Friday, November 29, 2013

စည်းမျဉ်း၊ စည်းကမ်းနှင့် နားလည်မှုကြားက ပဋိပက္ခ

ကိုရဲ
မြန်မာတစ်နိုင်ငံလုံးတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို တစ်သမတ်တည်း သတ်မှတ်ပြဌာန်းထားသည်။ မည်သည့်မြို့၊ မည်သည့်လမ်း၊ မည်သည့်နေရာတွင် မည်ကဲ့သို့မောင်းနှင်ရမည်ဟူ၍ သီးခြား သတ်မှတ်ထားခြင်းမရှိပေ။ ကွဲပြားချက်ဆို၍ လမ်းအခြေအနေပေါ်မူတည်ကာ မည်သည့်နေ ရာတွင် အရှိန်လျှော့မောင်းနှင်ရမည်၊ မည်သည့်နေရာတွင် ပုံမှန်မောင်းနှင်နိုင်မည် ဆိုသည်ကိုသာ အချက်ပြလမ်းညွှန်ဆိုင်းဘုတ်များဖြင့် သတိပေးထားသည်ကို တွေ့ရမည်ဖြစ်သည်။
စက်တပ်ယာဉ်များအနေဖြင့် ကွေ့လိုသည့်ဘက်သို့ အချက်ပြမီး ပြရမည်၊ လမ်းသွယ်မှ လမ်းမကြီး သို့ထွက်လျှင် လမ်းမကြီးမှလာသောယာဉ်ကို ဦးစားပေးရမည်၊ အ၀ိုင်းပတ်သို့ဝင်လျှင် အ၀ိုင်းပတ် ယာဉ်ကိုဦးစားပေးရမည် စသည် စသည်တို့မှာ အခြေခံစည်းမျဉ်းများပင်ဖြစ်သည်။
ရန်ကုန်အပါအ၀င် အခြားသော မြို့နယ်များအတွင်း ယာဉ်မတော်တဆမှုဖြစ်ကြခြင်းသည် နား လည်မှုလွဲမှားခြင်းကြောင့်မဟုတ်ဘဲ သတ်မှတ်စည်းကမ်းများကိုမလိုက်နာခြင်းကြောင့်ဖြစ်ကြောင်း လူ အများ အလွယ်တကူ နားလည်ဆုံးဖြတ်နိုင်ကြသော်လည်း ရန်ကုန်-မန္တလေး(လမ်းဟောင်း)၊ ရန်ကုန်-ပြည် အစရှိသည့် အဝေးပြေးလမ်းတွင် ဖြစ်ပွားခဲ့ကြသော ယာဉ်မတော်တဆ ဖြစ်စဉ်များ အနက် အချို့မှာ စနစ်တကျ သတ်မှတ်ပြဌာန်းထားသော စည်းမျဉ်း၊ စည်းကမ်းများကို နားလည်မှု လွဲမှားစွာ အသုံးပြုခြင်းကြောင့် ဖြစ်ပွားနေကြရသည်။
အဝေးပြေးလမ်းဟောင်းအများစုသည် ယခုလက်ရှိ ရန်ကုန်- မန္တလေး အမြန်လမ်းမကဲ့သို့ အသွား လမ်း၊ အပြန်လမ်းကို လမ်းလယ်ကျွန်းဖြင့် ခွဲခြားထားခြင်းမဟုတ်ဘဲ လမ်းတစ်လမ်းထဲကိုပင် အသွား အပြန် အသုံးပြုနေရခြင်းဖြစ်သည်။ ထို့အပြင်လမ်းမှာ ကျဉ်းမြောင်းသည့် အတွက် ရှေ့မှ ကားကို ကျော်တက်လိုပါက ထိုကား၏ လှုပ်ရှားအချက်ပြမှုအပေါ် မူတည်ကာ  တစ်ဘက် ယာဉ်ကြော မှ ကူးပြောင်းကျော်တက်ကြရသည်။
ဤတွင် သတ်မှတ်စည်းမျဉ်း၊ စည်းကမ်းကို နားလည်မှုလွဲမှားစွာ အသုံးချအချက်ပြခြင်းသည် ယာဉ်မတော်တဆမှု ပြသနာများကို ဖြစ်ပွားစေတော့သည်။
မည်သည့်နေရာတွင်မောင်းနှင်နေသည်ဖြစ်စေ နောက်မှကားကို ကျော်တက်စေလိုပါကယာဉ်မောင်း များသည် ယာဘက်အချက်ပြမီးကိုပြကာ ယာဉ်အားယာဘက်ဘေးသို့ကပ်ပေးခြင်း၊ အရှိန်လျှော့ပေြး ခင်းများ ပြုလုပ်ကြရမည်ဖြစ်သော်လည်း လက်ရှိအဝေးပြေးလမ်းများ တွင် မောင်းနှင်နေကြသူ အများစုသည် ၀ဲဘက်အချက်ပြမီးကို မှားယွင်းစွာ ပြသနေကြသည်။
ထိုလမ်းတွင် လွဲမှားစွာအသုံးပြုနေသော နားလည်မှုမှာ မျက်နှာချင်းဆိုင်မှ ကားများလာနေသဖြင့်နောက်မှကားများကို ကျော်မတက်စေလိုသည့်သဘောဖြင့် ယာဉ်မောင်းများသည် ယာဘက်အချက်ပြမီးကိုပြသထားပြီး၊ ကျော်တက်စေချင်သည့် အချိန်တွင် ၀ဲဘက်အချက်ပြမီးကိုပြသကာ ကျော်တက်စေခြင်းဖြစ်သည်။

၁၉၈၉ ခုနှစ်မော်တော်ယာဉ်နည်းဥပဒေ အခန်း(၇) မော်တော်ယာဉ်သွားလာမှုစည်းကမ်းများ၊ အပိုဒ် ၁၄၆ “ကျော်တက်ခြင်း”ကဏ္ဍ အပိုဒ်ခွဲ(စ)၊ “ရှေ့မှယာဉ်၏ လက်ယာဘက်မှ ကျော်တက်ရမည့် အခြေအနေများ” ဆိုသည်ကို ဖော်ပြထားရာတွင် “(၁) ရှေ့မှယာဉ်သည် လက်ဝဲကွေ့ရန် အချက်ပြနေသည့်အခါ”ဟု ပြဌာန်းဖော်ပြထားသည်ဖြစ်ရာ ရှေ့ကားမှ ၀ဲဘက်အချက်ပြမီး ပြသချိန်တွင် ၀ဲဘက်မှကျော်တက်ခြင်းသည် မှားယွင်းသည့် လုပ်ရပ်ဖြစ်သည်။

ထို့အပြင် မော်တော်ယာဉ်နည်းဥပဒေတွင် မိမိယာဉ်၏ လှုပ်ရှားမှုကိုပြသရမည့် အချက်ပြစနစ်များကိုသာ ပြဌာန်းထားပြီး မိမိယာဉ်မှ အချက်ပြမီးများကို အသုံးပြု၍ တခြားသောယာဉ်များကို လုပ်ဆောင်ရန်ခိုင်းစေနိုင်သည့်ဥပဒေများ မပြဌာန်းထားရာ ယခုကဲ့သို့ နောက်မှကားကျော်တက်ရန် မိမိယာဉ်မှ အချက်ပြနေခြင်း လွဲမှားသော လုပ်ရပ်ဖြစ်ပေသည်။

ထိုအဝေးပြေးလမ်းတွင် စုန်ချည်၊ ဆန်ချည် ကုန်စည်သယ်ယူပို့ဆောင်နေသော ယာဉ်မောင်းများသည် ယင်းနားလည်မှုအလွဲဖြင့် နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် မောင်းနှင်နေကြရာ စည်းမျဉ်စည်းကမ်း အမှန်အတိုင်း လိုက်နာအသုံးပြုမောင်းနှင်သူများနှင့် ကြုံဆုံကြရသည့်အခါ နားလည်မှုနှင့် စည်းမျဉ်း၊ စည်းကမ်း အကြားတွင် ပဋိပက္ခဖြစ်ကာ ယာဉ်မတော်တဆမှုများလည်း ဖြစ်ပွားလာပါတော့သည်။

 “ကျွန်တော် အဝေးပြေးလမ်းပေါ်မှာ ကုန်တင်ကားမောင်းလာတာ အနှစ် နှစ်ဆယ်ပြည့်တော့မယ်။ အမြဲတမ်းဒီလိုပဲ အချက်ပြပြီးမောင်းလာတာ။ ဒီလမ်းကကားသမားတိုင်း နားလည်တယ်။ ပြီးခဲ့တဲ့နှစ်လလောက်က အိမ်ကားလေးတစ်စီးက ကျွန်တော့အရှေ့ကနေ မောင်းနေတယ်။ ကျွန်တော်က ကျော်ချင်လို့ မီးတောက်ပြီးအချက်ပြတယ်။ သူက ဘယ်ဘက်က အချက်ပြမီးပြတော့ ကျွန်တော်က ကျော်လို့ရတယ်ဆိုပြီး ကျော်လိုက်တဲ့အချိန်မှာ သူကဘယ်ဘက်ကွေ့လိုက်တော့ ၀င်တိုက်မိကော။ ကျွန်တော်ကတော့ ကျွန်တော်မှန်တယ်ပဲထင်တာလေ။ တရားရုံးမှာ အမှုဖြစ်တော့ ကျွန်တော်မှားတယ်ဆိုပြီး အမိန့်ချတယ်။ သူတို့ကိုလည်း တော်တော်လေး လျော်ပေးလိုက်ရတယ်”ဟု လက်ရှိတွင် ရန်ကုန်- ဖြူး ကုန်စည်သယ်ယူပို့ဆောင်သည့် ဟိုင်းလပ်ကားမောင်းသူ ဦးမျိုးသန့်ကပြောသည်။

ထိုနားလည်မှုလွဲသော အချက်ပြမီးကြောင့်ပင် အချို့သောသူများကျော်တက်ချိန်၌ မျက်နှာချင်းဆိုင်မှ လာသောကားများကြောင့် လမ်းဘေးသို့ အတင်းဆွဲချရခြင်း၊ လွတ်မည်ဟုယူဆပြီး အရှိန်မြှင့်မောင်းနှင်ကာ မူလလမ်းကြောင်းသို့ အတင်းလုဝင်ရသဖြင့် တိုက်ခိုက်မိခြင်းတို့လည်း ဖြစ်ကြရသည်။ တခါတရံ အသက်အန္တရာယ် ထိခိုက်မှုများပင် ဖြစ်ပေါ်ခဲ့သည်။

ယင်းကဲ့သို့သော ဖြစ်စဉ်များနှင့်ပါတ်သက်၍ ရန်ကုန်တိုင်းယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအုပ် ဦးမိုးသီဟကျော်က သာမန်အိမ်စီးကားများက စည်းကမ်းအမှန်အတိုင်း ပြသသော အချက်ပြစနစ်အား အဝေးပြေးယာဉ်မောင်းသမားများက ၎င်းတို့အချင်းချင်းသာ နားလည်အသုံးပြုနေသော အချက်ပြစနစ်ဟု မှတ်ယူကာ ကျော်တက်ခြင်းကြောင့် ယာဉ်မတော်တဆမှုများ ဖြစ်ပွားနေရခြင်းဖြစ်ကြောင်း မှတ်ချက်ပြုပြောဆိုသည်။

ထို့အပြင် ယင်းကဲ့သို့ ယာဉ်မတော်တဆမှုများဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရမှု၊ သေဆုံးမှုများ ဖြစ်ပွားလာပါက သင့်တော်ရာ ပြစ်မှုဆိုင်ရာဥပဒေများဖြင့်လည်း ထပ်မံအရေးယူခံကြရပေသည်။

ယင်းကဲ့သို့ ယာဉ်မတော်တဆမှုများမှတဆင့် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မများဖြင့် အရေးယူရခြင်းနှင့်ပတ်သက်၍ “ယာဉ် ယာဉ်ချင်း တိုက်ရင် ပုဒ်မ ၂၇၉၊ လူအနည်းအကျဉ်း ဒဏ်ရာရရင် ပုဒ်မ ၃၃၇၊ ခြေကျိုး၊ သွားကျိုး၊ မျက်စိကန်းတာတွေ၊ ခေါင်းထိတာတွေဆိုရင် ပုဒ်မ ၃၃၈၊ မတော်တဆ သေသွားရင် ပုဒ်မ ၃၀၄(က)၊ တချို့ဆို ၃၃၈ ဒဏ်ရာနဲ့ ကုနေတုန်း သေသွားတာမျိုးလည်း ရှိတတ်တယ်။ အဲ့ဒါဆိုရင် ၃၀၄(က)နဲ့ အရေးယူပါတယ်”ဟု ရဲအုပ် ဦးမိုးသီဟကျော်က ပြောသည်။

ဤသည်တို့မှာ စည်းမျဉ်းစည်းကမ်းကို နားလည်မှုအဖြစ် လွဲမှားစွာ အသုံးပြုခြင်း၏ နောက်ဆက်တွဲ အကျိုးအပြစ်များ ဖြစ်သည်။



အထက်ပါကိစ္စများကဲ့သို့ပင် ဆိုင်ကယ်မြို့တော်ဟု ပြောဆိုခေါ်ဝေါ်ကြသည့် မန္တလေးမြို့တွင်လည်း စည်းမျဉ်းစည်းကမ်းကို မလိုက်နာဘဲ  နားလည်မှုကိုသာ အသုံးပြုနေကြခြင်းကြောင့် လစဉ်ဖြစ်ပွားနေသော မတော်တဆမှုများမှာ ကြောက်ခမန်းလိလိပင် ဖြစ်သည်။

မန္တလေးမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုသည်မှာ မရှိတော့ဘဲ နားလည်မှုကိုသာ အဓိကထား အသုံးပြုနေကြသည်။ လမ်းသွယ်များမှ လမ်းမသို့ထွက်ကြရာတွင်လည်း ဦးစားပေးစနစ်ဆိုသည်မရှိ။ သူဦးသူထွက်၊ ကိုယ်ဦးကိုယ်ထွက်၊ အုပ်စုများသည့်နေရာက အစုလိုက်အပြုံလိုက်တိုးထွက်ကြသဖြင့် လမ်းမကြီးမှလာသော ယာဉ်များကပင် ရပ်တန့်ပေးကြရသည်။

တခါတရံ လမ်မကြီးပေါ်တွင် “ဂ”ကွေ့ ကွေ့ကြသည့်အခါ တစ်ဖက်ယာဉ်ကြော ရှင်းလင်းသည်အထိစောင့်ကာ ကွေ့ခြင်းမဟုတ်ဘဲ လမ်းမကြီးပေါ်တွင် ကန့်လန့်ဖြတ်ရပ်တန့်ကာ တစ်ဖက်ယာဉ်ကြောအတွင်း ဆိုင်ကယ်ခေါင်းထိုးထည့်သည့်နည်းဖြင့် ကွေ့ကြသည်။

ဆိုင်ကယ်စီးနင်းသူ အများစုသည် လမ်းကြို၊ လမ်းကြားများ အတွင်းမှာပင် အရှိန်ပြင်းစွာမောင်းနှင်ကြပြီး ကြုံသည့်နေရာတွင် ကြုံသလိုကွေ့နေကြသည်။ ထိုကဲ့သို့ နေရာပေါင်းစုံတွင် ကွေ့ချင်သလို ကွေ့နေကြသော်လည်း အချက်ပြမီး ပြခြင်းမရှိပေ။ ထို့အပြင် ဆိုင်ကယ်မောင်းသူ အများစုမှာလည်း နောက်ကြည့်မှန် တပ်ဆင်ထားခြင်း၊ ဆိုင်ကယ်စီးဦးထုပ် ၀တ်ဆင်ခြင်း မရှိကြပေ။

“ဒီမှာကတော့ နားလည်မှုနဲ့ မောင်းနေကြတာပဲ။ တိုက်ကြတယ်ဆိုလည်း တော်တန်ရုံလောက်ကတော့ လက်ပြပြီး ထွက်သွားကြတာပဲ။ ဒါပေမဲ့ နားလည်မှုဆိုတာ သတ်မှတ်ထားတဲ့ စည်းကမ်းမဟုတ်ဘူးလေ။ တစ်ချက်ကလေး အတွေးမှားတာနဲ့၊ နားလည်မှု လွဲတာနဲ့ တိုက်တော့တာပဲ”ဟု မန္တလေးမြို့မှ အသက် ၄၀ ၀န်းကျင် ဆိုင်ကယ် ကယ်ရီမောင်းသူ တစ်ဦးကပြောသည်။

ထိုကဲ့သို့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းမလိုက်နာဘဲ နားလည်မှုကိုသာ အသုံးပြုခြင်းကြောင့် နားလည်မှုလွဲမှားကာ ယာဉ်မတော်တဆဖြစ်မှုများသည် နေ့စဉ်ဖြစ်ပွားနေတော့သည်။

၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ မေလအထိ ၅လတာ ကာလအတွင်း မန္တလေးမြို့တွင်ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှု ၄၆၅မှုတွင် ၁၆၄ဦး သေဆုံးခဲ့ကာ ၇၃၀ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့အပြင် လွန်ခဲ့သည့် သြဂုတ်လ တစ်လတည်းအတွင်းမှာပင် ယာဉ်တိုက်မှု ၂၈မှု ဖြစ်ပွားခဲ့ရာ၌ ၅၁ဦး ထိခိုက်ဒဏ်ရာရကာ ၁၃ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အထက်ပါစာရင်းများသည် ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှု ဖြစ်စဉ်များအနက် သက်ဆိုင်ရာက သိရှိကာ တရားဝင်ထုတ်ပြန်သော စာရင်းများသာဖြစ်ပြီး သက်ဆိုင်ရာက မသိရှိလိုက်ဘဲ နားလည်မှုဖြင့် ပြီးဆုံးသွားသည့် ယာဉ်မတော်တဆမှု၊ အသေးစားထိခိုက်ဒဏ်ရာရရှိမှုများလည်း ရှိနိုင်ပေသည်။

ထို့အပြင် ဖြစ်ပွားခဲ့သော ယဉ်မတော်တဆမှုများတွင် နားလည်မှုလွဲမှားသဖြင့် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များ မည်မျှအထိရှိနေမည်ဆိုသည်ကိုမှု သီးခြားစစ်တမ်းကောက်ယူရမည်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ နားလည်မှုဆိုသည်မှာ သတ်မှတ်ပြဌာန်းထားသော စည်းမျဉ်း၊ စည်ကမ်းမဟုတ်သဖြင့် နားလည်မှု လွဲမှားသည့်အခါ၊ စည်းမျဉ်းစည်းကမ်းအမှန်ကို တစ်ထစ်ချလိုက်နာတတ်သူနှင့် ဆုံတွေ့သည့်အခါများတွင် မတော်တဆမှုများသည် ဖြစ်ပွားနေဦးမည်ဖြစ်ရာ ယာဉ်မောင်းနှင်သူများ အနေဖြင့် နားလည်မှုဆိုသည်ကို အသုံးပြုခြင်းထက် သတ်မှတ်ထားသော ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကိုသာ လိုက်နာသင့်ပါကြောင်း တင်ပြ လိုက်ရပါသည်။

No comments:

Post a Comment