Saturday, April 26, 2014

တရုတ်ကလက်နဲ့ရေး CIA ကခြေနဲ့ဖျက် ကျားရှေ့ မှောက်ရက်လဲ သောက်ရှက်ကွဲမဲ့ ကေအိုင်အေ

ဓာတ်ပုံ- KIA ဂွမ်မော် အမေရိကန် ရောက်စဉ်    ပြည်တွင်းငြိမ်းချမ်းရေးအတွက် အားလုံးကြိုးပမ်းဆောင်ရွက်နေတဲ့အချိန် တပ်မတော်ကလဲ ငြိမ်းချမ်းရေးအတွက် အထူးလိုလားပြီး လမ်းဖွင့်ပေးထားရုံမက လက်နက်ကိုင် တိုင်းရင်းသားအဖွဲ
အစည်းများနဲ့ ဆွေးနွေးညှိနှိုင်းဆောင်

ရွက်နေတဲ့အချိန် ပြည်သူတွေရဲ့ ငြိမ်းချမ်းရေးအတွက် မျှော်လင့်နေတဲ့ အသံများကြားနေရတဲ့အချိန် ငြိမ်းချမ်းရေးနှစ်သစ်အတွက် မျှော်လင့်ချက်ရောင်ခြည်တွေသန်းနေတဲ့အချိန်မှာ ကေအိုင်အေဘက် 
က စတင်ဖောက်ပြန်လာပါပြီ ၊ ငြိမ်းချမ်းရေးတေးသံကို မဆိုချင်တော့ လို့ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်တဲ့ စကားတွေ ပြောလာပါပြီ ။

ကေအိုင်အေ/ ကေအိုင်အိုအဖွဲ့ကို ဘယ်လိုနားလည်ရမလဲ ။ ခေါင်းမာတယ်ဘဲ ပြောရမလား၊ အယူတိမ်းတယ်ဘဲ ဆိုရမလား၊ ကချင်ပြည်နဲ့ ကချင်ပြည်သူလူထုအကျိုးကို မျက်ကွယ်ပြုတဲ့ တယူသန်တဇောက်ကန်း မျိုးချစ်မျက်ကန်း လက်တစ်ဆုပ်စာကြောင့် ဒုက္ခပင်လယ်ဝေရတယ်ဘဲ ဆိုရမလားဘဲ ။

၁၇ နှစ်ကြာ ငြိမ်းချမ်းရေးတည်ဆောက်ခဲ့ပြီး ငြိမ်းချမ်းနေတဲ့ ကချင်ပြည်နယ်ကို အရုပ်ဆိုး အကျည်းတန်စေပြီး လမ်းတွေမိုင်းထောင်၊ တံတားတွေမိုင်းခွဲ၊ ဆက်ကြေး ကောက်၊ လူသတ် မိုက်ချက်က ကမ်းကုန် ယမ်းငွေ့ တွေဝေပြီး ကချင်ပြည်နယ်ကို အမှောင်တိုက်ထဲ ဆွဲသွင်းခဲ့တဲ့ ကေအိုင်အေ၊ တပ်မတော်ကို ဖားတုလို့ခရုခုန် ပခုံးချင်း ယှဉ်ချင်တဲ့ ကေအိုင်အေ နောက်ဆုံးမှာတော့ တပ်မတော်ရဲ့ ခြေဖ၀ါးအောက်မှာ လက်မြှောက် အရှုံးပေး စခန်းတွေကျပြီး လိုင်ဇာကို တပ်မတော်က မသိမ်းလို့ ကျန်ခဲ့ရတဲ့ အခြေအနေမျိုး ရောက်ခဲ့ရတဲ့ဘ၀၊ ဒါကိုပင် နောင်တမရဘဲ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး အတွက် လက်မှတ်မထိုးဘူးလို့ အော်လိုအော်၊ တပ်မတော်က ကတိမတည်ဘဲ စစ်ပွဲတွေ ဖန်တီးနေသလို ပြောလိုပြော၊ တပ်မတော်နဲ့ နိုင်ငံတော်ရဲ့ စေတနာကို သဘောမပေါက် တန်ဖိုးမထား၊ ကျွဲပါးစောင်းတီး၊ သူခိုးက လူဟစ်၊ မဖြစ်ညစ်ကျယ်၊ နွားခြေရာခွက်ကို သမုဒ္ဒရာထင်ပြီး မရှိမဲ့ ရှိမဲ့ အင်အားလေးနဲ့ လက်နက်လေးနဲ့ သင်္ကြန်အမြောက်လို အော် ချင်တိုင်းအော်၊ တော်တော်လေး သနားစရာ ကောင်းတာကတော့ အမှန်ပါဘဲ။

ပြီးခဲ့တဲ့ ၂၀၁၁ ဇွန်လမှ စတင်ခဲ့တဲ့ ကေအိုင်အေနဲ့ တပ်မတော် ဖြစ်ခဲ့တဲ့ တိုက်ပွဲ မှာ ၂၀၁၂ ဒီဇင်ဘာလ၊ ၂၀၁၃ ဇန်န၀ါရီလမှာ အပြင်းထန်ဆုံးဖြစ်ပွားခဲ့ပြီး ကေအိုင်အေရဲ့ စခန်းတွေ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့အပြင် လူ၊ လက်နက် မြောက်များစွာ ဆုံးရှုံးလို့ စစ်ပွဲကို ဖန်တီးနိုင်တဲ့ တိုက်ခိုက်နိုင်စွမ်းမရှိတော့တဲ့ အခြေအနေကို ရောက်ခဲ့တာအမှန်ပါ၊ ဒီအခြေအနေမှာ တပ်မတော်ကဘဲ သဘောထားကြီးစွာနဲ့ ငြိမ်းချမ်းရေးအတွက် လမ်းဖွင့် ပေးလို့ စစ်ပွဲတွေရပ်ခဲ့ရတာပါ။ စစ်ရေးအရ တပ်မတော်ကို ဘယ်လိုမှ မယှဉ်နိုင်တာ အမှန်ပါ။ လူ၊ လက်နက်ချင်း မယှဉ်နိုင်သလို စိတ်ဓာတ်ချင်းလည်း မယှဉ်နိုင်ပါ။ တပ်မတော်က တစ်သွေး တစ်သံ တစ်မိန့်နဲ့ ဘာမဆို လုပ်ရဲကိုင်ရဲ လုပ်နိုင်ကိုင်နိုင်မယ့် ကေအိုင်အေထဲမှာ အမိန့်မနာခံလို့ တစ်ပြေးထဲပြေး၊ အဓမ္မလူသစ်စုထားတဲ့ မူးယစ်ဆေးစွဲ နောက်လိုက်တွေနဲ့၊ တရုတ်နဲ့ ထိုင်း၊ စင်္ကာပူမှာ အိမ်တွေဆောက် ပြေးဘို့ ခြေလှမ်းပြင် နေတဲ့ ခေါင်းဆောင်တွေနဲ့ ပွဲမပျက်အောင် မနည်းထိန်းထားတဲ့ အခြေအနေမျိုးပါ ။



နိုင်ငံခြားရောက်နေတဲ့ တစ်ယူသန် တစ်ဇောက်ကန်း ကချင်မျက်ကန်း မျိုးချစ် တွေက လွတ်မြောက်တဲ့ ၀မ်ပေါင်နိုင်ငံ ကချင်နိုင်ငံထူထောင်ရေး ကြွေးကြော်ပြီး မြှောက် ပေးပေမယ့် တကယ်တိုက်ပွဲဝင်ရတဲ့ အောက်ခြေတပ်သားတွေကတော့ စိတ်ဓာတ်ကျ နေတာအမှန်ပါ ။ ဒါကြောင့်လဲ တပ်မတော်နဲ့ဖြစ်တဲ့ တိုက်ပွဲတွေမှာ အမိန့်မနာခံလို့ ဂမ်ရှောင်ကိုယ်တိုင်သေဒဏ်ပေးဖို့လုပ်တာ ၃၆ ယောက်ရှိပါတယ်။ နောက်ဆုံး ကေအိုင်အိုက ကြားဝင်လို့ သေဒဏ်မပေးဘဲ အဖွဲ့အစည်းအတွင်း စိတ်ဝမ်းကွဲရတဲ့ အဖြစ်မျိုးနဲ့ ဂမ်ရှောင်လဲ စစ်ဦးစီးချုပ်က ပြုတ်ဖို့ တဲတဲလေး ကျန်တဲ့အဖြစ်မျိုးရောက်ခဲ့ ရတာ အားလုံးအသိပါ ။ လက်ရှိအခြေအနေမှာ အထက်က ဘယ်လိုဘဲ စစ်တိုက်ချင်ပေမဲ့ အောက်ခြေက ဘယ်လိုမှ စစ်မတိုက်ချင်၊ စစ်မတိုက်ရဲတဲ့အပြင် စစ်တိုက်နိုင်တဲ့ အခြေ အနေမျိုးလဲ မရှိလို့ မချစ်လို့သာ အောင့်ကာနမ်း ငြိမ်းချမ်းရေးအတွက် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအတွက် လက်မှတ်မထိုးချင်ပေမဲ့လည်း ထိုးရမဲ့အခြေအနေမျိုးပါ ။ ထာဝရ ငြိမ်းချမ်းရေး ဆိုတာတော့ ရဖို့ မလွယ်ပါ၊ ကေအိုင်အေ/ ကေအိုင်အိုမှာ လက်ရှိလုပ်နေတဲ့ အင်ဘန်လ၊ ဇောင်းဟရား၊ ဂမ်ရှောင်တို့ရှိနေသမျှ ယခင်အခြေအနေမျိုးအတိုင်း သွားမှာ အမှန်ကန်ပါဘဲ၊ ဂွမ်မော်ဆိုတာလဲ အရုပ်တစ်ခုပါ၊ ပြောခိုင်းတဲ့အတိုင်း ပြောရတဲ့ ကြိုးဆွဲ ရုပ်သေးရုပ်ပါဘဲ ။

နယ်စပ်ဒေသတည်ငြိမ်ရေးအတွက် ကေအိုင်အေကို တရုတ်က ဖိအားတွေပေးခဲ့ ပါတယ်။ ငြိမ်းချမ်းရေးအတွက် လမ်းကြောင်းတွေချပေးခဲ့ပါတယ်။ အာရှရေးရာ သံတမန် အဖြစ် မစ္စတာ ၀မ်ရီဖန်ကိုခန့်ပြီး ကေအိုင်အေနဲ့ နိုင်ငံတော်အစိုးရကြားမှာ ကြားဝင် စေ့စပ်ရေး ဆောင်ရွက်ခဲ့ပါတယ်။ တရုတ်ကလည်း မြန်မာနိုင်ငံကို မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံအဖြစ် သတ်မှတ်လို့ ကေအိုင်အေတို့ ထင်သလို မဖြစ်လာခဲ့ရုံမက တရုတ် ကလည်း ကေအိုင်အေကို မထောက်ခံခဲ့ပါဘူး။ တရုတ်က အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရာမှာတောင် အမေရိကန်တွေနဲ့ အနောက်နိုင်ငံတွေပါတာကို လက်မခံ ပါဘူး။ ကေအိုင်အေနဲ့ နိုင်ငံတော်အစိုးရ နှစ်ဦးသဘောတူ ဖြေရှင်းစေချင်တယ်။ နယ်စပ် ဒေသတည်ငြိမ်မှုကို တရုတ်က အလေးထားချင်ပါတယ်။

လက်ရှိအခြေအနေမှာတော့ ကေအိုင်အေက တရုတ်ကဖြစ်စေချင်သလိုမဟုတ်ပါ။ အမေကျော် ဒွေးတော်လွမ်းပြီး အမေရိကန်ကို ဆွဲထည့်ချင်ပါတယ်။ အမေရိကန် စီအိုင်အေကလည်း နဂိုထဲက အကြံနဲ့ဆိုတော့ ကေအိုင်အေကို အိတ်ထဲထည့်ချင်နေ ပါတယ်။ ဂွမ်မော် အမေရိကန်သွားတာ မပြောလိုပါ။ သို့သော်လည်း အမေရိကန်ကို အားကိုးတဲ့သဘောနဲ့ တရုတ်ကို အာခံတဲ့သဘောဆိုရင်တော့ ကေအိုင်အေဟာ ကျား ရှေ့ မှောက်ရင်လဲပြီး ကျားစာဖြစ်တော့မှာတော့ အသေချာပါဘဲ။ ငြိမ်းချမ်းရေးလက်မှတ်ထိုး ခါနီး အမေရိကန်ဆီက ရသမျှအမြတ်ဘဲလို့တွက်ရင်တော့ ရသမျှအမြတ်တွေက တရုတ် လက်ထဲအပ်ရမှာဘဲ၊ သနားတယ်……. သနားတယ်….. သနားပါတယ်လို့ဘဲ ဆိုပါရစေ။

CIA က ကြားဝင်လို့ CIA စကားနားထောင်ပြီး ငြိမ်းချမ်းရေးမယူဘဲ ပြောင်းပြန် လုပ်ရင်တော့ မဟာအမှားတစ်ခုကို ကျူးလွန်ခဲ့ရုံမက တရုတ်က သနားလို့ နယ်စပ်မှာ ခိုလှုံခွင့် နားလည်မှု ပေးထားတဲ့ဘ၀က နားခိုရာမဲ့ပြီး ပျောက်သောလမ်းမှာ စမ်းတ၀ါးနဲ့ ကေအိုင်အေ/ကေအိုင်အိုရဲ့ နေ၀င်ချိန်ဟာ မဝေးတော့ဘူးလို့ ပြောပါရစေ ။

အခုအချိန်မှာ ကေအိုင်အေအတွက် ရွေးချယ်ရမယ့်လမ်းကတော့ တစ်လမ်းပါဘဲ။ နိုင်ငံတော်နဲ့ တပ်မတော်က ရွှေလက်နဲ့ခေါ်တဲ့အချိန်မှာ လာပါ။ မောင်မောင်လို့ ခေါ်တဲ့ အချိန်မှာ ဗျာထူးလှည့်ပါ။ လေတစ်လုံး မိုးတစ်လုံး လေလုံးထွားတာတွေ ရှောင်ပါ ။ မရှက် ပါနဲ့တော့။ အဖွဲ့အစည်းရဲ့ သိက္ခာနဲ့လဲပါ ။

သိက္ခာမရှိရင် လူဖြစ်သော်လည်း လူလို့ သတ်မှတ်လို့ မရသလို အဖွဲ့အစည်းဟာလဲ ဘာတန်ဖိုးမှ မရှိနိုင်တော့ပါ။ အရှက်တကွဲနဲ့ အကျိုးမနည်းစေချင်လို့ ပွင့်ပွင့်လင်းလင်းဘဲ ပြောပါရစေ။ ကျားရှေ့ လဲ မှောက်ရက်မလဲမိပါစေနဲ့၊ သောက်ရှက်လဲ မကွဲရအောင် နိုင်ငံတကာလဲ အားမကိုးပါနဲ့ ။ အမေရိကန် အားကိုးပြီး တရုတ်ကို အာခံလို့ အမေကျော် ဒွေးတော်လွမ်းလဲ မဖြစ်ပါစေနဲ့လို့ ဆိုပါရစေ။

မပြေးသော်လည်း ကာရန်ရှိ မဆိုစကောင်း ဆိုစကောင်းနဲ့ ပြောရရင်တော့ ကိုယ့်သေတွင်း ကိုယ်မတူးမိပါစေနဲ့လို့ စေတနာကောင်းနဲ့ သတိပေးလိုက်ပါတယ်။

ဒီရဲဂျာ(မြစ်ကြီးနား)

No comments:

Post a Comment