Friday, September 6, 2013

အမျိုးသမီးအသင်းနဲ့ စက်တင်ဘာတိုက်ပွဲ

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) အနေဖြင့် ၂၀၁၃ ခုနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲများအား အိမ်ရှင် အဖြစ် လက်ခံကျင်းပခဲ့ရသည့် အရေအတွက်သည် အခြားသော အာဆီယံနိုင်ငံ ဘောလုံး အဖွဲ့ချုပ်များ ထက် ပို၍များခဲ့ သည်။ ထိုင်း၊ မလေးရှား၊ ဗီယက်နမ်တို့က မန်ယူ၊ ချဲလ်ဆီး၊ ဘာစီလိုနာ၊ အာဆင်နယ် စသည့် ဥရောပ ထိပ်သီးကလပ် အသင်းများကို ငွေကုန်ကြေးကျခံပြီး ဖိတ်ခေါ်ကစားချိန်တွင် MFF မှာ တော့နိုင်ငံတကာ ပြိုင်ပွဲများဖြစ်သည့် AFC Challenge Cup ခြေ စစ်ပွဲ၊ အာဆီယံ ယူ-၁၄ ချန်ပီယံရှစ်၊ အာဆီယံ ယူ-၁၆ ချန်ပီယံရှစ်၊ အာဆီယံ အမျိုးသမီးချန်ပီ ယံရှစ်၊  အာရှ ယူ-၁၉ စသည့်ပြိုင်ပွဲများ အိမ်ရှင် အဖြစ် လက်ခံကျင်းပရေး အတွက် ဘဏ္ဍာငွေ
အမြောက်အမြား သုံးစွဲနေရသည်။ လူအင်အား ငွေအင်အား စိုက်ထုတ်သုံးစွဲနေရခြင်း၏ ရည်ရွယ်ချ က်က မြန်မာ့ဘောလုံးလောကတိုးတက်ရေးအတွက်သာဖြစ်သည်။ အိမ်ရှင်အခွင့်အရေးယူပြီး အနိုင် ရဗိုလ်စွဲရေးဆိုသည့် ရည်ရွယ်ချက်ဖြင့် လက်ခံကျင်းပခြင်းတော့မဟုတ်။ ဒါက အသင်းနဲ့သာ ဆိုင်သည်။ နိုင်ငံတကာ ပြိုင်ပွဲများတွင် အိမ်ရှင်အခွင့်အရေးရတိုင်း ဗိုလ်စွဲခြင်းက ခေတ်ကုန် သွားပြီ ဟု ဆိုရမည်။

အိမ်ရှင်ပြီးတော့အိမ်ရှင်

နေပြည်တော်တွင် ကျင်းပနေသည့် အာဆီယံ ယူ-၁၆ ပြိုင်ပွဲ ကျင်းပလို့မှမပြီးသေး အာဆီယံ အမျိုး သမီး ချန်ပီယံရှစ် AFF Women's AYA Bank Championship 2013 ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင် မှုတွေ လုပ်နေရပြီဖြစ်သည်။ စက်တင်ဘာ ၃ ရက်တွင် ယူ-၁၆ ပြိုင်ပွဲ ပြီးဆုံးမည်ဖြစ်ပြီး စက်တင်ဘာ ၉ ရက်မှ ၂၂ ရက်အထိ ရန်ကုန်မြို့တွင် အမျိုးသမီးချန်ပီယံရှစ်ပွဲစဉ်များ စတင်မည် ဖြစ်သည်။ ဒီပြိုင်ပွဲက အာဆီယံ ဒေသ၏ အမျိုးသမီးလက်ရွေးစင် အသင်းအဆင့်ပြိုင်ပွဲ ဖြစ်သည့်အပြင် ဂျပန်၊ သြစတြေးလျ၊ ဂျော်ဒန် စသည့် အာဆီယံ ပြင်ပအသင်းတွေလည်း ပါဝင်မည်ဆိုတော့ အိမ်ရှင်ပီ သရေး၊ ပြိုင်ပွဲအဆင့်အတန်းနှင့် အညီအောင်မြင်စွာ လက်ခံကျင်းပနိုင်ရေးက အရေးကြီး သည်။ ဒီထက် ပရိသတ် အားပေးမှုရရှိရေးက ပို၍ အရေးကြီးသည်။

AFF Women's AYA Bank Championship 2013 (အာဆီယံအမျိုးသမီး ချန်ပီယံရှစ်)အာဆီယံ အမျိုး သမီး ဘောလုံးလောက၏ အမြင့်ဆုံးပြိုင်ပွဲဖြစ်သည့်အပြင် မြန်မာ့ လက်ရွေးစင် အမျိုးသမီးအသင်း အတွက်လည်း ဒီပြိုင်ပွဲက ဆီးဂိမ်းစ်အကြို အကောင်းဆုံး ပြင်ဆင်မှုတစ်ရပ်လည်း ဖြစ်သည်။ ယခုနှစ် ပြိုင်ပွဲကို ဧည့်သည်အသင်းများဖြစ်သည့် ဂျပန် ယူ၂၃၊ သြစတြေးလျ ယူ-၁၉၊ ဂျော်ဒန် အမျိုးသမီးအသင်း များ၊ အာဆီယံဒေသမှ ထိပ်သီးထိုင်းနှင့်ဗီယက်နမ်၊ အိမ်ရှင် မြန်မာ၊ လာအို၊ ဖိလစ်ပိုင်၊ မလေးရှား၊ အင်ဒို နီးရှားစသည့် အသင်း စုစုပေါင်း (၁၀)သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ် သည်။ မူလက မန္တလေးမြို့တွင် ကျင်းပရန် စီစဉ်ခဲ့သော်လည်းကွင်းသစ်ကြီး တည်ဆောက်နေ မှုအခြေအနေကို ပြန်လည် သုံးသပ်ပြီး နောက် ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင်ကျင်းပရန် ပြင်ဆင် သတ်မှတ်ခဲ့ရသည်။

အုပ်စုခွဲဝေမှု

၂၀၁၃ အာဆီယံအမျိုးသမီး ချန်ပီယံရှစ် AFF Women's AYA Bank Championship 2013 ပြိုင်ပွဲ အုပ်စုခွဲဝေမှု အရ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းက ဂျပန် ယူ၂၃၊ လာအို၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် အသင်းများ နှင့် အုပ်စု(ခ)တွင် ကျရောက်သည်။ တစ်ဖက်အုပ်စု(က)တွင် သြစတြေးလျ၊ ဂျော်ဒန်၊ ထိုင်း၊ ဗီယက်နမ်၊ မလေးရှားအသင်းတို့ တစ်အုပ်စုတည်းကျရောက်ရာ ပိုမိုခက်ခဲသည့် အုပ်စုဖြစ်သည်။
ပွဲစဉ်များအား တစ်နေ့လျှင် နှစ်ပွဲနှုန်းဖြင့် သုဝဏ္ဏကွင်းတွင် ကျင်းပမည်ဖြစ်ရာ ပရိသတ်များ အနေဖြင့်  AFC U22  မြန်မာအသင်းပွဲစဉ်များ အားပေးစဉ်ကကဲ့သို့ တစ်နေ့ ၂ ပွဲနှုန်းအားပေး ကြည့်ရှုနိုင်မည် ဖြစ်သည်။

အုပ်စု (က) အနေအထား

နာမည်ကြီး သြစတြေးလျအသင်းမှာ ယူ-၁၉ အသင်းဟု အမည်ခံထားသော်လည်း တကယ်တမ်း ၂၀၁၄ ဖီဖာ အမျိုးသမီး ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှု အနေဖြင့် လာရောက်ယှဉ်ပြိုင်မည့် အသင်းဖြစ်ဖွယ် ရှိသည်။ သြစတြေးလျ အမျိုးသမီး   ဘောလုံးလောက မှာ ဂျပန်၊ အမေရိကန်၊ ဂျာမနီ၊ အင်္ဂလန်တို့နှင့် တစ်တန်းတည်း သတ်မှတ်လို့ရသည့် အခြေ အနေ ဖြစ်သည်။ ခိုင်မာသည့် အမျိုးသမီး ပရိုလိဂ်  Westfield W- League ကို အောင်မြင်စွာ ကျင်း ပနေပြီး တရားဝင်မှတ်ပုံတင်ထားသည့် အမျိုးသမီး ဘောလုံးကစားသမားများ မှာ တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့်ဆိုလျှင် စုစုပေါင်း ခြောက်သောင်း (၆၀၀၀၀) ကျော်ရှိသည်ဟု သိရသည်။ ဒီတော့ ကစားသမားကောင်းများဖြင့်သာ ယခုပြိုင်ပွဲကို လာ ရောက်ယှဉ်ပြိုင်မည် မလွဲပေ။ အုပ်စု(က)တွင် သြစတြေးလျ ယူ-၁၉ အသင်းကို ဆီးမီးဖိုင်နယ် တစ်နေရာ အတွက် သတ်မှတ်ထား လိုက်ပြီဆိုပါက ဒုတိယ တစ်နေရာအတွက် ဒေသတွင်းပြိုင်ဘက် ထိုင်းနှင့် ဗီယက် နမ်အသင်းတို့ ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ၂၀၁၁ ချန်ပီယံ ထိုင်းနှင့် လက်ရှိချန်ပီယံ ဗီယက်နမ်တို့ ထိပ် တိုက်တွေ့ ဆုံမည့်ပွဲက ပရိသတ်အကြိုက်တွေ့မည့် ပွဲကောင်းတစ်ပွဲ ဖြစ်လာပါမည်။ မလေးရှား၊ ဂျော်ဒန် စသည့် အသင်းနှစ်သင်းကတော့ အတွေ့အကြုံ ရှာဆဲအနေအထားဖြစ်ပြီး အကြိုဗိုလ်လုပွဲ အဆင့်ရောက်ဖို့ မဖြစ်နိုင်သေးဟုသုံးသပ်မိသည်။

မြန်မာအသင်းနှင့် အုပ်စု(ခ)

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ပါဝင်နေသည့် အုပ်စု(ခ) တွင် အဓိက ပြိုင်ဘက်မှာ ဂျပန် ယူ-၂၃ အသင်းသာ ဖြစ်သည်။ ဂျပန် လက်ရွေးစင်အသင်းကြီးက လက်ရှိကမ္ဘာ့ ချန်ပီယံ အသင်းဖြစ် သလို ဂျပန် အမျိုးသမီး ဘောလုံးလောကမှာလည်း အားလုံးသိကြသည့်အတိုင်း လိဂ်ပြိုင်ပွဲများ၊ ချန်ပီယံရှစ် ပြိုင်ပွဲ များဖြင့် အောင်မြင်လျက် ရှိသည်။ ဂျပန်အမျိုးသမီးလိဂ် (L- League) ကို လွန်ခဲ့သည့် ၂၄ နှစ်အကြာ ၁၉၈၉ ခုနှစ်ကပင် စတင်ခဲ့ခြင်း ဖြစ်သည်။ ပထမတန်းတွင် ၁၀ သင်းနှင့် ဒုတိယတန်းတွင် ၁၆ သင်းဟူ၍ တန်းဆင်းတန်းတက်ယှဉ်ပြိုင်ကစားနေကြသော်လည်း ပရိုကလပ် အသင်းများတော့ မဟုတ်ပါ။ သို့သော် အချို့ ကစားသမားများမှာမူ တစ်ဦးချင်း ပရော်ဖက်ရှင်နယ် များအဖြစ် ကျင်လည်ကစားနေပြီ ဖြစ်သည်။ ရန်ကုန်မြေသို့ လာရောက်ကစားမည့် ဂျပန် ယူ၂၃ အသင်းမှာလည်း ကမ္ဘာ့ဖလားချန်ပီယံ ဂျပန်အမျိုး သမီး အသင်းကြီးပြီးလျှင် ဒုတိယအဆင့်မြင့်ဆုံး လက်ရွေးစင်အသင်း ဖြစ်သည်။ ပြောရလျှင် လာမည့် ဂျပန်လက်ရွေးစင်(ခ)အသင်း ဟူ၍ ပင် ဆိုနိုင် သည်။ ဂျပန် ယူ၂၃ အသင်းမှာ အိမ်ရှင်မြန်မာအသင်းနှင့် အုပ်စု နောက်ဆုံးပွဲစဉ်မှသာ တွေ့ဆုံ ရ မည်ဖြစ်ရာ မြန်မာအမျိုးသမီးအသင်းအတွက် အားသာချက် တစ် ရပ်ပင် ဖြစ်သည်။ အခြားပြိုင် ဘက်များဖြစ်သည့် လာအို၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားအသင်းများကိုတော့ မြန်မာ အသင်း အနိုင်ရရန် ရာခိုင်နှုန်းများသော်လည်း ပေါ့ဆဖို့တော့မသင့်ပါ။ လာအိုအသင်းမှာ အသင်း ကောင်း တစ်သင်းဖြစ် ပြီး ဖိလစ်ပိုင်ကလည်း ပြီးခဲ့သည့် ၂၀၁၂ ပြိုင်ပွဲကထက် ခြေစွမ်းကောင်းလာမည် ဆိုလျှင် လွယ်လွယ်ကူကူဖြင့် မည်သည့်အသင်းကိုမျှ အနိုင်မရနိုင်ပေ။ မည်သည့် ပြိုင်ဘက်ကိုမဆို မလျှော့ သောအားထုတ်မှုဖြင့် ကစားမှသာ နိုင်ပွဲရမည် ဖြစ်သည်

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် ချန်ပီယံဆု

မြန်မာအမျိုးသမီး လက်ရွေးစင်အသင်းက လတ်တလော အောင်မြင်မှုအသီးအပွင့်တွေရရှိနေသော် လည်း တကယ်တမ်း ပြန်လည်သုံးသပ်ကြည့်လျှင် ရွှေတံဆိပ်နှင့် တေ့လွဲလွဲနေသည်က များသည်။ ၂၀၀၇ အာဆီယံ ချန်ပီယံဖြစ်ကတည်းက ရွှေတံဆိပ်နှင့် ကင်းကွာနေသည်။ ပြီးခဲ့သည့် ၂၀၁၁ အာဆီယံ ချန်ပီယံ ရှစ်တွင် ဗိုလ်လုပွဲ၌ ထိုင်းကို တစ်ဂိုးတည်း ကပ်ရှုံးပြီး ဒုတိယ ငွေတံဆိပ်ဖြင့် သာ ကျေနပ်ခဲ့ရသည်။ နောက် တစ်နှစ် အကြာ ဗီယက်နမ်တွင် ကျင်းပသည့် ၂၀၁၂ အာဆီယံ ချန်ပီယံရှစ်တွင်လည်း အိမ်ရှင်ဗီယက်နမ် အမျိုးသမီး အသင်းကို ဗိုလ်လုပွဲတွင် ပင်နယ်တီအဆုံး အဖြတ်ဖြင့် အရေးနိမ့်ပြီး မျက်ရည်စက်လက် ပြည်တော် ပြန်ခဲ့ရသည်။

၂၀၁၃ အာဆီယံ အမျိုးသမီးချန်ပီယံရှစ် ပြိုင်ပွဲကို မိမိတို့နိုင်ငံတွင် အိမ်ရှင်အဖြစ် ကျင်းပမည်ဟု သိရက တည်းက မြန်မာကစားသမားများအားလုံး ဗိုလ်လုပွဲနှစ်ကြိမ်ဆက် ကံဆိုးမှုကို မိမိပရိ သတ်ရှေ့တွင် ချေ ဖျက်ပြီး ချန်ပီယံဆုဖလားနှင့်အတူ အောင်ပွဲခံမည်ဟု အားခဲထားကြသည်။ သို့သော် ဂျပန်၊ သြစတြေးလျ ကစားသမား များ ၀င်ရောက်ယှဉ်ပြိုင်မည်ဆိုတော့ စိုးရိမ်စိတ်တွေ ၀င်လာကြသည်။ ထိုင်း၊ ဗီယက်နမ်တို့ကို ပြိုင်ဘက်များ အဖြစ် သူနိုင်ကိုယ်နိုင် ကစားခဲ့ကြသော် လည်း လျင်မြန်သော ဂျပန်၊ သန်မာသော သြစတြေးလျတို့လို ကမ္ဘာ့အဆင့်များကို ရင်ဆိုင်ရမည်က ခက်ခဲလွန်းသည်။ ဒီတော့ ဆီမီးဖိုင်နယ်ရောက် ရင် ကျေနပ်ပါပြီဟု လူကြီးတွေက နှစ်သိမ့်ရသည်။

အားမငယ်နဲ့ အခွင့်အရေးရှိတယ်

မြန်မာအမျိုးသမီးအသင်းက နှစ်လုံးပေါက် လေ့ကျင့်ထားသောအသင်း၊ ဂျပန်တွင် သွားရောက်လေ့ ကျင့် ပြီး L- League ကလပ်အသင်းများနှင့် ခြေစမ်းထားသောအသင်း ဖြစ်သည်။ အသင်းလိုက် ညီညွတ်မှုတွင် ထိုင်း၊ ဗီယက်နမ် ထက်သာသည်။ ငယ်ရွယ်နုပျိုသူများ ဖြစ်သည့် မေသူကျော်၊ နီလာမြင့်၊ ရီရီဦး၊ ခင်သန်းဝေ၊ ခင်မိုးဝေ၊ ဖူးပွင့်ခိုင်၊ ခင်မာလာထွန်း၊ နော်အားလို ၀ါးဖောတို့ကို အတွေ့အကြုံရှိပြီးသူများဖြစ်သည့် သန်းသန်းထွေး၊ မိုးမိုးဝါ၊ မာဂရက်မေရီ၊ မြင့်မြင့်အေး၊ စန်းစန်းမော်တို့နှင့် ပေါင်းစပ်ထားရာ နည်းစနစ် ပိုင်နိုင် မှုရော အသင်းလိုက် စွမ်းဆောင်မှုပါ အကောင်းဆုံးပုံစံ ရရှိနေပြီဟု ဆိုနိုင်သည်။ ပြိုင်ပွဲမတိုင်မီ ရန်ကုန် ယူနိုက်တက် အမျိုးသား လူငယ်အသင်းများနှင့် ခြေစမ်းထားခြင်းကလည်း လာမည့်ပြိုင်ပွဲအတွက်များစွာ အထောက် အကူ  ဖြစ်စေသည်။ ဒီတော့ ဆီမီးဖိုင်နယ်အဆင့် ဟူ၍ မျှော်မှန်းမနေဘဲ ဗိုလ်လုပွဲမှသည် ချန်ပီယံ  ဖြစ်သည် အထိ မျှော်လင့် ထားကြစေချင်သည်။

AFC..U22..  မြန်မာနဲ့ကိုရီးယား ဂိုးမရှိသရေပွဲအတုယူ

မှတ်မိကြပါလိမ့်ဦးမည်။ ယမန်နှစ် အာရှ ယူ -၂၂ ခြေစစ်ပွဲ အုပ်စုအဆင့်တွင် မြန်မာယူ- ၂၂ အသင်းကတောင်ကိုရီးယား ယူ၂၂ အသင်းနှင့်သုဝဏ္ဏကွင်းတွင် ကစားခဲ့ သည်။ တောင်ကိုရီး ယား အသင်းကို သရေ တစ်မှတ် ရရန် ခက်ခက်ခဲခဲကြိုးစားခဲ့ကြသည်။ မြန်မာကစားသမားများနောက် တွင် မြန်မာပရိသတ်ကြီးရှိနေသည်။ ထိုစဉ်က အာရှခြေစစ်ပွဲ အောင်မြင် ရန် အဖိုးတန် သရေတစ် မှတ်ကို အသင်းလိုက်ကြိုးစားမှုနှင့် ကွင်းလုံးပြည့် ပရိသတ်အားပေးမှုတို့ ပေါင်းစပ် ရယူခဲ့ခြင်း ဖြစ် သည်။ မြန်မာတို့ ကိုရီးယားကိုမရှုံးခဲ့။ မြန်မာ အမျိုးသမီး ကစားသမားများအနေဖြင့်လည်း ထိုပွဲစဉ် ကို နမူနာယူထားစေချင်သည်။ ကွင်းလုံးပြည့် ပရိသတ်၏စေ့ဆော်မှု၊ အားပေးမှုနှင့် လက်ခုပ် သံ က ဗိုလ်လုပွဲလည်း ရောက်နိုင်သည်။ ချန်ပီယံလည်း ဖြစ်နိုင်သည် မဟုတ်လော။ တစ်နှစ်ပတ်လုံး ကျခဲ့ရ သည့် ပါးကွက်ကြားပေါ်က ချွေးစက်များသည် အရှုံးပေးဖို့မဟုတ်။လေ့ကျင့်မှုများသည် လက်လျှော့ ပစ်ဖို့  မဟုတ်။ မျှော်လင့်နေမည့် ပရိသတ်အတွက်၊ တိုင်းပြည်အတွက်၊ ပံ့ပိုးကူညီပေး ခဲ့ကြသူများ အတွက် အမျိုးသမီးအသင်း အကောင်းဆုံးပေးဆပ်မည်ဟု ကျွန်တော်ဖြင့် မျှော်လင့် မိကြောင်း ...။ 

အိုကိုချာ | ကြာသပတေးနေ့၊ စက်တင်ဘာလ ၀၅ ရက် ၂၀၁၃ ခုနှစ် ၁၃ နာရီ ၂၇ မိနစ်

No comments:

Post a Comment