Monday, April 7, 2014

ခွေးဆိုတာ တုတ်ကိုပဲကြောက်တယ်





ရဲကျော်သူရ

ယျေဘူယျအားဖြင့် ကိုယ့်နိုင်ငံကိုယ် လူတိုင်းချစ်တယ်လို့ ကျွန်တော်ယုံကြည် ပါတယ်။ ယျေဘူ ယျအားဖြင့်လို့ ပြောရ တာက တိုင်းပြည်နဲ့လူမျိုးမျက်နှာမကြည့်ဘဲ ဘယ်သူတေတေ ငတေမာ ရင်ပြီးရော ဆိုတဲ့ လူမျိုးတွေလည်း ရှိတတ် လို့ပါ။

ဒီလိုပဲ စစ်ဘက်၊ နယ်ဘက် အမှုထမ်း၊ အရာထမ်းတွေအားလုံးဟာလည်း ကိုယ့်တိုင်းပြည် ကိုယ် ချစ်ကြတာပါပဲ။ အားလုံးဟာ မိမိတို့ ကျွမ်းကျင်တဲ့ ပညာရပ်ကို အသုံးပြုပြီး ကာယ၊ ဉာဏအား နဲ့ နိုင်ငံတော်တာဝန်ကိုထမ်းဆောင်နေ ကြတဲ့သူချည်းပါပဲ။

ဒါပေမဲ့ လူ့စရိုက်သဘာဝအရ ကိုယ့်အလုပ်ကိုယ် အကောင်းဆုံးလို့ ထင်တတ်ကြတဲ့ အစွဲအ လန်းလေးတွေတော့ ရှိတတ်ကြစမြဲပေါ့။ မိမိကျွမ်းကျင်ရာပညာရပ်နဲ့ အသက်မွေးဝမ်းကျောင်း အလုပ်ကို တန်ဖိုးထားတာ အပြစ်မဟုတ် ပါဘူး။ ကိုယ့်အလုပ်ကိုယ် တန်ဖိုးထားရပေမပေါ့။

တပ်မတော်သားတစ်ယောက်ဖြစ်ခဲ့ဖူးတဲ့အတွက် ကျွန်တော်ဘယ်တော့မှ နောင်တ မရပါဘူး။ အခုခေတ်လိုသာ ကျောင်းပြန်ထားပေးတယ်ဆိုရင် ကျွန်တော်ထွက်ဖို့ကြိုး စားမှာတောင်မဟုတ်ဘူး။

တပ်ထဲက သားဖွားခန်းမှာမွေး၊ တပ်ထဲကပဲစားပြီးကြီးပြင်း၊ အရွယ်ရောက်တော့ စစ်သားဖြစ်လာတဲ့ ကျွန်တော်ဟာ တပ်ကအပြီးထွက်ရတော့မယ့် ညမှာ သူငယ်ချင်းတွေနဲ့ တစ်ညလုံးနီးပါး စကားတွေထိုင်ပြောပြီး ခြင်ထောင်ထဲမှာ မျက်ရည်ကျခဲ့တယ်။

သုံးယောက်ပေါင်းလို့ ၇ တန်းမအောင်တဲ့ကောင်တွေဆိုတဲ့ စည်းမဲ့ကမ်းမဲ့ အမနာပ စကားတွေ၊ ဗြူရိုကရက်ဉာဉ် မပျောက်တဲ့ အရာရှိဆိုးတချို့ရဲ့ ချိုးနှိမ်ဆက်ဆံမှုတွေကြောင့် ကျွန်တော်တပ်ကထွက်ခဲ့ပေမဲ့ တပ်ကို အမြဲသတိရ နေတယ်။

ဘယ်နေရာမှာတော့ တိုက်ပွဲတွေအကြီးအကျယ်ဖြစ်နေပြီကြားရင် ကိုယ့် တပ်မတော် အောင်ပွဲခံတဲ့သတင်းကိုပဲကြား ချင်နေမိတယ်။ တပ်မတော်ရဲ့ စွမ်းရည်၊ ဂုဏ်သိက္ခာ စတာတွေကို ချိုးချိုးဖဲ့ဖဲ့ပြောရင် မခံချင်စိတ်နဲ့ အမြဲခွန်းတုံ့ပြန် မိတယ်။ ကျွန်တော့်ရဲ့သွေးထဲမှာ စစ်သွေးတွေ စီးဆင်းနေမှာပေါ့…၊ တောင်ငူ ၄ မိုင် သနက ၆ သားဖွားခန်းမှာ ကျွန်တော့်ကိုချက်ကြိုးဖြတ်မွေးဖွားပေးခဲ့တာ တပ်မတော်သားဖွား တပ်ကြပ်ကြီးကိုယ်တိုင်လေ…။

နယ်ဘက်ဝန်ထမ်းဖြစ်ဖြစ်၊ စစ်ဘက်ဝန်ထမ်းဖြစ်ဖြစ် နိုင်ငံတော် တာဝန်ထမ်းဆောင် ရတာ၊ တိုင်းပြည်ကိုချစ်ကြတာ အတူတူပဲဆိုတာ ကျွန်တော်လက်ခံပါတယ်။ ကိုယ် တတ်တဲ့ အသက်မွေးဝမ်းကျောင်းပညာနဲ့ တိုင်းပြည်ကို အလုပ် အကြွေးပြုကြတာပါ။

မတူတဲ့အချက်က နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်ရတဲ့ တပ်မတော်သားတွေဆိုတာက နယ်ဘက် ဝန်ထမ်းတွေလို တတ်ကျွမ်းတဲ့ပညာကို အရင်းတည်ပြီး ကာယ၊ ဉာဏအားနဲ့ လုပ်ကိုင်ဆောင်ရွက်ရတဲ့ အပြင် လူတိုင်း မလုပ်နိုင်တဲ့ "အသက်" ကိုရင်းထားရတာပါပဲ။

ဘဝမှာ လူတိုင်းမြတ်နိုးတာ အသက်ပါ။ စစ်သားတွေနဲ့ တခြားသူတွေ ကွာခြားတဲ့ အချက်က ဒီအချက်ပါပဲ။ ငါ့နိုင်ငံ တော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက် ငါ၏အသက်ကို စွန့်လွှတ်ရန် အဓိဌာန်ပြုပါ၏ ဆိုတာ လူကြားကောင်း အောင် အော် ဆိုနေတာ မဟုတ်ပါဘူး။

ကျွန်တော်တို့ချစ်တဲ့ သူငယ်ချင်းတွေ၊ ရဲဘော်ရဲဘက်တွေကို မြန်မာပြည်တနံတလျားက
တောတောင်ရှိုမြောင်တွေ ကြားမှ မထားချင်ဘဲ ကျွန်တော်တို့ထားခဲ့ကြရတယ်။

ကျွန်တော်တို့အားလုံးအတွက် ရန်သူ့လက်ပစ်ဗုံးတွေပေါ် ကိုယ့်ကိုယ်ကိုယ်အသေခံပြီး ဝမ်းလျားမှောက် ကာကွယ်ခဲ့ တဲ့ ရဲဘော်တွေ၊ ကျွန်တော်တို့ဘေးကင်းစွာ ဆုတ်ခွာနိုင်ဖို့ ဘယ်သူ့တိုက်တွန်းမှုမှမပါဘဲ အနစ်နာခံပြီး တစ်ယောက် တည်း အသေခံကာကွယ် ရစ်တဲ့ ရဲဘော်တွေ၊ ကျွန်တော်တို့ ဆန်ပြုတ်ပြုတ်သောက်နေရတဲ့အချိန်မှာ ထမင်းလေး ချက်ကြွေးရင် ဘယ်တော့မှ မစားတဲ့ ကျွန်တော်တို့ရဲ့တပ်မှူးတွေ၊ အရာရှိတွေ စသဖြင့် အဲဒီရဲဘော်ရဲဘက်တွေရဲ့ သစ္စာတရားကို ဘယ်လိုအဖွဲ့အစည်းကမှ လိုက်မမီဘူး ဆိုတာတော့ ကျွန်တော်ရဲရဲကြီးပြောရဲပါတယ်။

ကောင်းပြီ…ဒါဆို မင်းတို့စစ်တပ်ကြီးက ခြောက်ပစ်ကင်းသဲလဲစင်ကြီးပေါ့လို့ ငေါ့လာရင် အဖြေရှိပါတယ်။ ဟုတ်ကဲ့ လူတွေပဲဗျာ အကောင်းအဆိုးဒွန်တွဲနေတာပေါ့။ အတ္တကြီး တဲ့ ဗြူရိုကရက်အရာရှိတွေ၊ လက်နက်ကိုင်ပြီးမောက်မာ တတ်တဲ့ စစ်သည်တွေ၊ တရား ဥပဒေကို ချိုးဖေါက်တဲ့သူတွေ ရှိတာပေါ့ဗျာ။ ဒါပေမဲ့ အဲဒီလူတွေကို စစ်တပ်က အကာ အကွယ်ပေးထားတယ်ဆိုတဲ့ စွပ်စွဲချက်ကိုတော့ လုံးဝ (လုံးဝ) ငြင်းပါတယ်။ တပ်မတော် ဟာ ရာဇဝတ်မှုကျူးလွန်တဲ့ ဘယ်အရာရှိ၊ စစ်သည်ကိုမဆို ဥပဒေနဲ့အညီ အရေးယူ အပြစ်ပေးလေ့ရှိပါတယ်။

ကျွန်တော်တို့ နိုင်ငံကျင့်သုံးခဲ့တဲ့ စနစ်နဲ့ တပ်မတော်ရဲ့ လုပ်ငန်းသဘာဝကြောင့် ထုတ်ပြန်ကြေညာခြင်း မရှိခဲ့တာပါ။

အခု ကချင်ပြည်နယ်မှာ သန်းခေါင်စာရင်းကောက်တဲ့အဖွဲ့ကို လုံခြံရေးလုပ်ပေးတဲ့တပ်က ဒုတပ်ရင်းမှူး ဗိုလ်မှူး တစ်ယောက်ကျ သွားတယ်။ ဗိုလ်မှူးမျိုးညွန့်စိုးတဲ့။ ကျွန်တော့်ညီလေးတစ်ယောက်ဆုံးရှုံးသွားသလို ခံစားရတယ်။ ဒါ…ငြိမ်းချမ်းရေး အတွက် ဆွေးနွေးနေတဲ့ အချိန်တဲ့လား။ မဖြစ်ချင်ရင် သူတို့ရှောင်နေလို့ရတာပဲ။

လူမျိုးစု ၁၃၅ မျိုးစုပေါင်းနေထိုင်တဲ့ တိုင်းပြည်မှာ ဒီလောက်အမြင်ကျဉ်းမြောင်းနေမှတော့ ဘာမှညှိလို့ရမှာ မဟုတ် ပါဘူး။ သည်းခံတယ်ဆိုတာ အတိုင်းအတာရှိပါတယ်။

ကျွန်တော်တို့ရဲဘော်တွေချောင်းပစ်ခံရတယ်။ ကျွန်တော်တို့ရဲဘော်တွေ မိုင်းဆွဲခံရတယ်။ ကျွန်တော်တို့ရဲဘော်တွေ ခေါင်းဖြတ်ခံရတယ်။


ABSDF မြောက်ပိုင်းက ကျောင်းသားတွေ ခွေးလိုဝက်လို အသတ်ခံရကတည်းက ကျုပ်ဒီကောင်တွေကို အစာကြေတာမဟုတ်ဘူး။ ခွေးတိရိစ္ဆာန်ကောင်တွေ။
အချိန်မရွေးဘူး။ ကြိုးတုပ်ပြီးမှ ခေါင်းဖြတ်ရဲတဲ့ ပိန်းဥစားတဲ့ကောင်တွေကို တစ်ယောက်ချင်းတေ့ပြီး ဓါးချင်းယှဉ်ထိုးရဲတယ်။

ခွေးဆိုတာ တုတ်ကိုပဲကြောက်ပါတယ်။

ရဲကျော်သူရ

No comments:

Post a Comment