Saturday, April 26, 2014

သန်းရွှေ ဗေဒ

တာဝန်ကနေ အပြီးအပိုင် အနားယူသွားပြီဖြစ်တဲ့ ဦးသန်းရွှေနဲ့ ပတ်သက်လို့ မီဒီယာမျက်နှာစာတွေမှာ အပေါစား တောရမ်းမယ်ဖွဲ့ ပုဂ္ဂိုလ်ရေးဆန်ဆန် အရေးအသားကအစ၊ မှန်တစ်ဝက်၊ မှားတစ်ဝက် ခပ်တည်တည် ခပ်ဖိန့်ဖိန့် ရေးသားတင်ပြချက်တွေ အလယ်၊ ဓားသွားပမာ တိကျသေသပ်တဲ့ ပညာရှင်၊ အကယ်ဒမစ်တွေရဲ့ သုံးသပ်ချက်တွေအဆုံး အခွင့်အခါသင့်ရင် သင့်သလို ပေါ်ထွက်လာလေ့ရှိပါတယ်။

၂ဝ၁ဝ ပြည့်နှစ်နှောင်းပိုင်းကာလတွေမှာ အာဏာရပါတီရဲ့ ထိပ်တန်းတာဝန်ရှိသူတွေဟာအနားယူသွား ပြီဖြစ်တဲ့ ဦးသန်းရွှေနဲ့ပတ်သက်လို့မီဒီယာတွေရဲ့ မေးခွန်းထုတ်မှုတွေကိုမကြာခဏဆိုသလို ရင်ဆိုင်ကြရပါ တယ်။ ဒီမေးခွန်းတွေကို ပြန်လည်ဖြေကြားချက်တွေဟာ သူ့ရှုထောင့်နဲ့သူ၊ သန်ရာသန်ရာ အယူအစွဲတွေနဲ့ အနက်ဖွင့်ဆိုခြင်းလည်း ခံရပါတယ်။

မူလကဖြေကြားသူက ပေးချင်တဲ့အချက်အလက်နဲ့ သွေဖည်အံချော်သွားတဲ့ အနက်ဖွင့်ဆိုတင်ပြမှုတွေ လည်း မကြာခဏဆိုသလို ဖြစ်ပျက်သွားတတ်တာကို တွေ့မြင်ရပြန်ပါတယ်။

(ဗိုလ်ချုပ်မှူးကြီးဟာ နိုင်ငံတော်ကို အင်မတန်မှ သံယောဇဉ်ရှိပါတယ်။) ဒီစကားဟာ လွန်ခဲ့တဲ့နှစ်နှစ် ကျော်က မီဒီယာတစ်ခုရဲ့ အမေးတစ်ခုကို အာဏာရပါတီရဲ့ ထိပ်တန်းတာဝန်ရှိသူရဲ့ ပြန်လည်ဖြေကြားချက်ပါ။ သို့ပေမယ့် ဒီစကားကိုအနက်ဖွင့်ဆိုတဲ့ သူတွေကတော့ဦးသန်းရွှေဟာ အာဏာစွဲကိုင်ထားလိုသူအဖြစ် ပုံဖော်ခဲ့ကြပါတယ်။

(သူစာဖတ်နေတယ်။) ဒါကတော့ ယခုသမဝါယမဝန်ကြီးတာဝန်ကို ထမ်းဆောင်နေတဲ့ ဦးကျော်ဆန်း တစ်ယောက် ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်ကပြည်ပမီဒီယာတစ်ခုရဲ့ အင်တာဗျူးမှာ ပြန်လည်ဖြေကြားခဲ့တဲ့ စကားတစ်ခွန်းပါ။ ဒီဖြေကြားချက်ကို ပြည်ပကနေ ရန်ကုန်အခြေစိုက်လာတဲ့မီဒီယာ တစ်ခုက အပေါစားဆန်ဆန်သရုပ်ဖော်ခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဦးသန်းရွှေရဲ့ အကြောင်းခြင်းရာဒါမှမဟုတ် ဦးသန်းရွှေဗေဒဟာလူတိုင်းအတွက် အသိရခက်တဲ့ပုစ္ဆာတစ်ပုဒ်ပါ။ နိုင်ငံတော်အကြီးအကဲဟောင်း ဦးသန်းရွှေရဲ့ ဆောင်ရွက်မှုတွေကို ချစ်ခြင်း၊ မုန်းခြင်းအလျဉ်းကင်းပြီး လေ့လာကြည့်ရင်မျက်မှောက်ကာလရဲ့ နိုင်ငံရေးဖြစ် ထွန်းမှုအတွက် ကောင်းသော ပျိုးထောင်မှုကို စတင်ပေးနိုင်ခဲ့တယ်လို့ ယူဆနိုင်ပါတယ်။ တစ်နည်းပြောရရင် ဦးသန်းရွှေ ရွှေ့ခဲ့တဲ့အကွက်တွေ၊ ချမှတ်ဆောင်ရွက်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေဟာ ယနေ့ဖြစ်ထွန်းနေတဲ့တိုးတက်မှု တွေကို တိုက်ရိုက်၊ သွယ်ဝိုက် မြေတောင် မြှောက်နိုင်တဲ့အထိသက်ရောက်မှုအား ကြီးပါတယ်။ အုပ်ချုပ်ရေး မြို့တော်ကို ရန်ကုန်ကနေ နေပြည်တော်ကို ပြောင်းရွှေ့တည်ထောင်ပစ်တာ၊ Road Map ကိုတစ်ဆင့်ပြီး တစ်ဆင့်၊ ဗျူဟာတွေတစ်ရစ်ပြီးတစ်ရစ် ချည်နှောင်သိုင်းဝိုင်းပြီး ကိုယ်လိုချင်တဲ့ အခြေအနေတစ်ရပ်ကို ဖန်တီးနိုင်ခဲ့တာတွေကမှတ်သားလောက်စရာပါ။ ၂ဝဝ၄ ခုနှစ်မှာ အမျိုးသားထောက်လှမ်းရေး ဗျူရိုကိုဖျက်သိမ်း ပစ်ဖို့ ဆုံးဖြတ်လိုက်တာကတော့ ကြောက်မက်ဖွယ်ရာအကောင်းဆုံးနဲ့ ရင်သပ်ရှုမောဖွယ်အကောင်းဆုံး ဆုံးဖြတ်ချက်လို့ ပြောနိုင်ပါတယ်။ အကြောင်းကတော့ဒီဆုံးဖြတ်ချက်ဟာ အခန့်မသင့်ရင် တပ်မတော်ကိုပြိုကွဲ သွားစေနိုင်လို့ပါပဲ။ သို့ပေမယ့် ဒီအရေးဟာ တည်တည်ငြိမ်ငြိမ်နဲ့ ပြီးဆုံးသွားပါတယ်။

ဦးသန်းရွှေဟာ နိုင်ငံတော်အာဏာကို အလွန်ညင်သာသိမ်မွေ့စွာနဲ့ လွှဲပြောင်းပေးနိုင်ဖို့အတွက် အစီအမံတွေများစွာ ပြုလုပ်ခဲ့ပုံရပါတယ်။ ဒီနေရာမှာ အလေးအနက်ဖော်ပြရမှာက သူဟာ လူရွေးမှန်ခဲ့ပါတယ်။ သူ့လက်ထက် အလွန်မှာနိုင်ငံရဲ့တာဝန်ကို ထမ်းဆောင်မယ့်အရေးပါဆုံး အဖွဲ့အစည်း လေးခုဖြစ်တဲ့ အစိုးရ၊ လွှတ်တော်၊ ပါတီ၊ စစ်တပ်တွေမှာ ဦးဆောင်မယ့် ခေါင်းဆောင်တွေကို အတတ်နိုင်ဆုံး လူမှန်၊ နေရာမှန် ရွေးချယ်ခဲ့တာကလည်း နောက်ပိုင်းမှာ အလွန်တရာ အကျိုးများခဲ့ပါတယ်။ အထင်ရှားဆုံးကတော့ နိုင်ငံတော် သမ္မတအဖြစ် ဦးသိန်းစိန်ကိုရွေးချယ်တာဝန်ပေးခဲ့ခြင်းပါပဲ။

ဦးသန်းရွှေဟာ အပြီးအပိုင်အနားယူသွားတာမှန်ပေမယ့် လက်ရှိထိပ်တန်းခေါင်းဆောင်တွေမှာ သြဇာ ရှိနေတုန်းပါပဲ။ ဆရာတစ်ဦးရဲ့ အသုံးအနှုန်းအရဆိုရင် သူ့မှာ passive influence ရှိနေပါတယ်။ ပြီးတော့ သူဟာ hegemony ပါ။ ဦးသန်းရွှေဟာ လက်ရှိအာဏာရအသိုင်းအဝိုင်းရဲ့ စိတ်ပိုင်းဆိုင်ရာ ခေါင်းဆောင်မှု နေရာမှာ ရှိနေပါသေးတယ်။ ဒီလိုဖြစ်နေတာကလည်းကောင်းပါတယ်။ အကြောင်းကတော့အာဏာရ အသိုင်းအဝိုင်းကြား အုပ်စုအသီးသီးတွေရဲ့ အားပြိုင်မှုကို ချိန်ခွင်လျှာ ညှိယူပေးနိုင်လို့ပါပဲ။

ကျော်ခန့်



Credit-http://www.thetradetimesmedia.com/?p=4672

No comments:

Post a Comment