Wednesday, November 20, 2013

သူပုန် စစ်ခေါင်းဆောင်ရဲ့ တစ်ကိုယ်တော် သတင်းစာရှင်းပွဲ ဘယ်လို အဓိပ္ပါယ် ကောက်မလဲ

အစိုးရနဲ့ အပစ်ရပ် လက်မှတ်ရေးထိုး
ထားခြင်း မရှိသေးတဲ့ ကေအိုင်အေ 
ကချင်ပြည်လွတ်လပ်ရေး တပ်ရဲ့ 
ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် နိုဝင်ဘာ
 ၁၇ ရက်နေ့က ရန်ကုန်ကို လေကြောင်း
ခရီးနဲ့ ရောက်လာပါတယ်။ အဓိကကတော့ 
ထိုင်းနိုင်ငံ ချင်းမိုင်မှာ လုပ်မယ့် တိုင်းရင်း
သား လက်နက်ကိုင် တပ်ဖွဲ့ခေါင်းဆောင်တွေ နဲ့ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ ရဲ့ တွေ့ဆုံပွဲကို မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ တရားဝင် သွားဖို့အတွက် ရန်ကုန်ကို
အရင် ရောက်လာတာပါ။ ရန်ကုန်မှာ နိုင်ငံကူးလက်မှတ်လုပ်မယ်၊ ထိုင်း ဗီဇာ လျောက်မယ်၊ သတင်းစာရှင်းလင်းပွဲ လုပ်မယ်၊ ကချင် တိုင်းရင်းသားတွေနဲ့ တွေ့မယ် စတဲ့ အစီအစဉ်တွေ ရှိတယ်လို့ သိရပါတယ်။ တကယ်တော့ ကေအိုင်အေ ဗိုလ်ချုပ်ဂွမ်မော်ရဲ့ ရန်ကုန် ခရီးစဉ်ဟာ ထူးခြားတယ်လို့ ဆိုနိုင်ပါတယ်။ အပစ် မရပ်နိုင်သေးရုံမက လတ်တလောမှာကိုပဲ တိုက်ပွဲတွေ ဖြစ်နေတဲ့ အနေအထားက သူပုန်တပ်ဖွဲ့တစ်ခုရဲ့ စစ်ဗိုလ်ချုပ် တစ်ယောက် ရန်ကုန်ကိုလာ၊ သတင်းစာရှင်းလင်းပွဲ လုပ်နိုင်တာမျိုးဟာ အတော်လေးကို ထူးခြားပါတယ်။ ဒါဟာ နိုင်ငံရေးအရ ဘာလက္ခဏာ ဆောင်ပါသလဲ၊ ရှေ့ ဘာတွေ ဆက်ဖြစ်လာနိုင်မလဲ ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားမယ် ဖြစ်ပါတယ်။

အရင် ရှေ့ပိုင်းတုန်းကဆို ကေအိုင်အို၊ ကေအိုင်အေ ခေါင်းဆောင်တွေ အနေနဲ့ မြန်မာပြည် တောင်ပိုင်းက လက်နက်ကိုင် တပ်ဖွဲ့ခေါင်းဆောင်တွေနဲ့ တွေ့ဆုံချင်ရင် တရုတ်ပြည်ကနေ တဆင့် သွားကြလာကြရပါတယ်။ ကေအိုင်အို ဌာနချုပ်ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ် မြို့တော် ခွင်းမင်၊ ခွင်းမင်ကနေ ထိုင်းနိုင်ငံ ဘန်ကောက်ဒါမှမဟုတ် ချင်းမိုင် လေယာဉ်နဲ့ သွားကြရပါတယ်။ တောင်ပိုင်းက တပ်ဖွဲ့ခေါင်းဆောင်တွေ မြောက်ပိုင်း ကချင်တပ်ဖွဲ့တွေဘက် လာမယ်ဆိုရင်လည်း အဲဒီ လမ်းကြောင်းပဲ အသုံးပြုလေ့ရှိကြပါတယ်။ ဒီ့မတိုင်ခင်တုန်းကတော့ တရုတ်ပြည်ဘက်ကနေ ပါတ်ပြီး သွားလို့ မရရုံမက လေယာဉ်ခရီးစဉ်နဲ့လည်း သွားလို့ မရပါဘူး။ တောထဲ တောင်ထဲ၊ ကိုယ်နဲ့ တိုက်ခိုက်နေတဲ့ ရန်သူနယ်မြေထဲ ဖြတ်ပြီး လနဲ့ချီ သွားရတဲ့ အလေ့အထ ရှိခဲ့ပါတယ်။ လက်ရှိ ကချင်နိုင်ငံရေးပါတီ ထောင်ထားတဲ့ အရင် ကေအိုင်အို ဒုဥက္ကဌ ဟောင်း ဒေါက်တာတူးဂျာဆို တောင်ပိုင်းက ကေအဲန်ယူ ဌာနချုပ် မာနယ်ပလောမှာ ရုံးစိုက်ထားတဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ တပ်ပေါင်းစု (မဒတ) အဖွဲ့မှာ ကေအိုင်အို ကိုယ်စားလှယ် အနေနဲ့ နှစ်ရှည်လများ နေထိုင်ခဲ့ဖူး ပါတယ်။ ပြောရရင် အဲဒီခေတ် အဲဒီ ကာလက တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ခေါင်းဆောင်တွေ တစ်ယောက်နဲ့ တစ်ယောက် တွေ့ဆုံချင်ရင် ညီလာခံတွေ လုပ်ချင်ရင် အသက်နဲ့ ရင်း စွန့်စားကြရတာပါ။

ဒါတွေနဲ့ ပါတ်သက်ရင် လက်ရှိ သမ္မတ ဦးသိန်းစိန် အစိုးရကတော့ အပြောင်းအလဲ လုပ်ပြလိုက်ပါပြီ။ ပြီးခဲ့တဲ့ လိုင်ဇာ ညီလာခံ မကျင်းပ ခင် အဲဒီ အစည်းအဝေး တက်မယ့် တိုင်းရင်းသား ကိုယ်စားလှယ်တွေကို ထိုင်းနိုင်ငံ နယ်စပ်ကနေ တဆင့် တာချီလိတ်၊ အဲဒီကနေ အထူးလေယာဉ်နဲ့ မြစ်ကြီးနား၊ အဲဒီကနေ ကားတွေနဲ့ ကေအိုင်အေ နယ်မြေထဲအထိ ပို့ဆောင်ပေးခဲ့ပါတယ်။ ဒါက အတော်ထူးခြားတဲ့ လုပ်ရပ်ပါ။ ပြောရရင် အစိုးရဟာ အပစ်အခတ် ရပ်စဲရေး လုပ်ချင်တယ်၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ တကယ် စချင်တယ်၊ ငြိမ်းချမ်းရေး အခြေခံတွေ တကယ် တည်ဆောက်ချင်နေတယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ပြတဲ့ ပြယုဂ်လို့လည်း မှတ်ယူနိုင်ပါတယ်။

အခု ဗိုလ်ချုပ်ဂွမ်မော် ခရီးစဉ်ကလည်း ဒီလိုပါပဲ။ တိုက်နေ ခိုက်နေကြဆဲ အပစ်မရပ်ရသေးတဲ့ သူပုန်တပ်ဖွဲ့က ဗိုလ်ချုပ်တစ်ယောက်ကို ရန်ကုန် လာခွင့်ပေးပါတယ်။ သတင်းစာရှင်းလင်းပွဲ လုပ်တဲ့အခါလည်း လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်းပါပဲ။ ပြောလိုရာပြောနိုင်ပြီး မီဒီယာတွေကလည်း လွတ်လွတ်လပ်လပ် ဖော်ပြနိုင်ကြပါတယ်။ နောက် ရန်ကုန်က ကချင် တိုင်းရင်းသား တွေနဲ့လည်း တွေ့ဆုံဆွေးနွေးခွင့်ရပါတယ်။ ဦးတေဇ လို အထင်ကရ လုပ်ငန်းရှင် သူဌေးကြီးနဲ့လည်း တွေ့ဆုံပါတယ်။ (ဒါဟာ ကချင်ပြည်နယ် မြောက်ပိုင်းမှာ ဦးတေဇ ရထားတဲ့ ကြီးမား ကျယ်ပြန့်လှတဲ့ စီးပွားရေးဆိုင်ရာ လုပ်ပိုင်ခွင့်တွေနဲ့ အများကြီး ပါတ်သက်နိုင်ပါတယ်။) မကြာခင် နိုင်ငံသားတစ်ယောက်အနေနဲ့ ပတ်စ်ပို့ကိုင်၊ ဗီဇာယူပြီး ထိုင်းနိုင်ငံ ချင်းမိုင် အစည်းအဝေး သွားတက်နိုင်ပါဦးမယ်။

တကယ်တော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် လုပ်ကိုင်တဲ့ဆီမှာ တစ်ဦးကို တစ်ဦး ယုံကြည်စိတ်ချ လာအောင် လိုက်လျောမှုတွေ လုပ်ကြရစမြဲ ဖြစ်ပါတယ်။ ဒါတွေကိုလည်း တစ်ဖက်နဲ့ တစ်ဖက် အသိအမှတ် ပြုကြဖို့ လိုပါတယ်။ အရေးအကြီးဆုံး ကတော့ စစ်ကြောင့် ဘေးဒါဏ် တိုက်ရိုက် သင့်နေရတဲ့ ဒုက္ခသည် ဖြစ်နေရတဲ့ ပြည်သူတွေ၊ စစ်ဖြစ်ရာ အရပ်မှာ နေထိုင်နေရတဲ့ ပြည်သူတွေ၊ တိုက်ရိုက်မဟုတ်ပေမယ့် သွယ်ဝိုက်ပြီး စစ်ဒါဏ်ကို ခံစားနေရတဲ့ ပြည်သူတွေ အားလုံး အကျိုးကို ကြည့်ပြီး လုပ်သင့်တာ လုပ်ကြဖို့ပါ။ လက်ရှိမှာကိုပဲ မန်စီမြို့နယ်ထဲမှာ အစိုးရတပ်နဲ့ ကေအိုင်အေ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး ဒုက္ခသည်တွေကလည်း တိုးသထက် တိုးလာနေပါတယ်။ ဒီလို ကိစ္စမျိုး အမြန်ဖြေရှင်းဖို့ လိုပါတယ်။

နောက်တစ်ချက်ကတော့ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ နိုင်ငံရေးအရ ပြေလည်မှု ရဖို့ ကိစ္စပါ။ တကယ် စဉ်းစားကြည့်ရင် အတော် မလွယ်ကူတဲ့ ကိစ္စဆိုတာ နားလည်သူတိုင်း သိကြပါတယ်။ လက်ရှိ မြန်မာပြည်ကို စစ်ဗိုလ်ချုပ်ဟောင်းတွေက အုပ်ချုပ်နေပါတယ်။ စစ်ဗိုလ်ချုပ်တွေရဲ့ တပ်က ကျောထောက်နောက်ခံ ပေးထားပါတယ်။ ဘာပြည်သူ့ဒီမိုကရေစီမှ မထွန်းကားသေးပါဘူး။ အလားတူပါပဲ။ တိုင်းရင်းသားဒေသတွေမှာလည်း လက်နက်ကိုင်ထားတဲ့ တိုင်းရင်းသား တပ်ဖွဲ့တွေက ကြီးစိုး လွှမ်းမိုးထားပါတယ်။ တစ်ချို့နေရာတွေမှာ စစ်ဘုရင်တွေပါ။ အဲဒီမှာလည်း ဘာ ပြည်သူ့အုပ်ချုပ်ရေး၊ ဘာဒီမိုကရေစီမှ မရှိပါဘူး။ ဒီ လက်နက်ကိုင်တပ်ဖွဲ့တွေ ပြေလည်မှုရရေး အချိန်ယူ ဆွေးနွေးကြရပါလိမ့်မယ်။ တစ်ဆင့်ထဲနဲ့ ပြီးမလား၊ အဆင့် ဘယ်လောက် ရှိမလဲ၊ အချိန် ဘယ်လောက် ယူရမလဲ ဘယ်သူမှ မသိနိုင်၊ မပြောနိုင်ပါဘူး။ အဲဒီ အတွက် အရေးအကြီးဆုံးက စစ်ဒါဏ်ခံ ပြည်သူတွေကို ကယ်တင်ဖို့၊ အကျိုးရှိရာ ရှိကြောင်းလုပ်နိုင်ဖို့ အပစ်အခတ် ရပ်စဲထားကြဖို့ လိုပါတယ်။ အဲဒီ အပစ်ရပ် ခိုင်မာအောင် လုပ်နေကြဖို့ လိုပါတယ်။ အပစ်ရပ်ထားပြီး တိုက်ပွဲသံစဲတဲ့ အခြေအနေအောက်မှာ ပြည်သူတွေကို ပြန်လည် ထူထောင်ရေး လုပ်မယ့် ကိစ္စတွေ၊ ဒေသဖွံ့ဖြိုးရေး၊ တိုင်းပြည်ထူထောင်ရေး လုပ်ရမယ့် ကိစ္စတွေ အများကြီး ရှိနေပါတယ်။

တစ်ဖက်နဲ့ တစ်ဖက် နိုင်ငံရေးအရ ပြေလည်မှုရမှ ပြည်သူတွေအတွက် လုပ်ပေးကြမယ် ဆိုရင်ဖြင့် အများကြီးနောက်ကျနေမှာဖြစ်ပြီး တိုင်းရင်းသား ပြည်သူတွေရဲ့ဘ၀၊ ပြည်မက မြန်မာနိုင်ငံသားတွေ ရဲ့ဘ၀ အောက်ကျနောက်ကျ ဆက်ဖြစ်နေဦးမှာပါပဲလို့ သုံးသပ်တင်ပြလိုက်ရပါတယ်။From : .. စည်သူအောင်မြင့်။

No comments:

Post a Comment