Monday, September 30, 2013

Miss Universe Myanmar ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် အလှမယ် အမရာငြိမ်းနှင့် တွေ့ဆုံခြင်း

Posted by drmyochit
Miss Universe Myanmar ပြိုင်ပွဲဝင် အလှမယ်တစ်ဦးဖြစ်သူ အမရာငြိမ်းနှင့် တွေ့ဆုံပြီးပြိုင်ပွဲအတွက် လေ့ကျင့်  ပြင်
ဆင်နေမှုများ၊ ပရိသတ်များ ကြိုက်နှစ်သက်ကြသည့် သူမရိုက်ကူးသော ဓာတ်ပုံများ အကြောင်း၊ သူမနှင့် 
ပတ်သက်၍ ထွက်ပေါ်ခဲ့ဖူးသော ကောလာဟလ
အပေါ် သူမ၏ သဘောထားတို့ကို The Voice က မေးမြန်းထားခြင်း ဖြစ်သည်။
Voice ။ ။ Miss Universe Myanmar ပြိုင်ပွဲကို ဝင်ပြိုင်ဖြစ်သွားပုံလေး ပြောပြပေးပါဦး။
AMN ။ ။ ညီမငယ်ငယ်လေး ကတည်းက Miss Universe 

လို ပြိုင်ပွဲကြီးမှာ ဝင်ပြိုင်ချင်ခဲ့တာပါ။ ဒါပေမဲ့ တစ်ချိန်တုန်းကတော့ ညီမတို့မှာ ဒီလိုအခွင့်အရေး မျိုးက မျှော်မှန်းခွင့် မရှိခဲ့ဘူးပေါ့။ အခုလို အခွင့်အရေး
ရလာတဲ့အခါမှာ ကိုယ့်ရဲ့ အိပ်မက်ကို အကောင်အထည် ဖော်ချင်တဲ့အတွက် ဝင်ပြိုင် ဖြစ်တာပါ။
Voice ။ ။ ဒီပြိုင်ပွဲအတွက် အမရာငြိမ်းရဲ့ ပြင်ဆင်နေမှု အပိုင်းကို ပြောပြပေးပါဦး။
AMN ။ ညီမ ဒီပြိုင်ပွဲအတွက် စာတွေအများကြီး ဖတ်ဖြစ်ပါတယ်။ ညီမက မော်ဒယ်လ်ဆိုတော့ အရင်ကတည်းက အလှအပကို ဂရုစိုက်ပေမယ့် အခုဒီပြိုင်ပွဲ မပြိုင်ခင်ကာလ မှာတော့ ပိုပြီးဂရုစိုက်ဖြစ် တယ်။ ညီမ ကိုယ်အလေးချိန်တက်တာ အရမ်းလွယ်တဲ့အတွက် ကိုယ့်ရဲ့ခန္ဓာ ကိုယ်အချိုးအစားကို သေချာထိန်းတယ်။ Cat Walk လျှောက်တာ လေ့ကျင့်တယ်။ Presentation Skill ကောင်းအောင် အင်္ဂလိပ်စာကိုလည်း ပြန်ပြီး လေ့လာနေပါတယ်။
Voice ။ ။ ပြိုင်ပွဲအတွက် ပြင်ဆင်မှု အပိုင်းမှာရော ဘယ်လိုအခက်အခဲတွေ တွေ့ရလဲ။
AMN ။ ။ ဒီပြိုင်ပွဲက ညီမတို့နိုင်ငံအတွက် နှစ်ပေါင်း ၅၀ ကျော်မှ ပြန်လည် ယှဉ်ပြိုင်ခွင့်ရတာ ဖြစ်တဲ့အတွက် ပြိုင်ပွဲအတွက် ပြင်ဆင်မှု အပိုင်းမှာရော၊ ညီမတို့ တစ်ဦးချင်းစီမှာပါ လိုအပ်ချက်တွေ ရှိမှာပါ။ ဒါပေမဲ့ ညီမယုံကြည်တာက မြန်မာလူမျိုးတွေက စိတ်ဓာတ် အရမ်းကြံ့ခိုင်ပါတယ်။ အဲဒီအတွက် ဟိုမှာသွားပြိုင်တဲ့ အခါမှာ ညီမမှ မဟုတ်ဘူး။ အရွေးခံရတဲ့သူ ဘယ်သူမဆို နိုင်ငံတကာနဲ့တန်းတူ ကိုယ့်နိုင်ငံနောက်ကျ မကျန်ရစ်အောင် အကောင်းဆုံး ယှဉ်ပြိုင်နိုင်မယ်လို့ ယုံကြည်ပါတယ်။
Voice ။ ။ ရုရှားမှာ ကျင်းပမယ့် Miss Universe ပြိုင်ပွဲကို သွားရောက် ယှဉ်ပြိုင်ဖို့အတွက် အမရာငြိမ်းတို့ Miss တွေရဲ့ အားနည်းချက်က ဘာဖြစ်မယ်ထင်လဲ။
AMN ။ ။ အဓိကကတော့ မြန်မာလူမျိုး ဖြစ်တဲ့အတွက် ညီမတို့ရဲ့ ခန္ဓာကိုယ် အချိုးအဆစ်က Swim Suit ဝတ်ဖို့ သိပ်အဆင်မပြေဘူး။ ကျန်တာကတော့ အားလုံးက အရည်အချင်း ကိုယ်စီရှိကြပါ တယ်။
"အမှန်အတိုင်း ပြောရရင် ညီမက ဒီလိုမျိုး ကောလာဟလ တစ်ခုနဲ့ နာမည်ကြီးခဲ့ရတာကို သဘောမကျပါဘူး..."
Voice ။ ။ အမရာငြိမ်းက ဒီပြိုင်ပွဲ အပါအဝင် ပြိုင်ပွဲ ဘယ်နှခုလောက် ပြိုင်ဖူးလဲ။
AMN ။ ။ ညီမက ပြိုင်ပွဲတွေ သိပ်မပြိုင်ဖူးပါဘူး။ မော်ဒယ်လ် စလုပ်တဲ့ ၂၀၁၂ ခုနှစ်လောက်တုန်းက Miss People တစ်ပွဲပဲ ပြိုင်ဖူးပါတယ်။ အဲဒီပြိုင်ပွဲမှာ Best Complexion ဆု ရခဲ့ပါတယ်။ နောက်ပိုင်း ပြိုင်ပွဲတွေ မပြိုင်ဖြစ်တာကတော့ ညီမက ပြိုင်ပွဲမှာ ကြုံရတဲ့ စိတ်ခံစားမှုတွေ၊ စိတ်ဖိစီးမှုတွေကို မခံနိုင်တဲ့အတွက် မပြိုင်ဖြစ်တာပါ။
Voice ။ ။ Miss Universe ပြိုင်ပွဲတွေကို ဘယ်အချိန်ကစပြီး ကြည့်ဖူးတာလဲ။ Miss တစ်ယောက်မှာရှိတဲ့ ဘယ်လိုအရည်အချင်း မျိုးတွေကို အားကျလဲ။
AMN ။ ။ Miss Universe ပြိုင်ပွဲတွေကို ညီမခြောက်တန်းနှစ်လောက် ကတည်းကစပြီး ကြည့်ဖူးပါတယ်။ ညီမ သတိထားမိတာကတော့ Miss Universe ပြိုင်ပွဲတိုင်းမှာ ဆုရသွားတဲ့ Miss တွေ အားလုံးက သူတို့ကိုယ်သူတို့ အရမ်းယုံကြည်မှု ရှိတဲ့ပုံပေါက်တယ်။ ကိုယ်မှန်တယ်ထင်တာ၊ ကိုယ့်စိတ်ထဲမှာ ရှိတာကို ရဲရဲရင့်ရင့်နဲ့ ပြောရဲကြတယ်။ ဒီအချက်တွေကို ညီမသဘောကျသလို၊ အားကျစိတ်လည်း ဖြစ်ပါတယ်။
Voice ။ ။ အခုဆို အမရာငြိမ်းကို မော်ဒယ်လ်အနေနဲ့ ပရိသတ် တော်တော်များများက သတိထားမိ လာကြပြီဆိုတော့ သရုပ်ဆောင်အဖြစ် ဇာတ်ကားတွေ ရိုက်သွားဖို့ရှိလား။
AMN ။ ။ အမှန်အတိုင်း ပြောရရင် ညီမက မော်ဒယ်လ်ကိုတောင် Professional လုပ်တဲ့အထဲမှာ မပါပါဘူး။ သရုပ်ဆောင် ဘက်ကိုတော့ ကူးဖြစ်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ညီမ ဓာတ်ပုံရိုက်ရတာကိုတော့ အရမ်း ဝါသနာပါတဲ့အတွက် ဓာတ်ပုံမော်ဒယ်လ် အနေနဲ့တော့ ဆက်လုပ်သွားမှာပါ။
Voice ။ ။ အမရာငြိမ်းရဲ့ အပြင်ရုပ်ရည်နဲ့ ဓာတ်ပုံထဲက ရုပ်ရည်က တော်တော် ကွာတယ်နော်။ ဓာတ်ပုံရိုက်တဲ့ အခါမှာကျတော့ ဘယ်လို Mood သွင်းပြီး သရုပ်ဆောင် ဖြစ်လဲ။
AMN ။ ။ ညီမရဲ့မျက်နှာက မိတ်ကပ် လိမ်းပြီးတဲ့ရုပ်နဲ့၊ မလိမ်းရသေးတဲ့ရုပ် အရမ်းကွာတယ်။ ဓာတ်ပုံရိုက်ဖို့အတွက် မိတ်ကပ် လိမ်းလိုက် Mood သွင်းလိုက်ရင်ကို မျက်နှာက ချက်ချင်း ပြောင်းတယ်လို့ ညီမနဲ့ ရိုက်ဖူးတဲ့ ဓာတ်ပုံဆရာတိုင်းက ပြောကြပါတယ်။
Voice ။ ။ အမရာငြိမ်းရဲ့ ဓာတ်ပုံတွေက Sexy Pose တွေများတယ်နော်။ အဲဒါကျတော့ ဘယ်လိုစိတ်သွင်းပြီး သရုပ်ဆောင် ဖြစ်လဲ။
AMN ။ ။ ညီမရိုက်တဲ့ ဓာတ်ပုံတွေမှာ Pose တော်တော်များများက Sexy ဆန်တဲ့ ဘက်ကိုသွားပါတယ်။ Sexy ပုံစံရိုက်ပေမယ့်လည်း အရမ်းကြီးဖော်တာ၊ ချွတ်တာမျိုးတော့ ညီမ မရိုက်ပါဘူး။ ဒါကလည်း ဓာတ်ပုံ ရိုက်တော့မှသာ အဲဒီလိုပုံစံမျိုး ရိုက်ဖြစ်တာပါ။ အပြင်မှာ ဆိုရင်တော့ ညီမက သာမန်သူလို ကိုယ်လိုပုံစံပဲ နေပါတယ်။
Voice ။ ။ ကမ္ဘာကျော် မိုက်ကယ်လန်း အဖွဲ့က အဆိုတော်နဲ့ တွဲရိုက်ခဲ့တဲ့ ကြော်ငြာ ဓာတ်ပုံနဲ့ ပတ်သက်ပြီး ထွက်ပေါ်ခဲ့တဲ့ ကောလာဟလကြောင့် အမရာငြိမ်းကို ပရိသတ်တွေပိုပြီး သတိထားမိလာတယ်လို့ ပြောရင်ရမလား။
AMN ။ ။ အမှန်အတိုင်း ပြောရရင် ညီမက ဒီလိုမျိုး ကောလာဟလ တစ်ခုနဲ့ နာမည်ကြီးခဲ့ရတာကို သဘောမကျပါဘူး။ ညီမက ဒီအနုပညာ အလုပ်တွေကို မိဘ ခွင့်မပြုတဲ့ကြားက လုပ်ခဲ့ရတာ ဖြစ်တဲ့အတွက် အခုလို ပြဿနာ ပေါ်ပေါက်လာတဲ့အခါမှာ အိမ်နဲ့ထပ်ပြီး ဒုတိယအကြိမ် အတိုက်အခံ ဖြစ်ခဲ့ရတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အခုအချိန်အထိ အမြင်လွဲနေသူ တချို့လည်း ရှိတဲ့အတွက် ဒီဖြစ်ရပ်ကို ညီမက သဘောမကျပါဘူး။ ဒီကိစ္စနဲ့ ဆက်နွှယ်ပြီး ကိုယ့်ကို အားပေးတဲ့ နှစ်သိမ့်တဲ့ ပရိသတ်တွေ၊ သူငယ်ချင်းတွေ အများကြီး ရလာတဲ့အတွက်တော့ ညီမကျေနပ်ပါတယ်။
Voice ။ ။ မော်ဒယ်လ် လုပ်တာအပြင် တခြားဘာတွေကိုရော စိတ်ဝင်စားလဲ။
AMN ။ ။ မော်ဒယ်လ် လုပ်တာအပြင် ညီမ သီချင်းနားထောင်ရတာ၊ သီချင်း ဆိုရတာကို ကြိုက်ပါတယ်။ ဒါပေမဲ့ ညီမက အသံတော့ မကောင်းပါဘူး။ သီချင်းကတော့ သီချင်းအမျိုးအစား တော်တော်များများကို ကြိုက်ပါတယ်။ အရမ်းဆူညံ ပေါက်ကွဲတဲ့ သီချင်းပုံစံမျိုးက လွဲရင်ပေါ့။
Voice ။ ။ ဖက်ရှင်ကျတော့ရော ဘယ်လိုဖက်ရှင်မျိုးကို စိတ်ဝင်စားလဲ။
AMN ။ ။ တကယ်တော့ ညီမက ဖက်ရှင်ကို စိတ်ဝင်စားတဲ့ လူထဲမှာ မပါပါဘူး။ ပုံမှန်ထသွားထလာ ဆိုရင်လည်း စကတ်ပွပွဖားဖား တစ်ထည်၊ တီရှပ် တစ်ထည်လောက်ဆို ညီမအတွက် လုံလောက်ပါတယ်။ သိပ်ပြီးတိုလွန်း၊ ပြတ်လွန်းတဲ့ ပုံစံမျိုးကိုတော့ ညီမဝတ်လေ့ ဝတ်ထ မရှိပါဘူး။ ဝတ်ရတာ ပေါ့ပေါ့ပါးပါး ရှိတဲ့ ဖက်ရှင်မျိုးကို ညီမသဘောကျပါတယ်။
Voice ။ ။ Miss Universe Myanmar ပြိုင်ပွဲ အပေါ်မှာရော ဘယ်လောက်အထိ မျှော်လင့်ထားလဲ။
AMN ။ ။ ညီမက ပြိုင်ပွဲမှာ ကြုံရတဲ့ Stress ကို မခံနိုင်ပေမယ့် ဒီပြိုင်ပွဲကတော့ ငယ်ငယ်ကတည်းက ရူးသွပ်ခဲ့ရတဲ့ အိပ်မက် ဖြစ်တဲ့အတွက် ဝင်ရောက် ယှဉ်ပြိုင် ဖြစ်တယ်။ အကောင်းဆုံး ဖြစ်အောင် ကြိုးစားသွားမယ် ဆိုတဲ့စိတ်ပဲ ရှိပါတယ်။ မျှော်လင့်ချက် ဆိုတာတော့ ဘာမှမထား ထားပါဘူး။ ဒီကရသမျှ အတွေ့အကြုံတွေကိုပဲ ညီမလိုချင်ပါတယ်။
Voice ။ ။ အမရာငြိမ်းကို ဖက်ရှင်ရှိုးတွေမှာ လျှောက်တာ သိပ်မတွေ့ရဘူးနော်။
AMN ။ ။ ညီမ ရှိုးလျှောက်ရတာ မကြိုက်ပါဘူး။ ညီမရဲ့ခန္ဓာကိုယ်နဲ့ ရှိုးလျှောက်တာနဲ့က သိပ်ပြီးတော့ အံဝင်ခွင်ကျ မဖြစ်ဘူးလို့ ထင်ပါတယ်။ အဲဒါကြောင့် ရှိုးတွေ သိပ်မလျှောက်ဖြစ်ပါဘူး။
Voice ။ ။ အမရာငြိမ်းကို အားပေးနေတဲ့ ပရိသတ်တွေအတွက် ပြောချင်တာတွေရှိရင် ပြောပေးပါဦး။
AMN ။ ။ ပရိသတ်တွေ အမရာကို ကြည့်ချင်နေသေးသရွေ့၊ Billboard တွေမှာ၊ ကြော်ငြာတွေမှာ မြင်ချင်နေသေးသရွေ့ ညီမ ဒီအလုပ်ကို ကြိုးစားပြီး လုပ်သွားမှာပါ။ ဆက်ပြီးတော့ အားပေးကြပါလို့ လည်း ပြောချင်ပါတယ်။

No comments:

Post a Comment