Thursday, April 3, 2014

အပူဒဏ် အန္တရာယ် ကာကွယ်ရေး နှိုးဆော်ချက်

ယခုအခါ နွေရာသီ ရောက်လာပြီ ဖြစ်သဖြင့် ရာသီဥတု ပူပြင်းလာပြီ ဖြစ်ပါသည်။
ထိုအပူဒဏ်ကြောင့် ချွေးထွက်လွန်ပြီး ခန္ဓာကိုယ် အတွင်းရှိ ရေနှင့် ဓာတ်ဆားများ ဆုံးရှုံးမှု များပြားသည်။ ထိုသို့ ဆုံးရှုံးမှုကြောင့် မိတ်နှင့် ယားဖုများ ထွက်ခြင်း၊ ပင်ပန်း နွမ်းနယ်ခြင်း၊ မူးမော်ခြင်း၊ ကြွက်တက်ခြင်း၊ ချွေးခြောက်ပြီး ကိုယ်အပူချိန် တက်ခြင်း၊ သတိလစ်ခြင်းတို့ အပြင် အသက်အန္တရာယ် စိုးရိမ်ရသော အခြေအနေအထိ ဖြစ်တတ်သည်။
လိုက်နာဆောင်ရွက်ရန်
သို့ဖြစ်၍ အပူဒဏ်ကြောင့် မလိုလားအပ်သော အကျိုးဆက်များ မဖြစ်ပေါ်စေရန် အောက်ပါ အချက်အလက် များကို လိုက်နာကြရန် နှိုးဆော် အပ်ပါသည်။
(၁) နံနက် ၁ဝ နာရီမှ ညနေ ၅ နာရီအတွင်း လွင်တီးခေါင်ပြင်၊ မြစ်ကမ်းနား၊ ရေဆိပ် စသည်တို့တွင် ရေချိုးခြင်းမှ ရှောင်ကြဉ်၍ အရိပ်ရ အေးမြသော နေရာများတွင် နေပါ။
(၂) နေပူထဲမှ ပြန်လာပြီး ချက်ချင်း ရေချိုးခြင်းမှ ရှောင်ကြဉ်ပါ။
(၃) နေပူထဲတွင် ပြင်းထန်သော ကိုယ်လက် လှုပ်ရှားမှုများ မပြုလုပ်သင့်ပါ။
(၄) အရက်သောက်ခြင်းသည် အပူဒဏ် အန္တရာယ်ကို ဖြစ်ပေါ် လွယ်စေခြင်းနှင့် ဖြစ်ပွားပါက ပြင်းထန်စွာ ခံစားရခြင်းကြောင့် ရှောင်ကြဉ် သင့်ပါသည်။
(၅) နေ့ခင်းဘက် အပြင်ထွက်သည့် အခါတိုင်း အရိပ် လုံလောက်စွာ ရရှိနိုင်သည့် ထီး၊ ဦးထုပ်များ ဆောင်းပါ။
(၆) အလင်းရောင်ပြန်သော အဖြူရောင် သို့မဟုတ် အရောင်ဖျော့ဖျော့ အဝတ်အထည်များကို ဝတ်ဆင်ပါ။
(၇) ပွပွချောင်ချောင် ချည်ထည်များကို ဝတ်ဆင်ပါ။
(၈) ချွေးထွက်လွန်ပါက ကိုယ်တွင်းရှိ ရေနှင့် ဓာတ်ဆားဆုံးရှုံးမှုကို ပြန်လည် ဖြည့်တင်းနိုင်ရန် ဓာတ်ဆားရည် သောက်ပါ။
(၉) ကိုယ်အပူချိန် တက်ပါက ရေအေးဖတ် နိုင်နိုင် တိုက်ပါ။
(၁ဝ) ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ အခံရှိသူများ၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများ အနေဖြင့် နေ့လယ် နေ့ခင်းတွင် အရိပ်ရ၍ လေဝင်လေထွက် ကောင်းသော နေရာမျိုး၌ နားနေပါ။
(၁၁) မိတ်ဖု၊ ယားနာများထွက်ပါက ရေအေးဝတ် ကပ်ခြင်း၊ သနပ်ခါး လိမ်းခြင်းတို့ကို ပြုလုပ်ပါ။
(၁၂) အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ ကိုယ်အပူချိန် တက်ခြင်း၊ သတိလစ်ခြင်းနှင့် အတက်ရောဂါ ဖြစ်လျှင် ဆေးရုံအရောက် နောက်ကျပါက အသက် ဆုံးရှုံးနိုင်သဖြင့် ဆေးရုံသို့ အမြန်ဆုံး ပြသကြရန် နှိုးဆော်အပ်ပါသည်။
ကျန်းမာရေး ဝန်ကြီးဌာန

No comments:

Post a Comment