Thursday, April 3, 2014

၂၀၁၄-၁၅ Mission

လက်နက်ကိုင် အမျိုးမျိုး၊ ပါတီအဖုံဖုံနဲ့ သွားနေရတဲ့ မြန်မာပြည်မှာ တမျိုးသားလုံး တလုံးတ စည်း ထဲနဲ့ အမျိုးသားအကျိုးစီးပွား တခုတည်းကို ဦးတည်ပြီး ရွေ့ကြမှာလားလို့ မေးစရာရှိလာပါတယ်....။
ဒီအပါတ်ထုတ် The Voice weekly မှာပါတဲ့ ဆရာပိုက်တင်ရဲ့ ဆောင်းပါးလေးကို ပြန်လည်
ဖော်ပြပေးလိုက်ပါတယ်။
မြန်မာနိုင်ငံသားများ အားလုံးရဲ့ ကိုးဆယ့်ကိုးရာခိုင်နှုန်းကျော် လောက်က ဒီမိုကရေစီစနစ်ကို
လိုလားကြတယ်၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်လာတာကို မြင်တွေ့လိုကြ
တယ်လို့ ပြောရင် မှားမယ်မထင်ပါဘူး။
ဘာကြောင့်လဲ ဆိုတော့ အာဏာရှင်စနစ်ကိုပဲ ဆက်လက် ရှင်သန်နေစေချင်တဲ့သူတွေ 
ဒါမှမဟုတ် လူထုကြီးကိုဆင်းရဲတွင်းထဲ ဆက်နှစ်ထားပြီး ကိုယ်နဲ့ကိုယ့်အသိုင်းအဝိုင်းကိုတော့ ချမ်းသာသည်ထက်ချမ်းသာစေချင်ကြသူ အာဏာယစ်မူး လိုကြသူတွေဟာသန်းခြောက်ဆယ်ရဲ့တစ်ရာခိုင်နှုန်းတောင်မရှိနိုင်တာ သေချာနေလို့ဖြစ်ပါတယ်။

ဒီတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖြစ်ထွန်းဖို့ဆိုတာ နှေးတာနဲ့မြန်တာပဲရှိနိုင်ပေမယ့် သေ ချာပေါက် မျှော်မှန်းနိုင်တဲ့အခြေအနေကိုရောက်နေပြီလို့ ဆိုနိုင်ပါတယ်။နောက်ကြောင်းပြန်လိုသူ ( ကိုယ်ကျိုးသက်သက်ကြည့်သူ ) တချို့ရဲ့ပါဝါတွေကလည်း လျော့သည်ထက်လျော့ လာနေပြီ လို့ယူဆရပါတယ်။ 
တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေကိုယ်တိုင်က
ဒီမိုကရေစီဘက်ကို ရွေ့ဖို့ စိတ်ပိုင်းဖြတ်ထားကြတယ်ဆိုတာ လည်း တစ်နေ့ထက်တစ်နေ့ ထင် ထင် ရှားရှားမြင်လာတွေ့လာရပါတယ်။အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးကို မဖြစ် ဖြစ်အောင် လုပ်ဖို့ သံဓိဌာန်ချထားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ပြောဆိုမှု က လူထုကြီး ရဲ့ မျှော်လင့်ချက်ကို အတိုင်းအတာတစ်ခုအထိ ပိုမိုခိုင်မာလာစေတာလည်းဖြစ်ပါတယ်။


ဒီတော့ ဒီမိုကရေစီနဲ့ နီးသည်ထက်နီးဖို့ နိုင်ငံတော် လည်း မြန်နိုင်သမျှ မြန်မြန်ဖွံ့ဖြိုး တိုးတက် ဖို့ဆိုတာ လူထုတစ်ရပ်လုံးရောstakeholder အားလုံးပါ အားထုတ်ကြိုးပမ်းရမယ့်ကိစ္စဖြစ်ပါတယ်။ ဆိုလိုတာက ကိုးဆယ့်ကိုးရာခိုင်နှုန်းကျော်တဲ့ နိုင်ငံသားအပေါင်းကလိုလားတောင့်တနေတဲ့ အခြေ အနေတစ်ရပ်ကို မြန်မြန်ရောက်ဖို့ အထိရောက်ဆုံး အကောင်းဆုံးနည်းလမ်းမှန်သမျှကို အားလုံးက
လက်မလွတ်တမ်း ပိုင်ပိုင်နိုင်နိုင်အသုံးချကြဖို့ ဖြစ်ပါတယ်။

ဒီမိုကရေစီနဲ့ဖွံ့ဖြိုးတိုးတက်ရေးခရီးမှာ စိန်ခေါ်မှုတွေ အမြောက်အမြားရင်ဆိုင်ကြုံတွေ့ခဲ့ကြရပါ တယ်။ လောလောဆယ်လည်းကြုံတွေ့နေရဆဲဖြစ်သလို နောက်ထပ်လာမယ့် အခက်အခဲတွေက လည်း ရှေ့မှာတန်းစီ စောင့်ဆိုင်းနေမှာမုချဖြစ်ပါတယ်။ဘယ်လိုအခက်အခဲမျိုးတွေပဲ ကြုံရကြုံရ
ဘယ်လို စိန်ခေါ်မှုများနဲ့ပဲ ရင်ဆိုင်ရ ရင်ဆိုရ သန်းခြောက်ဆယ်ရဲ့ ကိုးဆယ့်ကိုးရာ ခိုင်နှုန်းကျော်က လိုလားတောင့်တနေတာဖြစ်လေတော့တစ်နေ့နေ့တစ်ချိန်ချိန်မှာ ဒီမိုကရေစီ ပန်းတိုင်ကို သေချာပေါက်အရောက်လှမ်းနိုင်မှာပဲဖြစ်ပါတယ်။ဒီမိုကရေစီခရီးကို အမြန်ဆုံးလျှောက် လှမ်းပြီးပန်းတိုင်ကို အမြန်ဆုံးရောက်ရှိဖို့ဆိုရင် လက်တွေ့ကျတဲ့ထိရောက်တဲ့ ကြိုးပမ်းဆောင် ရွက်မှုတွေဖြစ်ရပါလိမ့်မယ်။

ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဟာသန်းခြောက်ဆယ်ရဲ့ vision ဖြစ်ပါတယ်။ နိုင်ငံရေးပါတီများ ၊တပ်မတော်၊အစိုးရ ၊လွှတ်တော်များနဲ့ လူထုတစ်ရပ်လုံးရဲ့vision ဖြစ်ပါတယ်။ ၂၀၁၄ နဲ့ ၂၀၁၅ ခုနှစ်များမှာ ထိရောက်တဲ့ mision ကို ချမှတ်ပြီး အားလုံးက အာရုံစူးစိုက်လုပ်ဆောင်ကြမယ်ဆိုရင်
ပန်းတိုင်နဲ့ မြန်မြန်နီးနိုင်မှာဖြစ်ပြီး လက်တွေ့ကျပြီး အလုပ်ဖြစ်မယ့် mision ကို အာရုံမ စိုက်နိုင်ကြရင် ပန်းတိုင်ကို တော်တော်နဲ့ရောက်နိုင်ဖို့မလွယ်လှပါဘူး။ ဒီတော့ နိုင်ငံ တည်ဆောက်ရေးအတွက် လက်ရှိအချိန်ကာလမှာ mision ကို ဘယ်လိုရွေးချယ် သတ်မှတ်မ လဲဆိုတာကပဓါနကျလှတာကို
တွေ့ရပါတယ်။

နိုင်ငံသစ်တည်ဆောက်ရေးဆိုတာဟာ ဒီမိုကရေစီပေါ်ထွန်းရေးနဲ့ဖွံ့ဖြိုးတိုး တက်ရေးဖြစ်ပါ တယ်။ အဲဒီရလာဒ်ကိုရဖို့ လက်ငင်းအရေးကြီးတာဝန်များကိုပြောရရင်ငြိမ်းချမ်းရေး၊ အခြေ ခံ   ဥပဒေပြင် ဆင်ရေးနဲ့ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေး ဆိုတဲ့ 
အဓိက လုပ်ငန်းကြီး သုံးခု ကို မြင်တွေ့ကြရမှာပါ။
ဒီသုံးချက်ကိုအောင်မြင်အောင်ဆောင်ရွက်နိုင်တာနဲ့ ဒီမိုကရေစီလည်းထွန်းကားမှာဖြစ်သလို နိုင်ငံတော်လည်း သေချာပေါက် ဖွံ့ဖြိုးတိုးတက် လာ မှာဖြစ်ပါတယ်။
ဒါပေမယ့် လောလောဆယ်အနေအထားမှာ ငြိမ်းချမ်းရေးကို ခိုင်ခိုင်မာမာရရှိဖို့ဆိုတာလည်း 
ခဲရာခဲဆစ် ကြိုးပမ်းနေကြရဆဲဖြစ်ပါတယ်။

အပစ်အခတ်ရပ်စဲရေးအဆင့်ကိုရောက်အောင်ပဲ လုပ်ရဦးမယ့်လုပ်ငန်းစဉ်တွေ ဖြတ်သန်းကျော်လွှားရဦးမယ့် စိန်ခေါ်မှုတွေ မြောက်များစွာ
ရှိနေတာတွေ့ရပါတယ်။ အခြေခံဥပဒေပြင်ဆင်ရေးကိစ္စကိုလည်း ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်မှာ အကန့်အသတ်နဲ့သာ ဆောင်ရွက်နိုင်မယ်ဆိုတာ သေချာနေပါပြီ။ နှစ်ဆယ့်ငါးရာခိုင်နှုန်းကိစ္စ၊ ဖက်ဒရယ်ကိစ္စ စတာတွေကို ဘယ်လိုမှ ရာခိုင်နှုန်းပြည့်ပြင်ဆင်နိုင်ဦးမှာမဟုတ်သလို
ပုဒ်မ ၅၉ ပြင်ဆင်ရေးအတွက်လည်း အခက်အခဲတွေ ရှိနေဆဲဖြစ်ပါတယ်။ 
အခြေခံဥပဒေပြင်ဆင်ရေးကို ပြောရင် 
၁။ တပ်မတော် 
၂။ အာဏာရပါတီ
၃။အတိုက်အခံပါတီများနဲ့ 
၎။ တိုင်းရင်းသားများ အားလုံးသဘောတူညီမှုရရှိတဲ့အထိ 
ညှိနှိုင်းဆောင်ရွက်ကြရမှာဖြစ်တာကြောင့် အခုကျန်နေသေးတဲ့
လွှတ်တော်သက်တမ်းကာလမှာ ဘယ်လိုမှ အပြည့်အဝ ဆောင်ရွက်လို့ မရနိုင်တာ သေချာလှပါတယ်။ 
ငြိမ်းချမ်းရေး တည်ဆောက်မှုနဲ့ ပြင်ဆင်ရေးတို့ဟာ ပြိုင်တူ တိုးတက်ဖြစ်ထွန်းအောင်ဆောင်ရွက်ရမယ့်ကိစ္စများဖြစ်ပြီး တစ်ခုအောင်မြင်မှသာ နောက်တစ်ခုလည်းအောင်မြင်နိုင်ဖို့ရှိပါတယ်။ဒီတော့ အဲဒီကိစ္စနှစ်ခုစလုံးကို ၂၀၁၅ ရွေးကောက်ပွဲကာလနောက်ပိုင်းအထိ စိတ်ရှည်လက်ရှည်နဲ့ ဇွဲကောင်းကောင်းနဲ့ ဆောင်ရွက်ကြဖို့
အားလုံးက သံဓိဌာန်ချမှတ်ထားသင့်ပါတယ်။

နောက်တစ်ခုက ဆင်းရဲမွဲတေမှု ပပျောက်ရေးပါ။ လက်ရှိအစိုးရရဲ့ ဦးစားပေးလုပ်ငန်းကြီးတစ်ခုလည်းဖြစ်ပေမယ့် လောလောဆယ်အခြေအနေအထိ
ထိရောက်အောင်မြင်အောင်ဆောက်ရွက်ဖို့ ခက်ခဲနေဆဲ ပြသနာကြီးလည်းဖြစ်ပါတယ်။ ဆင်းရဲမွဲတေမှုကို မတိုက်ဖျက်နိုင်ဘဲနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆီ တက်လှမ်းဖို့မဖြစ်နိုင်ဘူးဆိုတာ အားလုံးအသိဖြစ်ပါတယ်။ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများအလုံးအရင်းနဲ့ဝင်ရောက်လာရေးဟာ ဒီပြသနာပြည်လည်ရေးအတွက် တော်တော် အရေးပါတဲ့ကိစ္စဖြစ်ပေမယ့် လောလောဆယ်အနေအထားကိုသုံးသပ်ရသလောက်တော့ ၂၀၁၅ ရွေးကောက်ပွဲ နောက်ပိုင်းမှသာ
ရင်းနှီးမြှုပ်နှံမှုများ သိသိသာသာ တိုးတက်လာမယ်လို့ ယူဆရပါတယ်။
( လူသားရင်းမြစ်ဖွံ့ဖြိုးတိုးတက်ရေးကိစ္စမှာ အခက်အခဲတွေရှိနေသေးတာကိုလည်း
ထည့်တွက်ကြဖို့လိုအပ်ပါမယ်။)

ဒီတော့ လောလောဆယ် ( ၂၀၁၅ မတိုင်ခင်မှာ ) စောစောကပြောတဲ့ 
အဓိက လုပ်ငန်းကြီးသုံးရပ်ကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်
နိုင်ကြဖို့ ဆိုတာ တော်တော်အခွင့်အလမ်းနည်းနေပြီလို့ပဲ ပြောရမှာဖြစ်ပါတယ်။
လာမယ့်၂၀၁၅ ရွေးကောက်ပွဲ နောက်ပိုင်းမှာ အဲဒီ အရေးကြီးလှတဲ့ လုပ်ငန်း
တာဝန်များကို အခုထက်အများကြီးပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ ဆိုရင် 
၂၀၁၅ ရွေးကောက်ပွဲကို အားလုံးက လက်တွေ့ကျကျ အာရုံစိုက်ပြီး
အောင်မြင်ချောမွေ့စွာ ကျင်းပ ပြီးစီးနိုင်ဖို့ အခုကတည်းကလုပ်ကိုင်သင့်ပြီဖြစ်ပါတယ်။ 
၂၀၁၅ ရွေးကောက်ပွဲ ကို အောင်မြင်ချောမွေ့စွာကျင်းပပြီးစီးနိုင်ရေးဆိုတာ
တပ်မတော်အပါအဝင် အင်အားစု အားလုံးရဲ့ အရေးကြီးတဲ့ လုပ်ငန်းတာဝန်ဖြစ်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲဟာ ကျင်းပပြီးစီးခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲ၊ ၂၀၁၀ ရွေးကောက်ပွဲ တို့နဲ့ များစွာကွာခြားမှုရှိမှာဖြစ်ပါတယ်။ အာဏာရပါတီနဲ့ (တိုင်းရင်းသားများအပါအဝင် )အတိုက်အခံတို့
လွတ်လပ်စွာ တရားမျှတစွာယှဉ်ပြိုင်ခွင့်ရအောင် ကြိုးပမ်းကြရမှာဖြစ်ပြီး အတိုက်အခံတို့ နိုင်ခြေများနေတယ်ဆိုတာ အားလုံးက သိရှိနားလည် လက်ခံထားပြီးလည်းဖြစ်သလို
တစ်ကယ်တမ်း အတိုက်အခံတို့ အနိုင်ရခဲ့ရင်လည်း ( ၁၉၉၀ နဲ့ လုံးဝမတူဘဲ ) အတိုက်အခံအစိုးရ ပေါ်ပေါက်လာမှာဖြစ်ပါတယ်။ 
၂၀၁၅ ရွေးကောက်ပွဲကို အောင်မြင်အောင်ကျင်းပပြီး ဖြတ်သန်းနိုင်မယ်ဆိုရင် မြန်မာ့ဒီမိုကရေစီတည်ဆောက်ရေးလုပ်ငန်းစဉ်ရဲ့ ကြီးမားတဲ့ အရေးပါတဲ့ ခြေတစ်လှမ်း လှမ်းနိုင်မှာဖြစ်တယ်ဆိုတာ အားလုံးက မျက်ခြေမပြတ်သင့်
ပါဘူး။ လောလောဆယ်အတိုက်အခံပါတီကြီးအနေနဲ့ အားသွန်ခွန်စိုက်ကြိုးစားဆောင်ရွက်နေတဲ့ အခြေခံဥပဒေပြင်ဆင်ရေး ကြိုးပမ်းမှုများ ထိထိရောက်ရောက် အောင်မြင်ဖြစ်ထွန်းဖို့
ဆိုရင် ၂၀၁၅ ရွေးကောက်ပွဲနောက်ပိုင်းမှာ အများကြီးမျှော်လင့်လို့ရနိုင်တယ်ဆိုတာလည်း မျက်ခြေမပြတ်သင့်ပါဘူး။ ဒီတော့ ပြင်ဆင်ရေးကိစ္စ လောလောဆယ်ဆောင်ရွက်နေမှုများကို
ပထမဦးစားပေးအဆင့်မှာထားမယ့်အစား ၂၀၁၅ ရွေးကောက်ပွဲ အောင်မြင်ရေးကိစ္စကို ဦးစားပေးဆောင်ရွက်မယ်ဆိုရင် အများကြီးပိုပြီး အကျိုးများမယ်ဆိုတာ မျက်ခြေမပြတ်သင့်ပါဘူး။

၂၀၁၅ ရွေးကောက်ပွဲအောင်မြင်ရေးဟာ အခြေခံဥပဒေအရ stakeholder အားလုံးက အလေးအနက်ထားရမယ့်ကိစ္စလည်းဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲကို တစ်နည်းနည်း
နဲ့ ဖျက်လိုဖျက်ဆီး လုပ်လိုသူ မည်သူမဆို မည်သည့်အဖွဲ့အစည်းမဆိုဟာ အခြေခံဥပဒေကို ထိပါးရာရောက်မှာဖြစ်တဲ့အပြင် ဒီမိုကရေစီတည်ဆောက်ရေးနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး
ကိုလည်း နှောက်ယှက်ဖျက်ဆီးရာရောက်မယ်ဆိုတာ အထူးတလည်ပြောဖို့လိုမယ်မထင်ပါဘူး။ 
၂၀၁၅ ရွေးကောက်ပွဲအောင်မြင်ရေးအတွက် ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက် ပါဝင်ကူညီရေး
ဆိုတာဟာ နိုင်ငံရေးသမားများအားလုံး၊နိုင်ငံသားအားလုံးနဲ့ တပ်မတော်ရဲ့ တာဝန်ဖြစ်ပါတယ်။ 
အထူးသဖြင့် အတိုက်အခံတို့အနေနဲ့ ပြင်ဆင်ရေးကို ၂၀၁၅ မတိုင်ခင်မှာ အာရုံစိုက်ပြီး
အတင်းတွန်းလုပ်ဖို့ကြိုးစားရင်း ရွေးကောက်ပွဲနဲ့ပတ်သက်လို့ပြင်ဆင်ဆောင်ရွက်ရမယ့်ကိစ္စတွေမှာ လစ်ဟင်းခဲ့မယ်ဆိုရင် ဒါဟာ အတိုက်အခံတို့အတွက်သာမက နိုင်ငံသားအားလုံးအတွက်
ထောက်ချောက်တစ်ခုဖြစ်သွားနိုင်ပါတယ်။ ဆိုလိုတာက ပြင်ဆင်ရေးကို ၂၀၁၅ မတိုင်ခင်မှာ ဘယ်လောက်ရနိုင်သလဲဆိုတာ တိုင်းတာတွက်ချက်ပြီး အနီးစပ်ဆုံးရရှိအောင်ကြိုးစားရင်း
တစ်ဖက်က ရွေးကောက်ပွဲကို အာရုံစိုက်မယ်ဆိုရင် ဒီမိုကရေစီနဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထိရောက်ဆုံးဖြစ်မှာဖြစ်ပေမယ့် အခြေခံဥပဒေပြင်ဆင်ရေးကို အာရုံစိုက်သင့်တာထက်ပိုစိုက်မိရင်
ရွေးကောက်ပွဲအတွက် ပြင်ဆင်ရေးမှာ ဟာကွက်များပေါ်ပေါက်နိုင်ပြီး ဒီမိုကရေစီအရေးဟာ နှောင့်နှေးသွားနိုင်တာဖြစ်ပါတယ်။တခြားကိစ္စတွေကို ဒုတိယဦးစားပေးအဖြစ်သတ်မှတ်ပြီး
ရွေးကောက်ပွဲကို အားလုံးက အာရုံစိုက် ဆောင်ရွက်နိုင်ကြရင် ( ဥပမာအားဖြင့် ပြင်ဆင်ရေးကို အားသွန်ခွန်စိုက်တွန်းလုပ်လို့ တွေ့ကြုံလာရနိုင်တဲ့ တပ်မတော်နဲ့အတိုက်အခံအကြား
အထင်အမြင်လွဲမှားမှုများကိုရှောင်ရှားနိုင်ပြီး ) တပ်မတော်နဲ့လူထု ပိုမိုစည်းလုံးညီညွတ်ရေးအတွက်နားလည်မှုတည်ဆောက်နိုင်ရေးကိုလည်း ကျွဲကူးရေပါဆောင်ရွက်ပြီးသားဖြစ်မှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပြီးစီးဖို့ဆောင်ရွက်နိုင်ရင် ၂၀၁၅ နောက်ပိုင်းမှာ 
၁။ အပစ်အခတ်ရပ်စဲရေးဟာ ခရီးအတော်အတန်ရောက်နေမှာဖြစ်လို့ ငြိမ်းချမ်းရေးအတွက် 
တစ်ဆင့်တက်ဆောင်ရွက်နိုင်တဲ့ အခြေအနေ 
၂။ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ အခုထက် ပိုမိုစီးဝင်လာမယ့်အခြေအနေ များဟာ အခြေခံဥပဒေပြင်ဆင်ရေးကိစ္စ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်မယ့်အခြေအနေသစ်နဲ့
သေချာပေါက် တစ်ချိန်ထဲ မှာ တိုက်ဆိုင်ဖြစ်ပေါ်လာမှာဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက်
အခြေခံဖြစ်တဲ့ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေး နဲ့ ဒီမိုကရေစီရေးအတွက် အခြေခံဖြစ်တဲ့ ငြိမ်းချမ်းရေးနဲ့ 
အခြေခံဥပဒေပြင်ဆင်ရေးတို့ဟာလည်း များစွာအရှိန်အဟုန်ပိုကောင်းလာဖို့ရှိပါတယ်။

ဒီတော့ သက်ဆိုင်တဲ့ stakeholder အားလုံးအပါအဝင် နိုင်ငံသားအားလုံးဟာ ပန်းတိုင်နဲ့
ပိုနီးနိုင်မယ့် ခြေလှမ်းသစ်တစ်ရပ်ကို ပိုင်ပိုင်နိုင်နိုင်လှမ်းနိုင်ဖို့ ၂၀၁၅ ရွေးကောက်ပွဲအတွက် 
အခုကတည်းက ပြင်ဆင်စရာရှိတာတွေကို ပြင်ဆင်ဖို့လိုအပ်ပါတယ်။ 
လက်တွေ့ကျတဲ့ အားထုတ်ကြိုးပမ်းမှုတွေကိုပဲရွေးချယ်ပြီး အာရုံစိုက်လုပ်ဆောင်သင့်ကြပါတယ်။ သန်းခြောက်ဆယ်ရဲ့vision ဟာ ဒီမိုကရေစီပေါ်ထွန်းရေးနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဖြစ်တယ်ဆိုရင် 
အဲဒီ ပန်းတိုင်ကိုမြန်မြန်ရောက်ဖို့ အတွက်၂၀၁၄ နဲ့ ၂၀၁၅ ခုနှစ်များမှာ အားလုံးရဲ့ mission ဟာ "၂၀၁၅ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေး " ဖြစ်ရမယ်လို့ ယူဆမိပါကြောင်း။ ။
From: - ပိုက်တင်

No comments:

Post a Comment