Monday, November 18, 2013

မြန်မာ ယူ ၂၃ တိုက်ပွဲဝင်ရမည့် ရွှေရောင် ပန်းတိုင်တစ်ခု

၂၇ ကြိမ်မြောက် ဆီးဂိမ်းပွဲကြီး စတင်ဖို့ရန် ရက်ပိုင်းမျှသာ လိုတော့သည်၊ ယခု ဆီးဂိမ်း ပွဲကိုတော့ ခါတိုင်းနှစ်တွေနဲ့ မတူ ပြည်တွင်း နှင့်
 ပြည်ပမှ မြန်မာပရိတ်သတ်များ အထူး စိတ်ဝင်တစားရှိကြပါတယ်။ နှစ်တော်တော်
ကြာမှ တဖန် အိမ်ရှင်အဖြစ် ပြုလုပ် ကျင်းပနိုင်ခဲ့သည့် ယခုအားကစား ပွဲတော်ကြီးတွင် မြန်မာအားကစားအဖွဲ့၏
 အောင်မြင်မှုများကိုလည်း ပရိတ်သတ်များ မျှော်လင့်တောင့်တလျှက်ရှိကြပါတယ်။ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်  လက်ခံကျင်း ပ မည့် ယခုနှစ်ဆီးဂိမ်းပွဲတွင် အားကစားနည်း (၃၃) မျိုးထည့်သွင်းကျင်းပမည်ဟုလည်း သိရပါ သည်။ ထိုအားကစားနည်းတွေထဲကမှ ရွှေနဲ့ဝေးကွာနေရသည့် အားကစားနည်းများကို ပိုမိုရစေချင် မိကြမှာတော့ မိမိဆန္ဒနှင့် ထပ်တူကျမည်ဟု ယူဆမိပါတယ်။ ထိုအထဲတွင် ကဖေးပရိတ်သတ် တစ်ဦး မှ မေးလာသည့် မေးခွန်းတစ်ခုကို သွားမြင်မိ၏်။ မြန်မာ ယူ ၂၃ အကြောင်းသုံးသပ်ချက်လေး နဲ့ ရွှေရနိုင်ချေရှိမရှိ ခန့်မှန်းပေးပါရန်ဆိုပြီး တောင်းဆိုတဲ့ message လေးတစ်ခုကိုတွေ့ခဲ့ရမိပါတယ်။ ထို့အတွက်ကြောင့် ယခုလို ခန့်မှန်းချက်လေးရေးဖို့ ဖြစ်တည်ခဲ့ရခြင်းဖြစ်ပါတယ်။
ဆီးဂိမ်း၏ အုပ်စုခွဲဝေမှု အခြအနေအရ သုံးသပ်ရရင် ဖီလစ်ပိုင်အသင်းမပါတော့တဲ့ အသစ်ပြန် လည်ရေးဆွဲထားသော ပွဲစဉ်အနေအထားအရ မြန်မာ ယူ ၂၃ အသင်းသည် အုပ်စု (ခ) မှာ ကမ္ဘောဒီးယား၊ ထိုင်း၊ တီမော၊ အင်ဒိုနီးရှား စတဲ့အသင်းများဖြင့် တစ်အုပ်စုတည်းကျရောက်ခဲ့ပြီး၊ ဒီဇင်ဘာ (၇) တွင် ပွဲဦးထွက်အဖြစ် ကမ္ဘောဒီးယားအသင်းနှင့် စတင်ယှဉ်ပြိုင်ကစားရမည် ဖြစ်ပါတယ်။ ထို့နောက်မှာတော့ ဒီဇင်ဘာ (၉) တွင် မြန်မာ နှင့် တီမော တို့နှင့် ကန်ရမှာပါ။ အုပ်စု (က) ပွဲစဉ်တွေကိုတော့ နေပြည်တော် ဇေယျာသီရိကွင်းမှာ ယှဉ်ပြိုင်က စားစေမှာဖြစ်ပြီး၊ မြန်မာ ယူ၂၃၏အုပ်စု (ခ)ကိုတော့ မြန်မာတို့၏အောင်မြေလို့ပြောလို့ရတဲ့ ရန်ကုန် သုဝဏကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာဘဲဖြစ်ပါတယ်။ ဒါကြောင့် မြန်မာအသင်းအနေနဲ့ အုပ်စုပွဲစဉ် အစတွေမှာ အသင်းငယ်တွေနဲ့ စတင်ကစားမှာ ဖြစ်ပြီး၊ အနိုင်သေချာသလောက် အနေအထား ရှိပေမဲ့လည်း ဂိုးပြတ်နိုင်ထားပါမှ နောက်တစ်ဆင့် အာမခံချက်အတွက် ပိုသေချာစေမည်ဟု ထင် မိပါတယ်။ ထို့နောက်မှာတော့ အသင်းကြီးဖြစ်တဲ့ အင်ဒိုနီးရှား နဲ့ ထိုင်းတို့က ဒီဇင်ဘာ (၁၂) ရက်နေ့ မှာ ထိပ်တိုက်တွေ့ဆုံကန်မှာဖြစ်ပြီး၊ မြန်မာအသင်းကတော့ (၄) ရက်အနားရနေမှာဖြစ်ပါတယ်။ ပြီး မှ အင်ဒိုနီးရှားနဲ့ ဒီဇင်ဘာ (၁၄) မှာတပွဲ နှင့် ထိုင်းနဲ့ ဒီဇင်ဘာ (၁၆) ရက်မှာစသဖြင့် အသီးသီး ပွဲစဉ်ဇယားဆွဲထားကိုတွေ့ရပါတယ်။ လက်ရှိ ပွဲစဉ်ဇယား အခြေအနေအရ မြန်မာအသင်း အုပ်စု ဗိုလ်ဖြစ်ရေး အခြေအနေကောင်းတခုလို့ ယူဆနိုင်ပါတယ်။ နောက်ဆုံး နှစ်ပွဲကို အကောင်း ဆုံး ယှဉ်ပြိုင်ကစားခဲ့ပြီး၊ အနာတရ ကင်းကင်းနဲ့ အုပ်စု ပထမနေရာကနေ တက်လာနိုင်ရင် ဆီမီးအ ဆင့်မှာ အနည်းငယ်သက်သာတဲ့ ပြိုင်ဘက်မျိုးနဲ့ တွေ့နိုင်မှာပါ။ တစ်ဖက်အုပ်စုကတော့ ခန့်မှန်း အနေနဲ့ မလေးရှား နဲ့ ဗီယက်နမ်အသင်းတို့ အုပ်စု ပထမ နဲ့ ဒုတိယနေရာကို လုရနိုင်တယ်လို့ ထင်မြင်ယူဆမိပါတယ်။
ပြိုင်ဘက်အသင်းများ၏ ပြင်ဆင်မှုအနေအထားကတော့ အ သင်းကြီး တိုင်းအားလုံးက ဒီပွဲအတွက် ရည်မှန်းချက်ထားပြီး ကြိုတင် ပြင်ဆင်နေကြတာကိုတွေ့ကြရမိမှာပါ။ လက်ရှိချန်ပီယံ မလေးဆိုရင်လည်း မာဒေးကား နှင့် BIDC ဖလားပွဲတွေမှာစေလွတ်ယှဉ်ပြိုင်ခဲ့သလို၊ ဗီယက်နမ်ကလည်း သူ့လေ့ကျင့်မှုနဲ့သူ နဲ့ ကြိုးစားလေ့ကျင့်နေကြတဲ့သူတွေပါ။ ပြီးခဲ့တဲ့ BIDC မှာ ချန်ပီယံဖြစ်ခဲ့တဲ့ ထိုင်းအသင်းကိုလည်း လျော့တွက်လို့ မရပါဘူး ရွှေနဲ့ဝေးကွာနေတဲ့ ထိုင်းကလည်း ဒီနှစ်အတွက် ကြိုပြင်လာပုံရပါတယ်။ ဒီ့နောက်မှာမှ စင်ကာပူ နဲ့ အင်ဒိုနီရှားကလည်း ပေါ့ဆ ကစားလို့မရတဲ့အထဲမှာပါပါတယ်။ အရင် မြန်မာ ယူ ၂၃ တတိယရခဲ့စဉ်က ခြေစွမ်းမျိုးအတိုင်း ရနေခဲ့မယ်ဆိုရင် ရွှေအတွက် အဓိကပြိုင်ဘက်က လက်ရှိချန်ပီယံ မလေး နဲ့ ဗီယက်နမ် ဘဲဖြစ်မှာပါ။
ြ်မန်မာအသင်း၏ ခြေစမ်းပွဲ နှင့် ပြိုင်ပွဲရလဒ်များကို ကြည့်မယ်ဆိုရင် တလောက မာဒေးကားပြိုင် ပွဲမှာ အိမ်ရှင်မလေးကို အုပ်စု နဲ့ ဖိုင်နယ်မှာ (၂) ပွဲလုံးရှုံးနိမ့်ထားသလို၊ ဗီယက်နမ်အသင်းကိုလည်း အိမ်ကွင်း ခြေစမ်းပွဲမှာ (၃) ဂိုး (၁) ဂိုးနဲ့ ရှုံးနိမ့်ထားသည်ကိုတွေ့ရပါတယ်။ ဒါပေမဲ့လည်း ပတ်ဆောင် ဟွာ က လက်ရှိရလဒ်များကို ထည့်သွင်းမစဉ်းစားဘဲ လိုအပ်ချက်များကို အချိန်မှီပြုပြင်ပြီး အကောင်း  ဆုံးလုပ်ဆောင်သွားမည်ဟု သူက ဂျပန် နှင့်ကိုရီးယားနိုင်ငံသို့ လေ့ကျင့်ရေးခရီး စဉ်မသွားခင် ပြောခဲ့ပါတယ်။ နိုဝင်ဘာလ (၁၀) ရက်နေ့မှာတော့ မြန်မာယူ၂၃အသင်း တောင်ကိုရီး ယား နှင့် ဂျပန်ခရီးစဉ်တို့မှ ရန်ကုန်သို့ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ တောင်ကိုရီးယားခရီးစဉ် အတွင်း ကိုရီးယားကလပ် နှင့် တက္ကသိုလ်ကလပ်အသင်းများနှင့် (၅) ပွဲခြေစမ်းကစားခဲ့ရာတွင် ဟိုနန်တက္ကသိုလ်ကို တပွဲနိုင်ခဲ့ပြီး ကျန်ပွဲများတွင် ဂွမ်ဂျူး FC နှင့် ချိုဟမ်တက္ကသိုလ် ကို ၁ ဂိုးစီ သရေနဲ့ ကျန်ပွဲများတွင် ရှုံးခဲ့ပါတယ်။ ဂျပန်ခရီးစဉ်ကိုလည်း ယခုလအတွင်းမှာ သွားရောက်လေ့ ကျင့်ခြေစမ်းခဲ့ပြီ အိုဆာကာယူ တသင်းကိုဘဲ ဂိုးပြတ်နိုင်ပြီး ကျန်တဲ့ ဂျပန်ကလပ်အသင်းများ ကိုတော့ ရှုံးနိမ့်ခဲ့ရပါတယ်။ ဒါပေမဲ့ အရင်နှစ်တွေတုန်းက တောင်ကိုရီးယား နှင့် ဂျပန် မှာ လေ့ကျင့် ပြီး ပြန်လာတိုင်း ကောင်းမွန်တဲ့အနေအထားမျိုးကိုတွေ့ရတာကြောင့်ယခုလည်း  မြန်မာလူငယ်အ
သင်း ခြေစွမ်းကောင်း နှင့် နည်းပြ၏ ကစားကွက်ထဲမှာ အံဝင်ခွင်ကျနဲ့ ရွှေတံဆိပ် အတွက် လေ့ကျင့် သားပြည့်ဝနေပြီဟုတော့ ထင်မြင်မိပါတယ်။
တောင်ကိုရီးယားနှင့် ဂျပန် နိုင်ငံများသို့ Joint Training သွားရောက် ခဲ့ပြီးသော မြန်မာ ယူ-၂၃ အသင်းကို (၃) ရက်အနားပေးပြီး နိုဝင်ဘာ ၁၄ရက်နေ့ ညနေပိုင်းမှ စတင်ကာ လေ့ကျင့်ရေး များ ပြန်လည် ပြုလုပ်နေပြီ ဖြစ်ကြောင်းကိုလည်း သိရပါတယ်။ ဆီးဂိမ်းပွဲမတိုင်မှီ ခြေစမ်းပွဲ (၄) ပွဲကစားအုံးမည်ဟုလည်း သိရပါတယ်။ နိုဝင်ဘာလ (၂၀) ရက်တွင် ပြိုင်ဘက်ကောင်းဟု သက်မှတ်ရ မည့် ဂျပန် ယူ -၂၀ အသင်းနဲ့ သုဝဏကွင်းတွင် ခြေစမ်းဖို့ရှိကြောင်းလည်း သိရပါတယ်။ ထို့နောက် မှာတော့ နိုဝင်ဘာလ ၂၃၊ ၂၇၊ ၃၀ ရက်များမှာ ပြည်တွင်းကလပ်များဖြင့် ခြေစမ်း ကစား မည်ဖြစ်ကြောင်းကိုလည်း သိရပါတယ်။ ရွှေတံဆိပ် ရယူနိုင်ရေး စောင့်ကြည့်ပွဲအဖြစ် ဂျပန်နဲ့ ပွဲစဉ်ကို ပရိတ်သတ်များ အကဲခတ်စောင့်ကြည့်ရတော့မှာပါ။
ဒဏ်ရာအနာတရ အနေဖြင့် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဂျပန်ကလပ်နဲ့ ခြေစမ်းပွဲစဉ်မှာ ကြည်လင်း ခြေချင်းဝတ်ဒဏ်ရာကြောင့် တစ်ပတ်ကျော်ခန့် အနားရဖွယ်ရှိသည်ဟုသိရပြီး၊ အဓိက ကစားသမား တစ်ဦးဖြစ်သူ ကျော်ကိုကိုကတော့ ဒဏ်ရာရထားသည့်အခြေအနေ မှ ကောင်း မွန်နေပြီဟု သိရပါတယ်။ ကျန်တဲ့ကစားသမားများကတော့ ကြံ့ခိုင်မှု ပြည့်ဝလျှက်ရှိကြောင်းကို ကြားသိရပါတယ်။ မြန်မာအသင်း တိုက်စစ်၏ သွေးကြောဖြစ်တဲ့ ကြည်လင်း နှင့် ကျော်ကိုကိုတို့ အကောင်းဆုံးအနေအထားဖြင့် ကစားနိုင်မှု ရှိမရှိကလည်း ရွှေရောင်မျှော်လင့်ချက်အတွက် အရေးပါလှတဲ့ အကြောင်းအရာတစ်ခုလို့ ထင်မြင်သုံးသပ်မိပါတယ်။
အဆုံးသတ် အနေဖြင့် လက်ရှိ မြန်မာ ယူ ၂၃ အသင်းသည် အုပ်စုခွဲဝေမှု အခြေအနေကောင်းကို ပိုင်ပိုင်နိုင်နိုင်အသုံးချနိုင်ပြီး၊ ဒဏ်ရာရ ကစားသမားများနည်းပါးလျှက်၊ အမိအိမ်ကွင်း ပရိတ်သတ် ၏ အားပေးသံတွေနဲ့အတူ နောက်ဆုံး ဗိုလ်လုပွဲကျင်းပမည်ဟု သိရတဲ့ နေပြည်တော် ဇေယျာ သီရိကွင်း မှာ ပြည်သူ ပြည်သားတို့၏ ရွှေမျှော်လင့်ချက်ကို ဖြည့်စွမ်းပေးနိုင်မည်ဟုယူဆ မိကြောင်း နှင့် ဖြည့်စွမ်းပေးနိုင်ပါစေကြောင်း လည်း မိမိအနေဖြင့်ဆုတောင်းရင်း သုံးသပ်ရေးသား မိပါ၏။

Football Café

No comments:

Post a Comment