တူတူတန်တန် ပညာရေး မဟုတ်လို့ ဆိုသူကဆို၊ ကျောင်းတွေ မြို့ပြင် ထုတ်လို့ လို့ ပြောသူကပြော။ ကြည့်ရတာ မကျေနပ်သမျှ အကုန် ဒီပွဲမှာ ဆန္ဒထုတ်ဖော်ကြတယ် ထင်ပါရဲ့။
လှဝိုင်းတို့ နိုင်ငံမှာ သူ့အိုးနဲ့ သူ့ဆန် တန်တဲ့ အလုပ်တွေ တပုံကြီးပါ။ အခုဆို ပိုတောင် များသေး။ အဓိက,က အရည်အချင်း ရှိဖို့ပဲ လိုတာပါ။ ငါးဆယ်တန် အရည်အချင်းပဲ ရှိသူက ငါးဆယ်တန် အလုပ်ပဲ လုပ်ရတာ မဆန်းပါဘူး ဆိုသလိုပေါ့။
အရည်အချင်းရှိအောင် သင်မပေးမှတော့ ဘယ်လိုလုပ် အရည်အချင်းက ရှိလာမှာလဲ ဆိုရင် ဘုရားရှင် လက်ထက်တော်တုံးက နှင်းရည်ခံတဲ့ ပုံပြင်လေးကိုပဲ ပြန်ပြောပြပါရစေ။ အတူတူ ပညာသင်ယူနေတဲ့ တပည့်နှစ်ယောက်ကို အိုးတစ်လုံးစီ ပေးပြီး နှင်းရည်ခံခိုင်းလိုက်တာ တစ်ယောက်က နည်းနည်း၊ တစ်ယောက်က အိုးပြည့်လုပြည့်ခင် ရလာတယ် တဲ့။
အတူတူ ပညာသင်ယူကြတာချင်း အတူတူ သူတို့နှစ်ယောက်ရဲ့ ရလဒ် နှစ်ခု ဘာလို့ ကွာခြားသွားရတာလဲ ဆိုတော့ သင်ယူရတဲ့ ပညာရပ်အပေါ် စိတ်ဝင်စားမှုချင်း၊ လေ့လာမှုချင်း ကွာသွားလို့ပါပဲ။ ခု မျက်မှောက်ခေတ်မှာလဲ ဒီအတိုင်းပါပဲ။
ပညာရေးစနစ် ဘယ်လို နိမ့်ကျပါတယ်ပဲ ပြောပြော ကျောင်းတုံးက ကိုယ် လေ့လာ သင်ယူ ဆည်းပူးမှုအပေါ် မူတည်ပြီး ဘဝတွေ ကွာခြားကုန်ရတာပါ။ အင်ဂျင်နီယာဘွဲ့ရချင်း အတူတူတောင် တစ်ချို့က တစ်လ လေးငါးခြောက်သိန်း ဝင်တဲ့ အလုပ်အကိုင်ကို ရနေတဲ့အချိန်မှာ တစ်ချို့က အလုပ်မရှိဘဲ တဝဲဝဲလည်နေကြတာတွေ တပုံကြီး။ ဘာကြောင့်လဲ။
သူများတကာ လက်ချာဝင်နေချိန်မှာ လ္ဘက်ရည်ဆိုင် ထိုင်နေတဲ့သူ၊ ဖဲရိုက်နေတဲ့သူ၊ ဘီယာ သောက်နေတဲ့သူ ဆိုရင်တော့ ပဲပြုတ်ရောင်း၊ ဂျာနယ်ရောင်းရရုံတင် ဘယ်ကမလဲ။ ခွက်ဆွဲပြိး တောင်းစားရတဲ့ ဘဝမျိုးတောင် ရောက်သွားနိုင်ပါတယ်။ ဒါဟာ စနစ်ကြောင့်လား၊ လူကြောင့်လား ဆိုတာ တွေးကြည့်လို့ရပါတယ်။
မြန်မာနိုင်ငံရဲ့ ဘွဲ့က တန်းဝင်တဲ့ ဘွဲ့မဟုတ်ဘူး။ နိုင်ငံတကာ အဆင့်မမှီဘူး ဆိုရင် စင်ကာပူ သွားပြီး အလုပ်လုပ်နေကြတဲ့ အင်ဂျင်နီယာတွေ အိမ်ဖော် အလုပ်ပဲ လုပ်နေကြရမှာပေါ့။ စင်ကာပူမှာလဲ အင်ဂျင်နီယာဘွဲ့ ပိုက်ပြီး သန့်ရှင်းရေး၊ ညစောင့် လုပ်နေရသူတွေ ရှိပါတယ် ဆိုရင် ..... ဟုတ်ကဲ့ အဲဒါ သူနဲ့ ထိုက်တန်တဲ့ အလုပ်ကို လုပ်နေရတာလို့ မှတ်ပါတယ်။ အင်ဂျင်နီယာဘွဲ့ကို ရခဲ့သော်ငြားလည်း အင်ဂျင်နီယာတစ်ယောက်မှာ ရှိရမဲ့ အရည်အချင်းတွေ မရှိလို့ ပဲပြုတ်ရောင်း၊ ဂျာနယ်ရောင်းနေရတယ်လို့ မှတ်ပါတယ်။
အဝေးသင်နဲ့ပဲ ဘွဲ့ရရ၊ ဒေးနဲ့ပဲ ကျောင်းပြီးပြီး၊ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်ကပဲ ဆင်းဆင်း၊ ကျောင်းတုံးက ကိုယ်လေ့လာ သင်ယူခဲ့တဲ့အပေါ် မူတည်ပြီး ထိုက်တန်တဲ့ အလုပ်တစ်ခုခုကို လုပ်ကြရတာပါ။ အတူတူ တစ်တန်းတည်းထိုင်ပြီး စာသင်၊ ဘွဲ့အတူတူရခဲ့တဲ့ ကိုယ့် သူငယ်ချင်းက တစ်လ သိန်းချီရတဲ့ အလုပ်နဲ့ ရာထူးရနေချိန်မှာ ကိုယ်က ပဲပြုတ်ရောင်းနေရတယ် ဆိုရင် ကိုယ် အသုံးမကျတာလား၊ စနစ်ကြောင့်လား ကိုယ့်ဖာသာ ပြန်တွေးကြည့်။ ရှက်တတ်ရင် သေလို့တောင် ရတယ်လို့ပဲ ပြောချင်ပါတယ်။
အမလေး မိလှဝိုင်းရဲ့ ..... ညည်းပြောတဲ့ အလုပ်နဲ့ အကိုင်နဲ့ ဆိုတဲ့ လူစားမျိုးက လူနည်းစုပါအေ .....။ ဟုတ်ကဲ့ ပညာရပ်တစ်ခုကို သေသေချာချာ လေ့လာ သင်ယူခဲ့တဲ့ ကျောင်းသား အရေအတွက်ကလဲ လူနည်းစုပဲ ရှိခဲ့တာပါ။
စာမေးပွဲများကွာ ဘယ်လို ဖြေဖြေ အောင်ပါတယ် ဆိုပြီး အောင်ရုံလောက် အသေမှတ် အလွတ်ကျက် ဖြေခဲ့သူနဲ့၊ ဒီအဖြေ ဘာလို့ ရတာလဲ ဆိုပြီး အနုလုံ ပဋိလုံ စဉ်းစားလေ့လာပြီး ဖြေခဲ့တဲ့ ကျောင်းသား ဘယ်လိုမှ ရလဒ်ချင်း တူနိုင်စရာ မရှိပါဘူး။ ဒါဟာ စနစ်လား၊ လူလား။ တွေးကြည့်ပါ။
သမိုင်းမေဂျာ အဓိကနဲ့ ကျောင်းပြီးခဲ့တဲ့ လှဝိုင်း အစ်မ မန်နေဂျာ တစ်ယောက်ြဖစ်နေချိန်မှာ သူနဲ့ အတူတူ ကျောင်းတက်ခဲ့တဲ့ သူ့ သူငယ်ချင်းတစ်ချို့ အရက်သမား ဖြစ်နေရတာ၊ ဈေးရောင်းနေ ရတာ စနစ်ကြောင့်လား၊ လူကြောင့်လား။
ဘွဲ့မရ ကျောင်းမပြီးခဲ့တဲ့ လှဝိုင်းတစ်ယောက် ပညာရေးဂျာနယ် အယ်ဒီတာဖြစ်နေချိန်မှာ၊ နိုင်ငံခြား သား ကို မြန်မာစာ သင်ပေးနေတဲ့ ဆရာမ ဖြစ်နေချိန်မှာ လှဝိုင်းနဲ့ အတူတူ ကျောင်း တက်ပြီး ဘွဲ့ရခဲ့တဲ့ သူငယ်ချင်း တစ်ချို့ အလုပ်လက်မဲ့ ဖြစ်နေတာ စနစ်ကြောင့်လား၊ လူကြောင့်လား။
ကိုယ့်ကိုကိုယ် အမွန်းတင်ပြီး သူများကို နှိမ်နေတာ မဟုတ်ပါဘူး။ သိသာထင်ရှားအောင် ဥပမာ ပေးတာပါ။ ကိုယ်ပိုင် အရည်အချင်း မရှိလို့ အလုပ်မရတာ၊ ပဲပြုတ်ရောင်းရတာကို၊ ပညာရေး စနစ်ကြောင့်လို့ မအော်ပါနဲ့။ ကိုယ်အသုံးမကျကြောင်း ကိုယ့်အရှက်ကိုယ်ခွဲ နေသလိုပါပဲ။
ဘွဲ့ရပေမဲ့ ပဲပြုတ်ပဲ ပြုတ်တတ်တဲ့သူဟာ ပဲပြုတ်သည်ပဲ ဖြစ်လာပါလိမ့်မယ်။ ဆိုက္ကားပဲ နင်းတတ်တဲ့သူက ဆိုက္ကားသမားပဲ ဖြစ်လာပါလိမ့်မယ်။ ကွန်ပျူတာ ကိုင်တတ်တဲ့သူက ကွန်ပျူတာ ပညာရှင် ဖြစ်လာပါလိမ့်မယ်။ ဒီဇိုင်းဆွဲတတ်သူက ဂရပ်ဖစ်ဒီဇိုင်နာ ဖြစ်လာပါလိမ့်မယ်။ ဒါ စနစ်ကြောင့်လား၊ လူကြောင့် (ကိုယ်ပိုင် အရည်အချင်းကြောင့်) လားဆိုတာတော့ ........... ဟုတ်ကဲ့
ပညာရဲရင့် ပွဲလယ်တင့်နိုင်ကြပါစေ ....
လှဝိုင်း (နည်းပညာ)
No comments:
Post a Comment