Monday, September 16, 2013

နာမည်ကြီး ကုမ္ပဏီများ ထိပ်တန်းအခွန်စာရင်း၌ ပါဝင်လာခြင်း မရှိသေး၊ ရွှေသံလွင်၊ ဒဂုံအင်တာနေရှင်နယ်၊ တော်ဝင်၊ Naing Group၊ Father Land၊ Mother Land၊ Shine ကဲ့သို့သော ကုမ္ပဏီများ အခွန်ထမ်း ၅၀၀ ဦး စာရင်း၌ပင် မပါဝင်

၂၀၁၂-၂၀၁၃ စည်းကြပ်နှစ်အတွက် 
ကုန်သွယ် လုပ်ငန်းခွန် အများဆုံး
 ပေးဆောင်သူ ၅၀၀ ဦးနှင့် ၀င်ငွေ ခွန် အများဆုံး ပေးဆောင်သည့် ၅၀၀ ဦး စာရင်းများကို ထုတ်ပြန်ရာ၌ နာမည်ကျော် ကုမ္ပဏီ များ ပါဝင်လာ ခြင်း မရှိကြောင်း ထုတ်ပြန်ချက်များ အရ သိရသည်။
Sky Net ရုပ်သံလိုင်း အပါအ၀င် လုပ်
ငန်းပေါင်း များစွာ တည်ထောင် လုပ်ကိုင်နေသည့် ရွှေသံလွင် ကုမ္ပဏီ၊ ဆောက်လုပ်ရေးလုပ်ငန်း၊ တော်ဝင်စင်တာ အပါအ၀င် အခြားစီးပွားဖြစ် လုပ်ငန်းများ လုပ်ကိုင် နေသည့် Taw Win Family၊ သစ်လုပ်ငန်းကဲ့သို့ လုပ်ငန်းကြီး များ လုပ်ကိုင်နေသော Dagon International၊ ရန်ကုန် မြို့၏ လုံးချင်း၊ ကွန်ဒို၊ တိုက်ခန်းများစွာကို တည်ဆောက်ရောင်းချခြင်းအပြင် ကျပ်သိန်းပေါင်း သောင်း သိန်းချီ တန်သော မြေကွက်များကိုပင် အရောင်းအ၀ယ် ပြုလုပ်နေသော Father Land၊ Mother Land၊ Shine Construction၊ Naing Group အမည်ရှိသော ကုမ္ပဏီများမှာ ၀င်ငွေခွန် အများဆုံး ပေးဆောင်သူ ၁၀၀ ဦးစာရင်း၊ ကုန်သွယ်လုပ် ငန်းခွန် အများဆုံး ပေးဆောင်သူ ၁၀၀ ဦးစာရင်းအပြင် ၀င်ငွေခွန်၊ ကုန် သွယ်ခွန်ထိပ် ဆုံးပေးဆောင် သူ ၅၀၀ ဦး စာရင်း၌ပင် ပါဝင်လာခြင်း မရှိသည်ကို တွေ့ရသည်။
အဆိုပါ ကုမ္ပဏီများအပြင် အခြားပေးဆောင်သင့် ပေးဆောင်ထိုက်သော နာမည်ကျော် ကုမ္ပဏီများလည်း ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ပေးဆောင်သည့် ထိပ်ဆုံး ၅၀၀ ဦး၊ ၀င်ငွေခွန် အများဆုံး ပေးဆောင် သည့် ထိပ်ဆုံး ၅၀၀ ဦး စာရင်းတွင် မပါဝင်ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။
ထိုသို့ ငွေကျပ်သိန်းပေါင်းများစွာဖြင့် လည်ပတ်လုပ်ကိုင်နေသော ကုမ္ပဏီများ၊ အမြတ်အစွန်း ရှိသော သစ် လုပ်ငန်းကဲ့သို့ လုပ်ငန်းများ၊ ယနေ့ခေတ် ရန်ကုန်မြို့မြေဈေး ခေါင်ခိုက် ချိန် တွင် မြေကွက်၊ လုံးချင်း၊ တိုက် ခန်း၊ ကွန်ဒိုများစွာ အရောင်းအ၀ယ် ပြုလုပ်နေသည့် ကုမ္ပဏီများမှာ ထိပ်တန်းအခွန် ပေးဆောင်သည့် ၁၀၀ ဦးစာရင်းအပြင် ၅၀၀ ဦး စာရင်း၌ပါ ပါဝင်လာခြင်း မရှိသည်မှာ အမှန်တကယ် အခွန်ပေးဆောင်နိုင်စွမ်း မရှိ ခြင်းကြောင့်လား၊ သို့တည်းမဟုတ် ဥပဒေအရ လုပ်ပိုင်ခွင့်ရှိသည့် ခုနှိမ်ခွင့်၊ အရှုံးပြခွင့် စသည့်အခွင့်အရေး များအရ အခွန်ပေးဆောင် ရမှု မရှိခြင်းလား၊ သို့တည်းမဟုတ် ကင်းလွတ်ခွင့် ရထားခြင်းများကြောင့်လား၊ သို့ တည်းမဟုတ် မျက်ကွယ်ပြုထားခြင်းလားဟု ထိပ်ဆုံးအခွန်ထမ်း ၅၀၀ ဦးစာရင်းတွင် ပါဝင်သူ လုပ်ငန်းရှင် အချို့က မေးခွန်းထုတ်ခဲ့ ကြပါသည်။
လက်ရှိ အခွန်ဥပဒေအရ ခုနှိမ်ခွင့်၊ လုပ်ငန်းအရှုံးပြခွင့်များ ရှိနေရာ လုပ်ငန်းရှင် အချို့ မှာ နှစ် စဉ်လုပ်ငန်း အရှုံးပြကာ အခွန်ရှောင်တိမ်း၍ရခြင်း၊ အချို့မှာ ၀င်ငွေခွန် ကြေညာလွှာပင် မတင်ခြင်း များ ရှိခဲ့သည်အထိ အခွန်ပေးဆောင်ရန် ပျက်ကွက်ခြင်းမှာ အစိုးရသစ် လက်ထက်တိုင် ရှိနေဆဲဖြစ် သည်။
အခွန်ထမ်း၅၀၀ ဦးစာရင်းတွင် ပါဝင်သည့် လုပ်ငန်းရှင် တစ်ဦးက "မြန်မာ့စီးပွားရေး ဦးပိုင်၊ နောက် ခရိုနီ ကုမ္ပဏီ တချို့တောင် အခွန်ကို သင့်တင့်သလောက် ပေးလာတဲ့အချိန်မှာ အခုအထိ အခွန် ကင်းလွတ်ခွင့် ရထားသယောင်ယောင်၊ လုပ်ငန်းရှုံးသလိုလိုနဲ့ အခွန်မပေးတဲ့သူတွေ အများကြီး ကျန်သေးတယ်။ အထူး သဖြင့် ဆောက်လုပ်ရေး ကုမ္ပဏီတွေ ကျန်နေတယ်။ အခွန်ဥပဒေကလည်း တကယ်ရှုံးလို့အရှုံးပြတာတော့ထား၊မရှုံးလည်းအရှုံးပြလို့ရနေတယ်။လက်ဖက်ရည်ဆိုင် သေးသေးလေး ကအစ လမ်းဘေးဈေး သည်အ ဆုံး အခွန်ပေးနေရတဲ့ အချိန်မှာ ကျပ်သန်းပေါင်းများစွာနဲ့ လုပ် ငန်းကြီးတွေ လုပ်နေတဲ့ သူတွေက ရှုံးတာတို့ ကင်းလွတ်ခွင့် ရတာတို့ ဆိုရင်တော့ မတရားတဲ့ စနစ်ပဲ။ အရှုံးပြတာပဲ ဖြစ်ဖြစ်၊ ကြေညာလွှာ မတင်တာဘဲ ဖြစ်ဖြစ် အဲဒီလိုကုမ္ပဏီ ကို သေချာစစ် သင့်တယ်။ နှစ်တိုင်း အခွန်မှန်မှန်ပေးတဲ့ သူတွေကပေး။ အဲဒီလူတွေ အပေါ်မှာပဲ တိုးကောက်တဲ့ ပုံစံမျိုး၊ တစ်ဖက်မှာကျတော့ မျက်ကွယ်များ ပြုထားသလား အောက်မေ့ရတယ်။ ဆောက်လုပ်ရေး ကုမ္ပဏီ အများစုက မနှစ်က ထိပ်တန်းအခွန်ထမ်း ၁၀၀ မှာလဲ မပါဘူး။ ဒီတော့ တကယ် မဆောင်နိုင်တာလား၊ တကယ်ရှုံးတာလား၊ ကင်းလွတ်ခွင့် ရထားတာလား သေချာပြန် စစ်သင့် တယ်" ဟု ထောက်ပြခဲ့သည်။
မြန်မာနိုင်ငံ၌ လက်ရှိအချိန်အထိ မှတ်ပုံတင်ထားသော ပြည်တွင်းပြည်ပ ကုမ္ပဏီနှင့် အဖွဲ့အ စည်းပေါင်းမှာ ၂၀၁၃ ခုနှစ် သြဂုတ်အထိ ၃၇၀၀၀ ကျော် ရှိသော်လည်း အမှန်တကယ် အမြတ်ပြ အခွန်ဆောင်သည့် ကုမ္ပဏီမှာ ၁၀ ရာခိုင်နှုန်းဝန်းကျင်သာရှိကြောင်း သိရသည်။
အစိုးရသစ်လက်ထက် ပထမဆုံး ဘဏ္ဍာနှစ်တွင် ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ကောက်ခံသည့် အခွန်အ ရပ်ရပ်သည် ကျပ်ဘီလျံ ၁၅၀၀ ၀န်းကျင်သာ ရရှိခဲ့သည်။ ဒုတိယနှစ် လက်ထက်တွင်မူ ကျပ်ဘီလျံ ၂၅၀၀ အထိ တိုး၍ရရှိခဲ့ကြောင်း သိရသည်။
သို့သော် မြန်မာနိုင်ငံတွင် အခွန်တိမ်းရှောင်နေသည့် ကုမ္ပဏီများကို စိစစ်ခြင်း၊ အခွန်စ နစ် ပြင် ဆင်ခြင်းများ ပြုလုပ်ပါက အခွန်ငွေမှာ ယခုထက် အနည်းဆုံး ငါးဆနှင့်အထက် ပိုမိုရရှိ မည် ဖြစ် သည်ဟုလည်း ခန့်မှန်း တွက်ချက် ထားကြသည်။
ထိပ်ဆုံးအခွန်ထမ်း ၃၀၀ ဦး စာရင်းတွင် ပါဝင်သူ လုပ်ငန်းရှင် တစ်ဦးက "အခု တီဗီကြော်ငြာ၊ သတင်းစာ ကြော်ငြာ၊ ရန်ကုန်မြို့ လမ်းတစ်လျှောက် ကြော်ငြာတွေမှာ အဲဒီကုမ္ပဏီတွေချည်းပဲ။ ဒီလောက်လုပ်ငန်းလုပ်ပြီးမှတော့အခွန်မဆောင်နိုင်တာတော့မဟုတ်ဘူး။ ဥပဒေအရ ရှောင်လို့ရနေတာနဲ့ သေချာမစစ်ဘဲ မျက်ကွယ်ပြုထားသလို ဖြစ်နေ တာ နှစ်မျိုး ပဲ ဖြစ်လိမ့် မယ်။ မြေနီကုန်းက မခင်အေး စတိုးဆိုင်တောင် နံပါတ် ၃၀၀ ကျော်လောက်မှာ ပါလာတယ်။ ဒီကုမ္ပဏီ နာမည်တွေ မတွေ့ဘူး။ အမှန်ဆောင်တဲ့သူနဲ့ သူတို့နဲ့ ယှဉ် လိုက်ရင် အမှန်ဆောင်တဲ့သူတွေဘယ်လောက်နာသွားလဲ။ ဆင်းရဲချမ်းသာရော ဘယ်လောက်ကွာသွား မလဲ။ အခွန်ဥပဒေမှာ ကာလစည်းကမ်းသတ်ဆိုတာ ရှိတယ်။ သုံးနှစ်ကျော်သွားရင် အခွန်ပြန် စည်းကြပ် လို့ မရဘူး။ ဒါပေမဲ့ ပုံမှန်အတိုင်း အခွန်ရှောင်ချင်လို့ မဟုတ်ဘဲ အခက်အခဲကြောင့်ဆိုရင် အဲဒီဥပဒေအရ အ ကျုံး ၀င်တယ်။ ဒါပေမဲ့ တမင်အခွန်ရှောင်ဖို့ လုပ်ခဲ့တာလို့ အခွန်ကောက်တဲ့သူက ယူဆရင်တော့ နှစ်ဘယ် လောက်ကြာကြာ အခွန်ပြန်ကောက်လို့ ရတယ်။ ဥပမာ- မြန်မာနိုင်ငံမှာ PMG နဲ့အခြားအရက် ကုမ္ပဏီ ကြီး တစ်ခုကို အဲဒီလို ပြန်ကောက်တာလေ။ အကုန်ပြန်ဆောင်ခိုင်း တာ။အခုလည်းဒီလောက်အရှုံးပြတဲ့သူတွေကိုဘုတ်အဖွဲ့အနေနဲ့ ပြန်စစ်ပြီးမမှန်ရင်အကုန်ပြန်ဆောင် ခိုင်း သင့်တယ်။ အမှန်အတိုင်း ပေး ဆောင်နေတဲ့သူတွေ အရမ်းနစ်လာ သ လို နိုင် ငံတော်လည်း အခွန်မရလို့ နာတယ်" ဟု သုံးသပ်ပြောကြား ခဲ့သည်။
လက်ရှိတွင် အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့ကို ဖွဲ့စည်းထားပြီး ဖြစ်သော် လည်း အခွန်တိမ်း ရှောင်မှုများ၊ ဥပဒေအရဟု ဆိုသော်လည်း နှစ်စဉ်အရှုံးပြနေသည့် ကုမ္ပဏီကြီးများအား ထိရောက်စွာ စိစစ် ကြပ်မတ်မှုထက် အခွန်ပေးဆောင်မှုများ အပေါ်တွင် ပိုမိုရရှိ စေရန်ကိုသာ လုပ်ဆောင်ထားနိုင်သေးသည်။ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းကလည်း အခွန် ကိစ္စရပ်၊အခွန်ဥပဒေ၊အခွန်ကောက်ခံမှုများမှာရှုပ်ထွေးနေဆဲဖြစ်ပြီး ပြင်ဆင်ရန်လိုအပ်ကြောင်း ပြောကြားထားခဲ့ပြီး ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက "ဘဏ္ဍာရေး ၀န်ကြီးဌာနက ထုတ်လိုက်တယ်။ ကုန် သွယ်လုပ်ငန်းခွန် အမိန့်ကြေညာစာ။ အဲဒီအတိုင်း ကောက်ရမယ်။ အဲဒီအ တိုင်း ကောက်ပေ မယ့် ဘယ်လို တွက်လဲ၊ ဘယ်လိုချက်လဲဆိုတာက တချို့တချို့သော၊ ပြီးသွားပါပြီ။ အဲဒီဌာနက ပုဂ္ဂိုလ်များသည်ပင် မသိ ပါဘူး။ သူတို့သိတာက ဘာလဲ။ ဒီနယ်မြေမှာ ဒီနှစ်အခွန် ဘယ်လောက် ရအောင် ကောက်ဆိုတဲ့ မန်းဒိတ် အရ ကောက်သွားပြီးတဲ့ အခါမှာ မနှစ်က သိန်း ၅၀၀ ဆို၊ ဒီနှစ်သိန်း ၅၅၀ ဆိုပြီး ဖြစ်သွားတဲ့သူတွေ အများ ကြီးပါ။ ဘာဖြစ်လို့ ဒီလိုပြောရလဲဆိုတော့ ကျွန်တော်ဒီနယ်ပယ်မှာ လေ့လာထားတာ အများကြီးရှိတယ်။ ပြီးတဲ့အခါမှာ ခုနက အခွန် ၂၅ ရာခိုင်နှုန်း ဘယ်လိုကောက်လဲ။ ၃၀ ရာခိုင်နှုန်း ဘယ်လိုကောက်လဲ အများ ကြီး ရှုပ်ထွေးပါတယ်။ ဒီလို အခွန်ကောက်နေတာ ဘယ်စာရင်းအပေါ်မှာ ကောက်နေသလဲ။ တကယ်စာရင်း အမှန်မှာ လား။ ဒါမှမဟုတ်ရင် အစီစစ်ခံတဲ့ စာရင်းပေါ်မှာလား။ ဒါတွေဟာ ရှုပ်ထွေးနေဆဲ ရှိပါတယ်။ အဲဒါ တွေ ကို ဒီနေ့ပြုပြင် ပြောင်းလဲရမယ်" ဟု ပြောကြားထားခဲ့ပြီးလည်း ဖြစ်သည်။

အခွန်ရှောင်တိမ်းနေသူများ၊ လာဘ်လာဘများဖြင့် ကြွယ်ဝနေသူများ၊ ငွေမည်းငွေဖြူ လုပ်နေ သူများအား စိစစ်ကြပ်မတ်ခြင်း မရှိသေးဘဲ ပုံမှန်အခွန် ထမ်းဆောင်နေသူ၊ အခွန်စာ ရင်း ပေါက်ပြီး သား လူလတ်တန်း စား ကုမ္ပဏီများထံမှသာ အခွန်ပိုမို ရရှိရေးကို စိစစ်ကောက် ခံ နေသည့်အတွက် ဆင်းရဲချမ်းသာ ကွာဟမှု မှာလည်း ပိုမိုကြီးထွားလာခြင်း၊ အခွန်ကင်းလွတ်ခွင့် သက်သာ ခွင့် လျှောက် ထားမှုများအပေါ် အများပြည်သူ မှ နားမလည်ခြင်း၊ နားလည်ရန် ခက်ခဲခြင်း များကြောင့် လည်း စိစစ်ခြင်းအပြင် အခွန်ဥပဒေကိုပင် ပြင်ဆင် သင့်ပြီ ဖြစ်သည်။

ဒီမိုကရေစီ အစိုးရဖြစ်သည့်အတွက် အခွန်ကို အားထားရချိန်၊ ၀န်ထမ်း၊ လမ်းဘေးဈေးသည်မှအစ အခွန် အရပ်ရပ်အား ပေးဆောင်နေချိန်၊ လူလတ်တန်းစား ကုမ္ပဏီများမှ ရှုံးသည်ဖြစ်စေ မြတ် သည်ဖြစ်စေ ပေး ဆောင်ရန် သတ်မှတ်သည့် အခွန်ကို မညည်းမညူ ပေးဆောင်နေချိန်၊ အခွန်ရှောင် မှုများအား ထိရောက်စွာ စိစစ်နိုင်သည့် အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ် အဖွဲ့ ဖွဲ့စည်းထားရှိ ပြီးချိန်တွင် ယခုကဲ့သို့ အခွန် ဆောင်စာရင်းတွင် မပါဝင်သည့် ကုမ္ပဏီကြီး များအား အမှန်တကယ် ပေးဆောင်နိုင်ခြင်း မရှိ၍လား၊ ရှောင် တိမ်းနေခြင်းလား ဆိုသည်ကို ထိရောက်စွာ စိစစ်သင့်ပြီ ဖြစ်သည်။

No comments:

Post a Comment