Monday, September 23, 2013

ကားပါကင် အသစ်များပေါ်တွင် ဈေးသည်များ ဈေးရောင်းပါက အရေးယူမည်

ကားပါကင် အသစ်များပေါ်တွင် ဈေးသည်များ ဈေးရောင်းပါက အရေးယူမည်
ရန်ကုန်  စက်တင်ဘာ  ၂၂
ရန်ကုန်မြို့တွင်း လမ်းမကြီး များတွင် ယာဉ်ကြော ရှင်းလင်းစေရန် အတွက် ကားပါကင်များကို တိုးချဲ့ဖောက်လုပ် ပေးထားသည့် နေရာများတွင်
လမ်းဘေးဈေးသည်များဝင်ရောက်  ဈေးရောင်း
ချပါက စည်ပင်သာယာ ဥပဒေအရ ထိရောက်စွာ   အရေးယူ သွားမည်ဖြစ်ကြောင်း  ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လမ်း/တံတားဌာနမှ
တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
 ရန်ကုန်မြို့တွင်  ကားအစီးရေ များပြားလာသည့် အတွက် လမ်းကြော ပိတ်ဆို့မှုများ ဖြစ်ပေါ်နေရာ  ယာဉ်လမ်းကြော ပိတ်ဆို့မှုကို ရှင်းလင်းစေရန် အတွက် ရန်ကုန်မြို့တော် စည်ပင်သာ ယာရေး ကော် မတီမှ  လမ်းတိုးချဲ့ခြင်း များကို  ဇွန်လမှ စတင်ကာ လုပ်ဆောင်ခဲ့သည်။
 ''အခုတိုးချဲ့ထားတဲ့  ကားပါကင် နေရာမှာ ဈေးဝင်ရောင်းရင် စည်ပင်သာယာ ဥပဒေနဲ့ အညီ အရေးယူသွားမှာပါ။ အဲဒီနေရာတွေမှာ ဈေးရောင်းချဖို့ကို  လုံးဝခွင့်ပြုပေးမှာ မဟုတ်ပါဘူး။
ဘာဖြစ်လို့ ဒီလိုလုပ်ရလဲ ဆိုရင်  ကားလမ်းမကြီးတွေ ပေါ်မှာ   ယာဉ်တွေရပ်တန့်ရင် ကားလမ်းကြောင်းတွေ ပိတ်လို့  ဒီလိုချဲ့ပေးတာ။   ဈေးသည်တွေ အတွက် ချဲ့ပေးတာ မဟုတ်ဘူး''   ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။မြို့တွင်း၌ ပြန်လည်တိုးချဲ့ ပြုပြင်ထားသည့် ကားပါကင် နေရာများတွင် လမ်းဘေး ဈေးသည်များ ဝင်ရောက် ဈေးရောင်းချပါက  စည်ပင်သာယာ ဥပဒေပုဒ်မ ၂ဝ ဖြင့် တရားစွဲဆို သွားမည်ဖြစ်ပြီး အမြင့်ဆုံးဒဏ် ငါးသိန်းအထိဒဏ်ကြေး ပေးဆောင်ရမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တွင်း လမ်းဘေး ဈေးသည်များကို  ဈေးရောင်းချခွင့် နေရာများနှင့် အချိန်ကို သတ်မှတ် ပေးထားသည်။
''မြို့ထဲမှာ ပလက်ဖောင်း ဈေးသည်တွေ ဈေးရောင်းဖို့  ညနေ  ၃  နာရီကနေ ည ၈ နာရီအထိ ခွင့်ပြု ပေးထားတယ်။    သတ်မှတ်ထားတဲ့ အတိုင်း   မရောင်းချဘူး ဆိုရင်တော့ ပစ္စည်းသိမ်းတဲ့ အဆင့်နဲ့ပဲ အရေးယူပါတယ်'' ဟု  ၎င်းက ပြောကြားခဲ့သည်။
 မြို့တွင်း ဈေးရောင်းချနေသည့် သူများမှာ   လူသွားလူလာ များပြားသည့် အချိန်များတွင် အလုအယက် ရောင်းချနေရသည့် အတွက်    ရန်ကုန်မြို့တွင်း လူစည်ကားသည့် အချိန်ဖြစ်သည့် မွန်းလွဲ  ၁  နာရီမှ စတင်ကာ ရောင်းချခွင့် ရရှိလိုကြကြောင်း လမ်းဘေး ဈေးသည်များက ပြောပြခဲ့သည်။
 ''စည်ပင်က  ရောင်းချခွင့် ပေးတဲ့အချိန်က အရမ်းနည်းတယ်။ ဖြစ်နိုင်ရင် မွန်းလွဲ ၁ နာရီလောက်က စပြီးတော့ ရောင်းချခွင့် ပေးသင့်ပါတယ်။ အခုဆိုရင် ပလက်ဖောင်း တွေကလည်း ကျဉ်းသွားတော့ ဈေးရောင်းရတာ မလွတ်လပ်တော့ဘူး။ ဒါကြောင့်  ကားပါကင်မှာ ချပြီးရောင်းကြတာ။ ကားပါကင်မှာ အကုန်လုံးနီးပါး  ရောင်းနေတာပဲ။
ကားပါကင်မှာ ရောင်းချခွင့် မပေးလို့ လမ်းပေါ် တက်ရောင်းတော့ လူသွားလမ်းတွေ ပိတ်ကုန်မှာပေါ့'' ဟု   ရန်ကုန်မြို့ ကျောက်တံတား မြို့နယ် တွင် ဈေးရောင်းချသူ တစ်ဦးက  ပြောပြခဲ့သည်။

No comments:

Post a Comment