Tuesday, September 17, 2013

တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးဌေးအောင် နှင့် တွေ့ဆုံခြင်း

ကချင်ပြည်နယ်တွင် တပ်မတော်နှင့် ကေအိုင်အေတို့ 
လက်နက်ကိုင် ပဋိပက္ခ ပြန်လည် ဖြစ်ပွားနေ သည်မှာ
 ၂ နှစ်ကျော်လာခဲ့ပြီဖြစ်ကာ အပစ်အခတ် ရပ်စဲနိုင်ရေး
အတွက် အစိုးရ ငြိမ်းချမ်းရေး ဖော် ဆောင်ရေး လုပ်ငန်း ဗီဂျေကော်မတီနှင့် ကေအိုင်အိုတို့ ဆွေးနွေးနေသည်မှာ
လည်း အဖြေမထွက်သေး သည့် ကာလဖြစ်သည်။ ပြီးခဲ့
သည့် သြဂုတ်လ အတွင်းက ကုလသမဂ္ဂ၏ အထူးကိုယ်
စားလှယ် မစ္စတာ ဗီဂျေနမ်ဘီးယားသည် ကေအိုင်အို
ဌာနချုပ် လိုင်ဇာမြို့သို့ သွားရောက်ကာ ကေအိုင်အို
တာဝန်ရှိသူများ နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုဆွေးနွေးမှုမတိုင်မီ မြစ်ကြီးနားမြို့ ရောက်ရှိစဉ်တွင် ရှမ်းမျိုးနွယ်စုရေးရာ ကော်မတီ က ကေ အိုင်အေ အပေါ် ရှမ်းလူမျိုးများ ထားရှိသည့် သဘောထားများကို ရှင်းပြခဲ့သည့်အတွက် ရှမ်းနီတိုး တက်ရေးပါတီ ဥက္ကဋ္ဌ ဦးဌေးအောင်ထံ ဆက်သွယ် မေးမြန်းထားသည်များ မှ ကောက်နုတ်ဖော်ပြ အပ်ပါသည်။

Voice ။ ။ ပြီးခဲ့တဲ့တစ်ပတ်က မစ္စတာနမ်ဘီးယား လိုင်ဇာခရီးစဉ်သွားဖို့ မြစ်ကြီးနား ရောက်ရှိတဲ့ အချိန်မှာ ရှမ်းတိုင်းရင်းသားတွေက ကေအိုင်အေက ကချင်ပြည်နယ်ကို ကိုယ်စားမပြုဘူးဆိုတဲ့ အကြောင်းရေးထားတဲ့ စာကို မစ္စတာနမ်ဘီးယား လက်ထဲ ထည့်ပေးခဲ့တယ်လို့ သိရပါတယ်။ ဘာကြောင့် ပေးရတယ်ဆိုတာ သိပါရစေခင်ဗျ။

UHA ။ ။ ကျွန်တော်တို့ အရင်ဆုံး ရှမ်းမျိုးနွယ်စုရေးရာ ကော်မတီကို ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီလို ဖွဲ့စည်းတာကလည်း ကေအိုင်အေဟာ ကချင်တိုင်းရင်းသားတွေအတွက် ကိုယ်စားပြုချင်ပြုမယ်။ ကချင်ပြည်နယ်ကိုတော့ ကိုယ်စားမပြုဘူး။ အဓိက ကချင်ပြည်နယ်မှာနေတဲ့ ကျွန်တော်တို့ ရှမ်းတိုင်းရင်းသားတွေအတွက် ကိုယ်စားမပြုဘူး။ ဒီပြည်နယ်မှာ ကျွန်တော်တို့ ရှမ်းလူမျိုးတွေ အများကြီး နေထိုင်ပါတယ်။ ဒါပေမဲ့ ကေအိုင်အေဟာ ကျွန်တော်တို့ ရှမ်းလူမျိုးတွေ အတွက် ဘာမှလုပ်ပေးခဲ့တာ မရှိဘူး။ ဒါကြောင့် မစ္စတာနမ်ဘီးယားကို ရှင်းပြတဲ့စာကို ပေးခဲ့တာပါ။

Voice ။ ။ ဟုတ်ကဲ့ မစ္စတာနမ်ဘီးယားကို အဲဒီလိုစာ ပေးလိုက်တော့ ဘာထူးခြား မှုရှိလာလဲဗျ။

UHA ။ ။ မစ္စတာနမ်ဘီးယား လိုင်ဇာမှာ ကေအိုင်အိုက တာဝန်ရှိသူတွေနဲ့ တွေ့တဲ့အခါမှာ မိုင်းတွေခွဲတာ၊ လမ်းတံတားတွေ ဖျက်ဆီးတာမျိုး ဆက်လုပ်ရင် အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံရမယ် ဆိုတာမျိုး သတိပေးခဲ့တယ်လို့ ပြန်ကြားရပါတယ်။ ဒါက ထူးခြားမှုလို့ ပြောလို့ရ ပါတယ်။

Voice ။ ။ ရှမ်းနီ တိုးတက်ရေးပါတီ အနေနဲ့ရော ကချင်ပြည်နယ်က ရှမ်းတိုင်းရင်းသားတွေ အတွက် ဘာတွေလုပ်နေပြီလဲ။

UHA ။ ။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကိစ္စတွေ လုပ်နေပါတယ်။ ပြီးတော့ ကေအိုင်အေရဲ့ နှိပ်စက်ခံရသူတွေ၊ ဖျက်ဆီးခံရတဲ့ အိမ်တွေ၊ စစ်သား စုဆောင်းခံရတာတွေကို စာရင်းကောက်ယူ နေပါတယ်။ အထောက်အထားတွေလည်း ရှိနေပါပြီ။ ပြီးတော့ လူထုအခြေပြု လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နေပါတယ်။

Voice ။ ။ ဟုတ်ကဲ့ ။ အဲဒီလို လုပ်ဆောင်တာက အစိုးရအဖွဲ့ရဲ့ လမ်းညွှန်မှုနဲ့ ပါတီက လုပ်ဆောင်နေတာဆိုပြီး သတင်းတွေ ထွက်လာပါတယ်။ အဲဒီသတင်းက မှန်ပါသလား။
UHA ။ ။ အဲဒါတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့က ဆုံးဖြတ်ပြီးတော့ လုပ်တာပါ။ ကျွန်တော်တို့ ပါတီရဲ့ မူဝါဒလမ်းစဉ်အတိုင်း လုပ်တာပါ။

Voice ။ ။ နောက်တစ်ချက်က ကေအိုင်အေနဲ့ အစိုးရတို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ လုပ်တဲ့အခါ ရှမ်းတိုင်းရင်းသားတွေ တက်ရောက်ရတာ မတွေ့ရဘူးခင်ဗျ။ အဲဒီအပေါ်မှာရော ဘယ်လိုမြင်လဲ ခင်ဗျ။

UHA ။ ။ ဟုတ်ပါတယ်။ ကျွန်တော်တို့တွေ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ပါဝင်ခွင့် မရပါဘူး။ အဲဒီအတွက်လည်း ကျွန်တော်တို့တွေ ပါဝင်ဆွေးနွေးခွင့်ရဖို့ အစိုးရအဖွဲ့ကို တောင်းဆိုထားပါတယ်။ မရမချင်းလည်း ဆက်တောင်းဆိုမှာပဲ။

Voice ။ ။ နောက်သိချင်တာ တစ်ခုက ကေအိုင်အေထဲမှာ ရှမ်းတိုင်းရင်းသားတွေ ဘယ်လောက် ရှိနိုင်မလဲဗျ။

UHA ။ ။ အတိအကျတော့ ပြောလို့မရပါဘူး။ စစ်သားစုဆောင်ရေး အဆွဲခံရ တာကတော့ ကျွန်တော်တို့ ရှမ်းလူမျိုးတွေ များတယ်။ ရာခိုင်နှုန်းနဲ့ ပြောမယ်ဆိုရင် ၆၀ ရာခိုင်နှုန်း တပ်သားတွေဟာ ကျွန်တော်တို့ ရှမ်းလူမျိုးတွေ ဖြစ်မယ်လို့ ထင်တယ်။

Voice ။ ။ ဟုတ်ကဲ့။ လက်ရှိ ဖြစ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခနဲ့ ပတ်သက်ပြီး ရှမ်းနီလူမျိုးများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌအနေနဲ့ ဘာပြောချင်သေးလဲ ခင်ဗျ။

UHA ။ ။ တိုက်ပွဲ ရပ်သွားရင်တော့ အကောင်းဆုံးပေါ့။ အေးချမ်းစွာနဲ့ လွတ်လွတ်လပ်လပ် နေထိုင်လာပြီး တိုက်ပွဲဖြစ်တော့ အမုန်းတရားတွေ များလာတယ်။ တစ်ဖက်နဲ့ တစ်ဖက် အမုန်းတရားတွေ မရှိတော့ရင် အကောင်းဆုံးပေါ့။

No comments:

Post a Comment