Wednesday, September 18, 2013

တောင်သမန်အင်းရေပြည့်နေပြီး ဦးပိန်တံတားကြမ်းပြင်နှင့် ထိလုနီးပါးဖြစ်နေ


ဧရာဝတီမြစ်ရေနှင့် ဒုဋ္ဌ၀တီမြစ်ရေလျှံမှုကြောင့် အမရပူရမြို့နယ်အတွင်းရှိ တောင်သမန် အင်းရေပြည့်နေပြီး ကမ္ဘာကျော် ဦးပိန်တံတားကြမ်းပြင်နှင့် ထိလုနီးပါးဖြစ်နေ သည်ကို စက်တင်ဘာ ၁၆ ရက်က တွေ့ရသည်။ ၁ ဒသမ ၂ မီတာရှည် လျားသော ဦးပိန်တံတား သည် တောင်သမန်အင်း ရေပြည့်နေသဖြင့် တံတား၏ အနောက်ဘက်ထိပ်တွင် တံတားကြမ်း ပြင်နှင့် ရေထိရန် သုံးပေခန့်ရှိနေပြီး တံတား၏အလယ်တွင် ကြမ်းပြင်နှင့်ရေထိရန် တစ်ပေခန့် သာလိုတော့ သည်။ ဦးပိန် တံတားသို့သွားရာ ကန်ပတ်လမ်းမှာလည်း ရေကျော်နေပြီး အန္တရာယ်မဖြစ်ရန်အတွက် သွားလာခြင်း မပြုရန် တားမြစ် ထားသည်။ ထိုသို့ ကြမ်းပြင်နှင့်ရေထိ လုနီးပါးဖြစ်နေသည့် ဦးပိန်တံတားသို့ တကူးတက လာရောက် လည်ပတ် လေ့လာသူများ များပြားနေပြီး ခရီးသွားဧည့်သည်များ အန္တရာယ်မဖြစ်စေရေးအတွက် Tourist Police များ၊ ကြက်ခြေနီ များနှင့် တာဝန်ရှိသူများက ဦးပိန် တံတားတွင် အချိန်ပြည့်စောင့်ကြည့်လျက်ရှိသည်။

ဦးပိန်တံတားတွင် တည်ခင်းရောင်းချနေသော ဆိုင်အချို့မှာ ရေနစ် မြုပ်လျက်ရှိရာ ဆိုင်ပိတ်ထားရပြီး ကားလမ်းဘေးရှိ ရေလွတ်သောဆိုင်များသာ ဖွင့်လှစ်ရောင်းချနေရသည်။ ဦးပိန်တံတားအရှေ့ဘက်ရှိ ရတနာပုံ တက္ကသိုလ်နှင့် ထန်းတော ရွာအပါအဝင် အနီးရှိကျေးရွာများမှာ ရေနစ်မြုပ်လျက်ရှိပြီး အနောက်ဘက်ခြမ်းရှိ ရွှေကွမ်းထုတ်ရပ်ကွက်၊ တရုတ်တန်းလေးရပ်ကွက်၊ တရုတ်တန်းကြီးရပ်ကွက်တို့တွင်လည်း ရေနစ်မြုပ်နေရာ အိမ်ထောင်စုထောင်ပေါင်းများစွာ ရေဘေးသင့်နေကြရကြောင်း သိရသည်။

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

No comments:

Post a Comment