Wednesday, September 18, 2013

ကမ္ဘာဖလားပြိုင်ပွဲ ၀င်ရန်မှေန်းထားသော မြန်မာ အမျိုးသမီး ဘောလုံးအသင်းကို အားပေးကြပါစို့

ချစ်ခင်လေးစား ရပါသော မြန်မာ့ ဘောလုံး ပရိသတ်များ ခင်ဗျား
၂၀၁၃ ခုနှစ် အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် AFF Women's AYA Bank Championship 2013 ပြိုင်ပွဲမှာ မြန်မာ့ လက်ရွေးစင် အမျိုးသမီး အသင်းဟာ အုပ်စု(ခ) နောက်ဆုံးပွဲစဉ် အဖြစ် ဂျပန် အမျိုးသမီး အသင်းနဲ့ စက်တင်ဘာ ၁၈ ရက်နေ့ ညနေ ၄း၀၀ နာရီ၊ သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။ မြန်မာနဲ့ ဂျပန်တို့ ပွဲစဉ်ဟာ အုပ်စုဗိုလ် ဖြစ်ရေးအတွက် အရေးကြီးတဲ့ ပွဲစဉ် ဖြစ်သလို မြန်မာ အသင်း ဗိုလ်လုပွဲ ရောက်ရှိရေး၊ အမိမြေပေါ်မှာ ချန်ပီယံဆု ဖလား ကိုင်မြှောက် နိုင်ရေးအတွက် အဓိက ကျတဲ့၊ အဆုံး အဖြတ် ဖြစ်စေမယ့် ပွဲတစ်ပွဲ ဆိုရင်လည်း မမှားပါဘူး။ မြန်မာအသင်း ဂျပန်ကို အုပ်စု နောက်ဆုံးပွဲစဉ်မှာ အနိုင်ရပြီ ဆိုတာနဲ့ ဆီမီးဖိုင်နယ် မှသည် ဗိုလ်လုပွဲ သွားရာ လမ်းကြောင်း ဖြောင့်ဖြူးသွားမှာ ဖြစ်ပြီး ပရိသတ် ရှေ့မှောက်မှာ တိုင်းပြည်ကို ချန်ပီယံ ဆုဖလား တစ်လုံး ဆီးဂိမ်းစ် အကြို လက်ဆောင်ပေး နိုင်မှာ ဖြစ်ပါတယ်။

မြန်မာ့ လက်ရွေးစင် အမျိုးသမီး အသင်း အနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၁ နဲ့ ၂၀၁၂ ပြိုင်ပွဲ နှစ်ရပ်စလုံး ဗိုလ်လုပွဲ ရောက်ခဲ့ပြီး ခြေစွမ်းပြ နိုင်ခဲ့ပေ မယ့် တိုင်းတပါးမြေ၊ တိုင်းတပါး ပရိသတ် ရှေ့မှာ ဒုတိယ ငွေတံဆိပ်နဲ့ပဲ ကျေနပ်ခဲ့ရတာ ၂ ကြိမ်ရှိပါပြီ။ ကိုယ့်မြေ ကိုယ့်ကွင်း ကိုယ့် ပရိသတ်ရှေ့မှာ အခုလို ကစားခွင့် ရပေမဲ့ ပြီးခဲ့တဲ့ အုပ်စု ၃ ပွဲစလုံးမှာတော့ ပရိသတ် မရှိတဲ့ ပွဲကြည့်စင်ရှေ့မှာပဲ ကျွန်တော်တို့ မြန်မာ ကစားသမား လေးတွေ အောင်ပွဲခံခဲ့ ကြရပါတယ်။ ကျွန်တော်တို့ ကစားသမား လေးတွေ ချွေးစိုရွဲရွဲနဲ့ တိုင်းပြည်အတွက် ရလဒ်ကောင်း တွေ ဆောင်ကြဉ်းပေး နေပေမယ့် ကစားသမား လေးတွေ လိုချင်တဲ့ လက်ခုပ်သံ၊ မြန်မာဟေ့လို့ အားပေးသံ ကတော့ မကြားရခဲ့ရှာ ပါဘူး။

မြန်မာ့ လက်ရွေးစင် အမျိုးသမီး အသင်း အနေနဲ့ လာမယ့် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲအတွက် ကာလရှည် စုဖွဲ့ လေ့ကျင့်ခဲ့ပြီး ကျင်းပနေတဲ့ အာဆီယံ ချန်ပီယံရှစ် ပြိုင်ပွဲမှာလည်း ချန်ပီယံဖြစ်ရေး အတွက် ကြိုးစား ယှဉ်ပြိုင် နေပါတယ်။ ဒါကြောင့် မြန်မာ အမျိုးသမီး ဘောလုံး အသင်းဟာ ၂၀၁၃ ခုနှစ် အတွင်း နိုင်ငံတကာ အဆင့် အဓိက ပြိုင်ပွဲကြီး နှစ်ရပ်မှာ တိုင်းပြည်အတွက် ရွှေတံဆိပ်ဆု ၂ ခု ရယူပေးမယ့် အသင်း ဆိုရင်လည်း မမှားပါဘူး။ ဒါ့အပြင် ၂၀၁၄ အာရှ ဖလား ခြေစစ်ပွဲ ၀င်ရောက် ယှဉ်ပြိုင်ပြီး ၂၀၁၅ ကနေဒါ အမျိုးသမီး ကမ္ဘာ့ဖလား ၀င်ရောက် ကစားခွင့် အတွက် အခွင့်အလမ်း ရှိနေတဲ့ အသင်းလည်း ဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ ကျင်းပနေတဲ့ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ပွဲစဉ် ၃ ပွဲ ကစားရာမှာ လာအို အသင်းကို (၅-၀)ဂိုး၊ ဖိလစ်ပိုင် အသင်းကို (၅-၁)ဂိုးနဲ့ အင်ဒိုနီးရှား အသင်းကို (၄-၀) ဂိုး ပြတ်ပြတ်သားသား အနိုင်ရရှိ ခဲ့ပြီး လာမယ့် ဂျပန် အသင်းနဲ့ အုပ်စု ဗိုလ်ဖြစ် ရေး အဆုံးအဖြတ် ပွဲစဉ်မှာတော့ ကျွန်တော်တို့ မြန်မာ အမျိုးသမီးတွေ ခက်ခက်ခဲခဲ ရင်ဆိုင် ကျော်ဖြတ် ရဖို့ရှိပါတယ်။ အားလုံး သိကြ သလို ဂျပန် အမျိုးသမီး ကစားသမား တွေဟာ အာရှမှာတောင် မဟုတ်ဘဲ ကမ္ဘာမှာပါ နံပါတ်တစ် နေရာ ရရှိထားတဲ့ နိုင်ငံက ကစားသမားတွေ ဖြစ်ကြပြီး တစ်ဦးချင်းရော အသင်းလိုက်ပါ ဘောလုံး ကျွမ်းကျင်မှု အပြည့် ရှိတဲ့အသင်း ဖြစ်ပါတယ်။ ဒီလို အသင်းမျိုး ကို မြန်မာ အမျိုးသမီးတွေ ကျော်ဖြတ်ဖို့ရာ ပွဲကြည့်စင်ပေါ်က ပရိသတ် အခန်းကဏ္ဍ မပါဝင်ရင်၊ လက်ခုပ်သံ၊ ကြွေးကြော် အားပေးသံ တိတ်ဆိတ်နေရင် ဘယ်လိုမှ မလွယ်ကူ နိုင်ပါဘူး။ ကွင်းထဲက ကစားသမားတွေ တာဝန်ကျေ ပေးမှုကို၊ ကစားသမား တွေရဲ့ ကြိုးပမ်း အားထုတ်မှုကို ကျွန်တော်တို့ ပရိသတ်မှ အသိအမှတ် မပြုရင် ဘယ်နိုင်ငံက ဘယ်သူမှ အသိအမှတ် ပြုမှာ မဟုတ်ပါဘူး။ ဒါကြောင့် မနက်ဖြန် စက်တင်ဘာ ၁၈ ရက်နေ့ ညနေ ၄း၀၀ နာရီ သုဝဏ္ဏကွင်းမှာ အင်အားကြီး ဂျပန်အသင်းကို ကျော်ဖြတ် အနိုင်ယူဖို့ ကြိုးစားမယ့် မြန်မာ အမျိုးသမီး ဘောလုံး အသင်းကို နိုင်ငံတော် သီချင်း အတူတကွ သီဆိုသံ၊ မြန်မာဟေ့ လို့ ကြွေးကြော်သံ တွေနဲ့ အတူ အားဆေးတစ်ခွက် ဖြည့်ဆည်းပေးပါလို့ ပရိသတ်များကို အနူးညွတ် မေတ္တာရပ်ခံ ပါတယ်ခင်ဗျား။

ပရိသတ်များအား အစဉ်လေးစားစွာဖြင့်
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်


No comments:

Post a Comment