Thursday, September 5, 2013

ဆက်သွယ်ရေး ကွန်ရက်များ မရောထွေးရန် နေပြည်တော်နှင့် ရန်ကုန်ဖုန်းလိုင်း သုံးသန်း လဲပေးမည်


ဒေသ တစ်ခုအတွင်း မတူညီသော ရေဒီယို ဆက်သွယ်ရေး ကွန်ရက်များ ရျောထွးမှု မရှိ စေရန် အတွက် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် အတွင်း ရန်ကုန် နှင့် နေပြည်တော်ရှိ မိုလ်ဘိုင်းဖုန်းလိုင်း သုံးသန်းကို လဲလှယ် တပ်ဆင်မည် ဖြစ်ပြီး အဆိုပါ စီမံကိန်းကို Huawei ကုမ်ပဏီနှင့် ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အနေဖြင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် အတွင်း မိုလ်ဘိုင်း ဖုန်းလိုင်း အင်အားလေးသန်း ထပ်မံ တပ်ဆင်မည် ဖြစ်ရာ တစ်သန်းမှာ အသစ် တပ်ဆင်မည် ဖြစ်ပြီး သုံးသန်းမှာ စနစ်မတူသည့် ကွန်ရက်များ နေရာတွင် စနစ်တူသည့် ကွန်ရက် များဖြင့် လဲလှယ် တပ်ဆင်ခြင်း ဖြစ်သည်ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ မိုလ်ဘိုင်း အင်ဂျင် နီယာချုပ် ဦးခင်မောင်ထွန်းက စက်တင်ဘာ ၃ရက်က နိုင်ငံပိုင် သတင်းစာတွင် ပြောကြားထားသည်။
Networkများ ဒီဇိုင်းပြု လုပ်ရာတွင် ဆက်သွယ်ရေး ပစ္စည်း တင်သွင်းသည့် ကုမ္ပဏီများ၏ စက်ပစ္စည်း ဆက်စပ်မှုနှင့် Radio စနစ် မတူညီမှုများ ရှိသည့် အတွက် ယခုကဲ့သို့ ကုမ္ပဏီ တစ်ခု တည်း၏ စက်ပစ္စည်းများကို တပ်ဆင် ရခြင်း ဖြစ်သည် ဟုလည်း ဆိုသည်။ ထိုသို့ မိုဘိုင်းလိုင်း အင်အား တိုးချဲ့ရန်အတွက် ပြည်တွင်း၊ ပြည်ပကုမ္ပဏီများကို ဧပြီလ အတွင်းက အကျိုးတူ ပူးပေါင်း လုပ်ကိုင်ခွင့် တင်ဒါ ခေါ်ယူခဲ့ရာ Huawei ကုမ္ပဏီက တင်ဒါ အောင်မြင် ခဲ့ပြီး လက်ရှိတွင် လုပ်ငန်း စတင်ရန် အတွက် စာချုပ်ချုပ် ဆိုထားပြီး ဖြစ်သည်ဟု ဆိုသည်။
ဦးခင်မောင်ထွန်းက “လိုင်းလေးသန်း တိုးချဲ့ရေး စီမံကိန်းမှာ မတူညီတဲ့ ရေဒီယို ဆက်သွယ်ရေး စခန်းတွေ ရောယှက် နေတဲ့ ရန်ကုန်နဲ့ နေပြည်တော် တို့မှာ စုစုပေါင်း လိုင်း သုံးသန်းကို ပစ္စည်း ပေးသွင်းတဲ့ ကုမ္ပဏီ တစ်ခု တည်းရဲ့ စက်နဲ့ အစားထိုး တပ်ဆင် သွားမှာပါ။ အဲဒီ အစားထိုးရာ ကနေ ထွက်ရှိ လာတဲ့ စက်ပစ္စည်း တွေကို မိုဘိုင်းလိုင်း တိုးချဲ့ဖို့ လိုအပ် နေတဲ့ အခြား တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ တိုးချဲ့တပ်ဆင်ဖို့ စီစဉ် ထားပါတယ်”ဟု ဖြေကြားထားသည်။
ထို့အပြင် လိုင်းအင်အား တစ်သန်း သီးသန့် တိုးချဲ့မည် ဖြစ်ရာ ရန်ကုန်တွင် လိုင်း အင်အား ခြောက်သိန်း၊ နေပြည်တော်တွင် ၁၆၀,၀၀၀နှင့် မန္တလေးတွင် ၂ ဒသမ ၅သိန်း တိုးချဲ့ တပ်ဆင် သွားမည်ဟု ဆိုသည်။ ၄င်းအပြင် မိုဘိုင်းဖုန်းလိုင်း အင်အားများ တိုးချဲ့ရာတွင် လိုအပ်သည့် စက်မှု အဆောက် အအုံများ၊ လေအေး ပေးစက်စနစ်၊ လျှပ်စစ် ဓာတ်အားပေး စနစ်၊ တာဝါတိုင် တည်ဆောက်ခြင်း စသည့် မိုဘိုင်း အခြေစိုက် စခန်း ၄၀၀ခန့် တည်ဆောက်ရန် အတွက် ဆက်သွယ်ရေး လုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်း လုပ်ကိုင်မည့် ကုမ္ပဏီများကို စက်တင်ဘာ ၂၆ရက် နောက်ဆုံး ထား၍ တင်ဒါလျှောက်ထားရန် ဆက်သွယ်ရေး လုပ်ငန်းက ဖိတ်ခေါ် ထားသည်ဟု သိရသည်။
လက်ရှိ အချိန် အထိ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်းဖုန်းလိုင်း အင်အား ၅ဒသမ ၂သန်းကျော် ချထား ပေးလျက် ရှိပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် မိုဘိုင်းလိုင်း အင်အား လေးသန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် မိုဘိုင်းလိုင်း အင်အား ငါးသန်းနှင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် မိုဘိုင်းလိုင်း အင်အား ငါးသန်း တိုးချဲ့ရန် စီစဉ် ထားကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရှိရပါသည်။

Myanmar ICT

No comments:

Post a Comment