Friday, April 25, 2014

ယုံအောင်လဲပြောပါ မှန်တာလဲပြောပါ

    ဂွမ်မော်နဲ့ဗွီအိုအေ တွေ့ဆုံမေးမြန်းခန်းကိုဖတ်လိုက်ရပါတယ်။ဂွမ်မော်က ပြော
တယ်၊ပြီးခဲ့တဲ့ အောက်တိုဘာလမှ မြစ်ကြီး
နားဆွေးနွေးပွဲမှာ နှစ်ဖက်တိုက်ပွဲတွေ ကို လျှော့ချဖို့ဆိုတဲ့ ကတိက၀တ်ရှိ ပါတယ်။ ဒီကတိတွေရှိရက်နဲ့ တိုက်ပွဲတွေဖြစ်တယ် ဆိုတာ ဆွေးနွေးမှုအပေါ် အများကြီး အနှောင့် အယှက် ပေးနိုင်ပါတယ် လို့ ပြောသွားခဲ့ပါ တယ်။ ပေးထားတဲ့ ကတိတွေကို ဖျက်တာ ဘယ်သူပါလဲ။ ကေအိုင်အေကလား၊ တပ်မတော်က လား၊ တပ်မတော်ဆိုတာ ကတိသစ္စာနဲ့ လုပ်ရတာပါ ။ ပြောတဲ့အတိုင်း လုပ်တယ်၊ လုပ်တဲ့ အတိုင်း ဘဲပြောတယ်။ နိုင်ငံတော်သတင်းစာမှာ ပါတဲ့ ထုတ်ပြန်ရေးသားချက်တွေဟာ အမှန်တရားတွေပါ ။ လုပ်ကြံရေးတာ၊ မဟုတ်တာ ပြောတာ တစ်ခုမှ မပါ ပါဘူး။ တပ်မတော်မှ ဗိုလ်မှူး တစ်ဦးအပစ်ခံရလို့ ကျဆုံးခဲ့တာလဲ အမှန်အကန်ပါဘဲ။ ဆင်ဝှေ့ ရန်ရှောင် လျှောက်ပြောနေမယ့်အစား ဘာကြောင့်ဖြစ်တယ်ဆိုတာ ၀န်ခံဖို့လိုပါတယ်။


   ငြိမ်းချမ်းရေးအတွက် ပြည်သူလူထုအကျိုးစီးပွားအတွက် အသည်းခံနိုင်ဆုံး သည်းခံပြီး ဆောင်ရွက်ခဲ့ပါတယ်။ တပ်မတော်အနေနဲ့ သတ်မှတ်ထားတဲ့ နေရာမှာ ကေအိုင်အေကို အနှောင့်အယှက်မပေးပါ။ သဘောတူစည်းကမ်းချက်တွေ မချိုးဖောက်ပါ ။ တပ်မတော် အနေနဲ့ စည်းကမ်းတကျ နေထိုင်လုပ်ကိုင် ဆောင်ရွက်ပါလျက် ကိုယ်ထိလက်ရောက် ကျူးကျော်စော်ကားရင်တော့ ပြည်သူ့အကျိုးစီးပွားကို ဦးထိပ်ပန်ဆင်ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းပီပီ သက်စွန့်ကြိုးပမ်း ဆောင်ရွက်ရမဲ့ တာဝန်ရှိပါတယ် ။တစ်ဖက်က ငြိမ်းချမ်းရေးရဲ့ ကတိစကားရှိပါလျှက် တပ်မတော်ကအရာရှိမှန်းလဲ သိပါလျှက် တပ်မတော်ကို နားရွက်တံတွေးဆွတ်တဲ့ အလုပ်မျိုးတော့ ဘယ်သူကလက်ခံမှာလဲ။ မလွှဲ မရှောင်သာလို့ တိုက်ရတဲ့အခါ ကန့်သတ်ချက်ဆိုတာရှိပါတယ် ။ ကန့်သတ်ချက် ဘောင် ထဲဝင်သွားရင် တပ်မတော်အနေနဲ့ မလုပ်နိုင်တာမရှိပါ ။ မလုပ်သင့်လို့ ထိန်းသိမ်းတာဘဲ ရှိတယ်။ လိုင်ဇာကို အချိန်မရွေးတိုက်နိုင်ပါတယ် ။ အထက်ကသာ အမိန့်ပေးလိုက်ပါ။ နာရီပိုင်းအတွင်းမှာ လိုင်ဇာကို အပြီးသိမ်းလို့ရပါတယ်။ တပ်မတော်က အမိန့်ကိုနာခံ ပါတယ်။ လိုင်ဇာကို မသိမ်းပါဘူးလို့ ကတိအတိုင်း လိုက်နာခဲ့ပါတယ်။ ဒါဟာ ငြိမ်းချမ်းရေးကို လိုလားလို့ပဲ ဖြစ်ပါတယ်။

   အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးလိုက်ရုံနဲ့ ငြိမ်းချမ်းရေးရရှိပြီလို့ ယူဆလို့ မရနိုင်ကြောင်းနဲ့ သဘောတူ လက်မှတ်ထိုးတာဟာ ငြိမ်းချမ်းရေးဖော်ဆောင်ရေးရဲ့ တစ်စိတ်တစ်ပိုင်းသာဖြစ်တယ်လို့ ဂွမ်မော်က ပြောပါတယ်။ ဒါဟာ ငြိမ်းချမ်းရေးကို လိုလားလို့မဟုတ်ဘူး ။ မဖြစ်မနေလက်မှတ် ထိုးဆိုရင်တော့ ထိုးမယ်။ ထာဝရ ငြိမ်းချမ်း ရေးအတွက်ကတော့ သူတို့လိုချင်တဲ့ တောင်းဆိုချက်တွေ မရမချင်း အချိန်ဆွဲနေအုံးမယ် လို့ ပြောတာနဲ့ အတူတူပါဘဲ။ ကေအင်န်ယူလို အမှန်တကယ်ငြိမ်းချမ်းရေးလိုချင်တဲ့ အဖွဲ့အစည်းကတော့ ဒါမျိုးမဟုတ်ပါ။ ငြိမ်းချမ်းရေးအတွက် လက်မှတ်ရေးထိုးပြီး ကတည်းက ဘာတိုက်ပွဲမှ မရှိတော့ပါ ။ ထာဝရငြိမ်းချမ်းရေးအတွက်လဲ ပြင်ဆင် ဆောင်ရွက်နေသလို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့လည်း အသင့်ရှိနေပါတယ်။ ကေအိုင်အေသဘောထားနဲ့ ပြောင်းပြန်ဖြစ်နေတယ်ဆိုတာ သိဖို့လိုပါတယ်။ အပြော တစ်မျိုး၊ အလုပ်တစ်မျိုး အခုတစ်မျိုး တော်ကြာတစ်မျိုး၊ ဂွမ်မော်ကတစ်မျိုး၊ ဂမ်ရှောင်က တစ်မျိုး၊ အင်ဘန်လနဲ့ ဇောင်းဟရားက တစ်မျိုးဆိုရင်တော့ ဘယ်လိုလုပ်ကြမလဲ။ တပ်မတော်က အနေသာကြီးပါ။ ပေးအပ်တဲ့ တာဝန်အတိုင်း လုပ်သွားမှာပါ ။ ထူးပြီး တော့လဲ အခက်အခဲမရှိသလို မလုပ်နိုင်တာလဲ မရှိသလို မဖြစ်နိုင်တာလဲ မရှိပါ ။ ကေအိုင်အေရဲ့ လွဲမှားတဲ့ အယူအဆတစ်ခုကြောင့် ကချင်ပြည်သူလူထုအတွက် ဒုက္ခ ပင်လယ်ဝေရတဲ့အဖြစ်မျိုးကတော့ မဖြစ်စေလိုပါ ။

ဒါကြောင့် ဂွမ်မော်ကို ပြောချင်တာကတော့ ငြိမ်းချမ်းရေးကို မျှော်လင့်စောင်စား နေတဲ့ ပြည်သူလူထုအတွက် ယုံအောင်ပြောပါ ၊ တကယ်လက်တွေ့ ဖြစ်စဉ်တွေအပေါ်မှာ မှန်အောင်လဲပြောပါလို့ ဆိုလိုက်ပါရစေ ။


ဦးမာဃ (တောင်ငူ)

No comments:

Post a Comment