Sunday, May 4, 2014

ကျွန်ုပ်တို့အတွက်

(Written By - တင်ယုနွယ်)
"ဟေ့ ဒီမှာ မိနစ်ပိုင်းလေးပဲရှိသေးတယ် Like ၁၇ ခုတောင်တက်လာတယ်"
"အေးဟုတ်တယ်နော်"
နေဦး ဒီမှာစုပေါင်းရိုက်ထားတဲ့ပုံ ရှိသေးတယ်။ တင်လိုက်ဦး"
"အေးတင်လိုက်မယ် Like ဘယ်လောက်ရမလဲ မသိဘူးနော်"
ညနေခင်း အပြင်ထွက်လမ်းလျှောက်ရင်း ကောင်လေး၊

 ကောင်မလေးခုနစ်ယောက်၊ ရှစ်ယောက်လောက်ရှိတဲ့ အုပ်စုလေးက ပြောတာကို လှမ်းကြားမိပါတယ်။ ကြားမိလိုက်တာနဲ့ အဲဒီအုပ်စုလေးဆီ အကြည့်ရောက်သွားပြီး ဘာတွေလုပ်နေလဲလှမ်းကြည့်လိုက်တော့ Touch Screen အကောင်းစား ဖုန်းလေးတွေကိုယ်စီနဲ့ ခေါင်းလေးတွေပူးပြီး အွန်လိုင်းပေါ် သူတို့တင်လိုက်တဲ့ပုံလေး ကိုအလု
အယက် ထိုင်ကြည့်နေကြပါတယ်။

နောက် လူမှုကွန်ရက်မှာတွေ့လိုက်ရတဲ့ တစ်ကွက်ကာတွန်းသရုပ်ဖော်ထားရာမှာ အသုဘလိုက်ပို့ရင်း နောက်ခံသင်္ချိုင်းမြင်ကွင်းနဲ့ ပြုံးပြုံးလေးမျက်နှာထားလေးနဲ့ selfie ပုံတင်တာကို သရုပ်ဖော်ထားတာပါ။ ပုံလေးကိုကြည့်ပြီး သဘောကျမိပါတယ်။ နိုင်ငံတကာသတင်းတစ်ပုဒ်မှာ ဖတ်လိုက်ရတာကတော့ selfie ပုံကို တစ်နေ့ရာချီရိုက်ကာ ကိုယ့်ရုပ်ကိုကြည့်ပြီး မကျေနပ်ဘဲ စိတ်ပိုင်းဆိုင်ရာ ရောဂါရတယ်ဆိုတဲ့သတင်းတစ်ခုကိုလည်း ဖတ်လိုက်ရပါတယ်။ နည်းပညာခေတ်မှာ ကိုယ့်ဘာသာရိုက်ဖို့ မော်ဒယ်မြင့်ဖုန်းတွေမှာ front camera တွေနဲ့ပါလာပြီဖြစ်သလို နဂိုရှိရင်းစွဲထက် ပိုမိုကြည့်ကောင်းဖို့ ဆော့ဖ်ဝဲလ်တွေအသုံးပြုကာ ကိုယ့်ပုံကိုယ် မှတ်တမ်းတင်လာနိုင်ခဲ့ပါပြီ။

သူငယ်ချင်းတွေဆုံတဲ့ပွဲမှာ အမှတ်တရဓာတ်ပုံရိုက်တာကို သူငယ်ချင်းတစ်ယောက်က ၃၆၀ ဒီဂရီ ကင်မရာဆော့ဖ်ဝဲလ်ပါတဲ့ဖုန်းနဲ့ပဲ ရိုက်ဖို့ပြောသလို ဘယ်ဖုန်းအမျိုးအစားရဲ့ ၃၆၀ ဒီဂရီ ကင်မရာဆော့ဖ်ဝဲလ်က ပိုလှတယ်ဆိုပြီး အဲဒီဖုန်းနဲ့ပဲရိုက်ပေးဆိုကာ ရိုက်ပြီးတဲ့အခါ ပုံလေးကိုကြည့်ပြီး သူ့ဘာသာ သဘောကျနေပါတယ်။ ရိုက်ပြီးရင်တော့ ဘယ်နေရာ၊ ဘယ်သူတွေနဲ့ ဘာလုပ်နေလဲဆိုပြီး အချိန်နဲ့တစ်ပြေးညီ အွန်လိုင်းမှာ မှတ်တမ်းတင်ပါတော့တယ်။ တခြားသူတွေ ပြောဆိုနေတာ တစ်ဝက်လောက်ရောက်မှ ဘာပြောနေကြတာလဲမေးပြီး ပြန်ပြောခိုင်းပါတယ်။

လက်ရှိမှာလည်း ရန်ကုန်၊ မန္တလေးလိုမြို့ကြီးတွေမှာ အများစုဟာ လက်ဖက်ရည်ဆိုင်ထိုင်ရင်း၊ ဘတ်စ်ကားစီးရင်း၊ မိုဘိုင်းဖုန်းလေးတွေနဲ့ အွန်လိုင်းအသုံးပြုမှုကို နေရာစုံမှာတွေ့လာရပြီဖြစ်ပါတယ်။ ဒီလိုအသုံးပြုကြသလို အလုပ်ကပြန်လာ၊ ကျောင်းတက်ပြန်လာပြီး မိသားစုတွေစုံချိန်၊ အိပ်ချိန်တွေပါမကျန် ဖုန်းလေးတကိုင်ကိုင်နဲ့ အွန်လိုင်းဆက်အသုံးမပျက်တာကြောင့် မိသားစု ဒါမှမဟုတ် သူငယ်ချင်းတွေဆုံချိန် ရင်းရင်းနှီးနှီးပြောဆို ခင်မင်နေထိုင်ရမယ့်အချိန်မှာ တစ်ဦးတည်း သီးသန့်နေထိုင်နေသလိုတွေ ဖြစ်လာပါတယ်။ အသိသူငယ်ချင်း ကောင်လေးတစ်ယောက်ကတော့ သူတို့သူငယ်ချင်းတွေ လက်ဖက်ရည်ဆိုင်ထိုင်ရင် ဖုန်းမယူလာဖို့နဲ့ ယူလာရင်လည်း အွန်လိုင်းမကြည့်ကြေး သတ်မှတ်ထားတယ်လို့ ပြောပြပါတယ်။

ကမ္ဘာကြီးဟာ ရွာတစ်ရွာဖြစ်လာပြီလို့ဆိုကြပြီး စက္ကန့်ပိုင်းမလပ် ဖြစ်ပျက်နေတဲ့အရာတွေကို မျက်ဝါးထင်ထင် တွေ့နိုင်နေတဲ့ လူမှုကွန်ရက်ခေတ်မှာ ဘယ်သူတွေဘာလုပ်နေလဲ၊ ဘယ်သွားနေလဲ၊ ဘာစားနေလဲ စတဲ့ မေးခွန်းမလိုဘဲ အလိုအလျောက်ဖြေထားတဲ့ အဖြေတွေကိုတွေ့ရ၊ မြင်လာရပြီဖြစ်ပါတယ်။ မိမိတို့ဘာတွေလုပ်နေလဲဆိုတဲ့ Me &..ဆိုပြီး ကိုယ့်အကြောင်း စာစီစာကုံးရေးသလို ပုံနဲ့တကွ ဖော်ပြလာတဲ့ခေတ်ဖြစ်ပါတယ်။ ဒီလိုရေးသားနေမှုကြောင့် ကိုယ်ကိုယ်တိုင်ရော ပုံတွေတင်၊ ခံစားချက်တွေရေး မလုပ်ဘူးလားမေးရင် လုပ်ပါတယ်။ ဒါပေမဲ့ ကိုယ့်ဘာသာ စည်းသတ်မှတ်ထားပြီး အမှတ်တရ၊ အထိမ်းအမှတ်ဖြစ်မယ့် အကြောင်းအရာတွေလောက်သာတင်ပါတယ်။ ဒါ့အပြင် ကိုယ်တင်လိုက်တဲ့ ပုံနဲ့စာသားတွေကို like ဘယ်လောက်ရလဲလည်း ကြည့်ပါတယ်။ လူ့သဘာဝအတိုင်း ကိုယ့်ကို ဘယ်သူတွေသတိထားမိ၊ စိတ်ဝင်စားလဲဆိုတာသိလို၊ မြင်လို၊ သဘောကျတာကြောင့် ကိုယ်နဲ့ပတ်သက်တဲ့အကြောင်းတွေကို like လုပ်တဲ့အခါလည်း နှစ်သက်ကြပါတယ်။ ဒါ့ကြောင့် ကိုယ်တိုင်လည်း နှစ်သက်သဘောကျတာကို ၀န်ခံပါတယ်။ ဒါကိုကြည့်ရင် လူတိုင်းဟာသူများတွေထက် ကိုယ့်ကိုယ်ကိုယ်သာပို စိတ်ဝင်စားတာကို တွေ့ရမှာဖြစ်ပါတယ်။

စာပေဟောပြောပွဲတစ်ခုမှာ ဆရာမဂျူးက အခုခေတ်က အွန်လိုင်းမှာ ကိုယ့်ဘာသာ လက်ကလေးနှစ်ချောင်းထောင်၊ ပါးလေးဖောင်း၊ မျက်လုံးလေးပြူး၊ နှုတ်ခမ်းလေးစူကာ Me အကြောင်းကိုသာ စိတ်ဝင်စားပြီး We အတွက် စဉ်းစားမှုတွေနည်းလာတယ်ဆိုတာကို ပြောပြခဲ့ဖူးပါတယ်။ ကျဉ်းမြောင်းလာနေတဲ့ ကမ္ဘာ့ရွာခေတ်မှာ ကျွန်ုပ်အတွက်၊ ကျွန်ုပ်ပိုင်ဆိုင်မှု၊ ကျွန်ုပ်ပျော်ရွှင်မှု စတဲ့ကျွန်ုပ်ဆိုတဲ့ တစ်ယောက်ကောင်းအတွက်သာ လုပ်ကိုင်နေလို့ မရတော့ပါဘူး။ ကျွန်ုပ်တို့အတွက်၊ ကျွန်ုပ်တို့ပိုင်ဆိုင်မှု၊ ကျွန်ုပ်တို့ပျော်ရွှင်မှုတွေအတွက်ပါ စဉ်းစားပေးမှသာ ကမ္ဘာကြီးဟာ နွေးထွေး၊ ပျော်ရွှင်၊ သန့်ရှင်း၊ ကျန်းမာ၊ လှပ အဓွန့်ရှည်မှာဖြစ်ပါတယ်။
ဆိတ်သုဉ်း၊ ပျက်သုဉ်း၊ ညစ်နွမ်း၊ မလှပတဲ့ကမ္ဘာကြီးမှာတော့ ဘယ်သူမှ နေထိုင်လိုမယ်မထင်ပါ။ ဒါ့ကြောင့် ကျွန်ုပ်တို့ရဲ့ကမ္ဘာကြီးလှဖို့ ၀ိုင်းစဉ်းစားဖို့ တိုက်တွန်းရင်း . . .

No comments:

Post a Comment