ့။ ကဲ... အဲလောက်ဆို ရှင်းကြမယ် ထင်ပါရဲ့ဗျာ။ ကျွန်တော်ကိုဉာဏ်ကတော့ ဘာပြောရဲမှာလဲဗျ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၂၇ ရက်၊ တနင်္လာနေ့

No comments:

Post a Comment