Wednesday, April 2, 2014

ဦးရဲထွဋ်(နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ)နှင့်တွေ့ဆုံခြင်း


နိုင်ငံတော်သမ္မတရုံးကထုတ်ပြန်လိုက်သော
 နိုင်ငံ့ ၀န်ထမ်းများ ငွေကျပ်သုံးသိန်းနှင့်အထက် ပို၍ အကန်တော့ခံလျှင် အရေးယူမည်ဆိုသည့် ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး အငြင်းပွားမှု အ ချို့ထွက်ပေါ်ခဲ့သဖြင့် အဆိုပါ သတ်မှတ် ချက် အပေါ်မတူညီသည့်ရှုထောင့်မှသဘော
ထားအမြင်များကိုသိရှိစေရန် နိုင်ငံတော်သမ္မတ ၏ ပြောရေး ဆိုခွင့် ရှိသူ ဦးရဲထွဋ်နှင့် တွေ့ ဆုံမေးမြန်း ကောက်နုတ် ဖော်ပြ အပ်ပါသည်။
“ဒါကြိုဆိုရမယ့်ကိစ္စပါ၊ အမနာပပြောပြီး ဝေဖန်ရမယ့်ကိစ္စမျိုးမဟုတ်ပါဘူး”
ဦးရဲထွဋ်(နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ)နှင့်တွေ့ဆုံခြင်း
Voice : နိုင်ငံတော်သမ္မတက အစိုးရအရာရှိတွေလက်ဆောင်ပစ္စည်းရယူတဲ့အခါ ကျပ်သုံးသိန်း ထက်ပိုရင် အရေးယူ မယ်လို့ ညွှန်ကြားထားတယ်ဆိုတော့ ဘာကြောင့်ဒီလို သတ်မှတ်တာလဲ သိ ပါရစေ။
UYH : ဂျာနယ်တွေက ရေးတာက မှားနေတာ။ ဒီတန်ဖိုးသတ်မှတ်မှု ဟာ ပြည်ထောင် စု လွှတ်တော် က ပြဋ္ဌာန်းထား တဲ့ လာဘ်ပေးလာဘ်ယူမှုနဲ့ သက်ဆိုင်တဲ့ဥပဒေကို အဓိပ္ပါယ်ဖွင့်တာ မဟုတ်ပါဘူး။ စီးပွားရေး စနစ် ပြုပြင်ပြောင်းလဲမှု ကြောင့်ပြည်တွင်းပြည်ပကလုပ်ငန်း ရှင်တွေ နဲ့ ပြည်ထောင် စုဝန်ကြီး၊ ဒုဝန်ကြီးတွေ၊ ပြည်နယ်တိုင်းဒေသကြီး ၀န်ကြီးချုပ် တွေ၊ ၀န်ကြီးတွေ၊ ဌာနဆိုင်ရာ အကြီးအကဲတွေ ထိတွေ့မှု များလာတဲ့အခါမှာ လိုက်နာသင့်တဲ့ ကျင့်ဝတ်တစ်ခုအနေနဲ့ သတ်မှတ် တာဖြစ်ပါတယ်။
အထူးသဖြင့် တွေ့ဆုံပွဲတွေ၊ ကျွန်တော်တို့ဆီက နိုင်ငံခြားသွားတဲ့အခါမှာ သက်ဆိုင်ရာ ကုမ္ပဏီတွေက လက်ဆောင်ပစ္စည်းပေးတာတွေရှိတယ်။ လက်ဆောင်ပစ္စည်းတွေက တန်ဖိုးတွေ အရမ်းကြီးမားနေရင် ကိုယ့်ဘက်ကဘယ်လောက်ပဲမျှမျှတတ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆုံးဖြတ်ပေ မယ့်လည်း အများပြည်သူက သံသယ၀င် နိုင်စရာအကြောင်းတွေ ရှိတဲ့အတွက် နိုင်ငံတကာက သတ် မှတ်ထားတဲ့ ဥပဒေတွေ၊ ညွှန်ကြားချက်တွေကိုလေ့လာပြီး ဒေါ်လာ ၃၀၀ ဆိုတဲ့စံကိုယူပြီး သုံးသိန်း ထက်မပိုတဲ့ ပစ္စည်းတွေကိုပဲ ယဉ်ကျေးမှုအရ လက်ခံပါ။ အဲဒီထက်ပိုတာ လက်မခံပါနဲ့လို့ သတ်မှတ် တာဖြစ်ပါတယ်။
Voice : ခုပြောကြားတာက အမေရိကန်ပြည်ထောင်စုမှာဆို ဒေါ်လာ ၁၀၀ ထက်ပိုတဲ့ လက်ဆောင် ပစ္စည်းယူခွင့်မရှိဘူး ဆိုတော့ စံသတ်မှတ်မှုက ဘယ်လိုကွာပါသလဲ။
UYH : အမေရိကန်မှာဒေါ်လာ ၁၀၀ ဆိုတာတော့ ဘယ်ညွှန်ကြားချက်လဲကျွန်တော်မတွေ့ဘူး။ အစိုးရအဖွဲ့ကတော့ ၀န်ကြီးဦးစိုးသိန်းတို့ လေ့လာတဲ့အခါမှာ အာရှနိုင်ငံအများစုကိုကြည့်ပြီး ၃၀၀ ဆိုတဲ့စံကို ယူလိုက်တယ်လို့သိတယ်။ နှစ်မျိုးရှိတယ်။ ကိုယ်ကပေးတဲ့အခါလည်း အများကြီးဖြစ်လို့ မကောင်းသလို ယူတဲ့အခါမှာလည်း အများကြီးမဖြစ်ရဘူး ပေါ့။
Voice : ကျပ်သုံးသိန်းအထိ တရားဝင်လာဘ်စားခွင့်ပြုလိုက်တာနဲ့ အတူတူပဲလို့ပြောကြတော့ နည်းနည်းထပ်ရှင်းပြ ပေးပါ။
UYH : အဲဒါကတော့ စာနယ်ဇင်းတွေရဲ့ ရေးသားမှု မှားယွင်းတဲ့အပေါ် လိုရာဆွဲပြောတာ။ ကျွန်တော်တို့က လာဘ်ပေးလာဘ်ယူမှု အဓိပ္ပါယ်ဖွင့်တာမဟုတ်ဘူး။ ကျင့်ဝတ်ကိုပြောနေတာ။ စာ နယ် ဇင်းမှာဆိုလည်း ကုမ္ပဏီတွေက ကျင်းပတဲ့ အခမ်းအနားတွေမှာ လက်ဆောင်ပစ္စည်းယူဖို့ မယူ ဖို့နဲ့ပတ်သက်လို့ ကျင့်ဝတ်တွေရှိတယ်လေ။ အဲဒီသဘော ပါပဲ။
ဌာနဆိုင်ရာအကြီးအကဲတစ်ယောက်က တန်ဖိုးကြီးတဲ့ ပစ္စည်းကို ယူလိုက်တယ်။ ပြီးတော့ အဲဒီ ကုမ္ပဏီပါဝင် ပတ်သက်တဲ့ ကိစ္စတစ်ခုကို ဆုံးဖြတ်တဲ့အခါ မှန်မှန်ကန်ကန် ဆုံးဖြတ်သော်ငြား သံသ ယ ရှိလို့ အတိုင်ခံရရင် ကျွန်တော် တို့က စုံစမ်းစစ်ဆေးတယ်ဆိုပါတော့။ အဲဒီမှာ သူ့ဆုံးဖြတ် ချက်က အဂတိလိုက်စားမှု မမြောက်ဘူး။ လုပ်ထုံးလုပ်နည်းနဲ့ အညီ လုပ်တယ်ဆိုပေမယ့်လည်း ဒီဘက်မှာ အထင်မှားစရာ ယူထားတာ တွေ့မယ်ဆိုရင် အုပ်ချုပ်မှု နည်းလမ်းအရ အတိုင်းအတာ တစ်ခုအထိ သတိပေးတာ၊ အပြစ်ပေးအရေးယူတာ ဖြစ်လာမှာပေါ့။
ဥပဒေကို အဓိပ္ပါယ်ဖွင့်တာမဟုတ် ဘူး။ ဥပဒေကတော့ အလကားလုပ်ပေးလည်း အဂတိလိုက် စားမှု ဖြစ်တာပဲ၊ ငွေကြေးနဲ့မဆိုင်ဘူး။ ကိုယ့်သားသမီး အတွက် ကိုယ်လုပ်ပေးတာဆို လည်း ပြစ် မှုမြောက်တာပဲ။
Voice : ဒါဆိုလက်ဆောင်ပစ္စည်းနဲ့ ပတ်သက်လို့ အခု သတ်မှတ်ချက်ကို ချိုးဖောက်မှု ရှိ မရှိကို ဘယ် လို စိစစ်အရေးယူ မယ်ဆိုတာသိပါရစေ။
UYH : စိစစ်မှုကတော့ ဒါကိုသတ်မှတ်ထားတယ်။ မလိုက်နာကြောင်းတွေ့ရင် ဒါမှမဟုတ် တိုင်ကြား မှုရှိလို့ စိစစ် တွေ့ရှိရင် အုပ်ချုပ်မှုနည်းလမ်း၊ စီမံခန့်ခွဲမှုနည်းလမ်းနဲ့ ပြောဆို အရေးယူ ရတာဖြစ် လာမှာပါပေါ့။
Voice : ခုဒီသတ်မှတ်မှုက ၀န်ထမ်းအားလုံးနဲ့ သက်ဆိုင်တယ်လို့တော့ ပြောလို့မရဘူးပေါ့။
UYH: ပြည်ထောင်စုအစိုးရကအဖွဲ့ထုတ်တဲ့စာမှာ နိုင်ငံတော်အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုကြောင့်
 နိုင်ငံခြားအစိုးရ အဖွဲ့ဝင်တွေ၊ ပြည်တွင်းပြည်ပ လုပ်ငန်းရှင်တွေက ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန် ကြီးတွေ၊တိုင်းဒေသကြီးပြည်နယ်အစိုးရ၀န်ကြီးချုပ်၊၀န်ကြီးတွေကိုရင်းနှီးမြှပ်နှံမှုကိစ္စလာရောက်ေ ဆွးနွေးတဲ့အခါအလုပ်သဘောအရလက်ဆောင်ပစ္စည်းပေးတဲ့အခါတန်ဖိုးကြီး တာတွေ မယူပါနဲ့လို့ ဌာနဆိုင်ရာ အကြီးအကဲ တွေကို ပြောထားတာပါ။
Voice : အရင်အချိန်ကရော ဒီလိုတားမြစ်မှုနဲ့ပတ်သက်လို့ ဘယ်လိုပုံစံရှိခဲ့ပါလဲ။
UYH : လမ်းစဉ်ပါတီခေတ်တုန်းကတော့ ချစ်ကြည်ရေးခရီးသွားတဲ့အခါတွေမှာပဲဖြစ်ဖြစ်၊ အလုပ် ကိစ္စဆွေးနွေးတဲ့ အခါဖြစ်ဖြစ် တန်ဖိုးသတ်မှတ်ချက်တော့မရှိပေမယ့် အဖိုးတန်ပစ္စည်းရ လို့ရှိရင် ပါတီဌာနချုပ်ကိုအပ်ရမယ်လို့ သတ်မှတ် ခဲ့တာရှိတယ်။
Voice : လုပ်ငန်းရှင်တွေကြားမှာ ဌာနဆိုင်ရာတွေနဲ့ ပတ်သက်ပြီး ဂါရ၀လက်ဆောင်အဖြစ် တန်ဖိုး သိန်းရာဂဏန်းထိ ပေးကြတာတွေရှိလို့ ပြောကြတဲ့အပေါ်မှာရော ၀န်ကြီးဘာများ မှတ်ချက်ပေး ချင် ပါလဲ။
UYH : အဲဒါတွေက ညွှန်ကြားလိုက်တော့ လက်ခံလို့မရဘူးဆိုတာ ရှင်းသွားတာပေါ့။ လူမှုရေး အကြောင်းပြတာတို့ ဘာတို့ လုပ်လို့မရတော့ဘူး။ ဥပဒေအရ လုပ်ထုံးလုပ်နည်းမှန်ကန်ရင်တောင် ကျင့်ဝတ် အရ မူဝါဒသတ်မှတ်တဲ့ အရာရှိ တွေအနေနဲ့ ငြိစွန်းနိုင်တဲ့ သဘောသက်ရောက် သွား တာပေါ့။
Voice : ဒီမှာက ယဉ်ကျေးမှုဓလေ့ထုံးတမ်းအရ သီတင်းကျွတ်လို အခါမျိုးမှာ ဂါရ၀ပြုကန်တော့ တာတွေမှာပါ အကျုံး ၀င်သွားမှာလား။
UYH : အဲဒီလိုဖြစ်သွားမှာပေါ့။ ဒီမှာတော့ ပြည်တွင်းပြည်ပ လုပ်ငန်းရှင်တွေလို့ ရေးထားတာပေါ့။ အကျုံးဝင်မှာပါ။ ဒီလိုသတ်မှတ်ပြီဆိုကတည်းက ဒါသည် မူဝါဒချမှတ်တဲ့နေရာမှာ သြဇာလွှမ်းမိုးမှု မရှိအောင် ဆိုတော့ စံတစ်ခုဖြစ်သွား မယ်။ ကျွန်တော်တို့ကိုယ်တိုင်ကအစ စာအုပ်တို့၊ ကွန်ပျူတာဝါ သနာပါလို့ ကွန်ပျူတာပစ္စည်းလေးတွေ ပေးတာမျိုးက စပြီး ဒီစံနဲ့ ကြည့်ရတော့မှာပေါ့။
Voice : လုပ်ငန်းရှင်တွေနဲ့ မဟုတ်ဘဲ အစိုးရယန္တရားအတွင်းမှာရှိတဲ့ ဌာနဆိုင်ရာအဆင့်ဆင့်သော ၀န်ထမ်းတွေရဲ့ အကြားမှာတော့ သတ်မှတ်မှုက ဘယ်လိုရှိပါမလဲ။
UYH : အဲဒါကို ဒီညွှန်ကြားချက် စာထဲမှာတော့ မပါဘူး။ ဒါပေမယ့် လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်တဲ့ဥပဒေအရ ဆိုရင် ပစ္စည်းတန်ဖိုးနဲ့ သတ်မှတ်တာမဟုတ်ဘဲ လုပ်ရပ်နဲ့ သတ်မှတ် တာဖြစ် တဲ့ အတွက် တစ်ပြားမှမယူဘဲ လုပ်ပေး လည်း ဘက်လိုက်ရာကျရင် အရေးယူခံရမှာပဲ။
အားလုံးနဲ့ဆိုင်တာကတော့ ဥပဒေနဲ့ဆိုင်သွားမယ်၊ ကျွန်တော်တို့ ပြောနေတာက ကျင့်ဝတ်အလို့ငှာ လိုက်နာဖို့ ဖြစ်တယ်။ ဒါလုပ်လိုက်တာသည် အစိုးရအနေနဲ့ ဥပဒေကြောင်းအရတင် မဟုတ်ဘဲ ကျင့်ဝတ်ပိုင်းဆိုင်ရာအရပါ မူဝါဒချမှတ်တဲ့သူတွေအနေနဲ့ လိုက်နာသင့်တယ်ဆိုတာ ပြတဲ့အတွက် ပိုပြီး တော့ သန့်ရှင်းသောအစိုးရဖြစ်ရေး၊ ကောင်းမွန်သော အုပ်ချုပ်မှုစနစ် ပေါ်ထွန်းရေးမှာ အထောက်အကူ ဖြစ်မယ်လို့ ယုံကြည်ပါတယ်။
ဒါကြိုဆိုရမယ့်ကိစ္စပါ။ အမနာပ ပြောပြီး ဝေဖန်ရမယ့်ကိစ္စမျိုး မဟုတ်ပါဘူး။
(နော်ကိုကို)

No comments:

Post a Comment