Saturday, November 30, 2013

သမထ နှင့် ကြောင်

တစ်ခါတုန်းက မာယူကဂျီလို့ခေါ်တဲ့ 
ဘာသာရေးကျောင်းတော်ကြီးတစ်ခုမှာ
ထင်ရှားတဲ့ ကျောင်းထိုင်ဆရာတော်ကြီး
တစ်ပါးရှိတယ်။သူ့မှာ သူကိုယ်တိုင် မွေး ထားတဲ့ ကြောင်လေးတစ်ကောင်လည်း  ရှိတယ်။အဲဒီဘုန်းတော်ကြီးဟာ သူ့ကြောင်ကို သူ့ဘ၀နဲ့အမျှချစ်ခင်တယ်။ဒါကြောင့် ကျောင်း
ထဲက သမထ ဘာဝနာနဲ့ပတ်သက်လို့
သင်တန်းပေးလေ့ကျင့်တဲ့အခါ သူ့ကြောင် ကို ဘေးမှာ အမြဲတမ်းထားထားတယ်။
ဒါဟာ သူ့တပည့်ကျောင်းသားတွေအတွက် ဖြစ်
ရိုးဖြစ်စဉ် မထူးခြားတဲ့အစဉ်အလာ တစ်ခု လို ဖြစ်လာတယ်။
ဒီလိုနဲ့ တစ်မနက်မှာတော့ သူတို့ဟာ အိုမင်းလှပြီဖြစ်တဲ့
ကျောင်းထိုင်ဘုန်းကြီးကို ငြိမ်ငြိမ်သက်သက် သေဆုံးနေတာ တွေ့ကြရတယ်။
" ဒီကြောင်ကို ဘယ်လိုလုပ်ကြမလဲ " တပည့်တွေအချင်းချင်း မေးကြတယ်။
နောက်တက်လာတဲ့ ဆရာလုပ်တဲ့သူဟာ ကွယ်လွန်သွားတဲ့
သူ့ဆရာကို လေးစားမြတ်နိုးသူဖြစ်တယ်။
နောက်ဆုံး ဒီကြောင်ကို ကျောင်းမှာပဲ ဆက်မွေးထားဖို့ သူက ဆုံးဖြတ်လိုက်တယ်။
ဒီကြောင်ဟာ အရင်ကလို သူတို့ သမထလေ့ကျင့်တဲ့အခန်းမှာ
ငြိမ်ငြိမ်သက်သက် ထိုင်မြဲထိုင်နေတယ်။
အနီးအနားကျောင်းတော်တွေက ပညာသင်တပည့်တွေ၊ ဒီကျောင်းကြီးကို
ခဏ၀င်ရောက်တည်းခိုတဲ့ ဘုရားဖူးခရီးသွားတွေဟာ ဒီအဖြစ်ကို
မြင်တွေ့သွားကြတယ်။ ဒီကြောင်းကြီးဟာ ဒီနေရာဒေသတစ်ဝိုက်မှာ
အင်မတန် ကြီးကျယ်တဲ့ကျောင်းဖြစ်တယ်။
ကြောင်တစ်ကောင်ဟာ သမထ ထိုင်နေတဲ့နေရာမှာ
ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ ဇာတ်လမ်းဟာ
အဲဒီကနေ စတင် ပြန့်ပွားသွားတယ်။
နှစ်များစွာကြာတဲ့အခါ အဲဒီကြောင်ဟာ သေဆုံးသွားတယ်။
ကျောင်းတော်ကြီးက တပည့်တွေဟာ တရားထိုင်တဲ့နေရာမှာ
ကြောင်တစ်ကောင်ရှိနေတာ အလေ့အကျင့်လို ဖြစ်နေတဲ့အတွက်
ဒီအတိုင်း မနေတတ်တော့ပဲ အခြားကြောင်တစ်ကောင်ကို
အစားထိုးမွေးမြူလိုက်တယ်။
အဲဒီအချိန်အခါလောက်မှာပဲ တခြားကျောင်းတော်တွေမှာ
သမထထိုင်တဲ့အခန်းတွေမှာ အသုံးပြုရအောင်
ကြောင်တွေကို မွေးမြူတဲ့အကျင့်က စတင်ထွန်းကားစပြုနေပြီ။
သူတို့က ပျံလွန်တော်မူသွားတဲ့ မာယူကဂျီ ကျောင်းတော်က
ဆရာတော်ကြီး နာမည်သတင်းထင်ရှားတာ၊ 
သူ့ရဲ့ဆုံးမသင်ကြားချက်တွေဟာ
ထိရောက်ကောင်းမွန်တာတွေဟာ ဒီကြောင်ရဲ့ စွမ်းပကား
တစ်နေရာရာက ပါဝင်ပတ်သက်နေတယ်လို့ ယုံကြည်နေကြပြီး
ကွယ်လွန်သွားတဲ့ ဆရာတော်ကြီးရဲ့ သီလသမာဓိ
စင်ကြယ်အားကောင်းမှုကိုတော့ မေ့လျော့နေခဲ့ကြတယ်...။
မျိုးဆက်တစ်ဆက် ကုန်လွန်သွားတယ်။
သမထ ဘာဝနာတရား အားထုတ်တဲ့နေရာမှာ ကြောင်ရဲ့ အရေးပါပုံဟာ
ကျင့်စဉ်နည်းပညာတစ်ရပ်အလား လူထုအကြားမှာ ပြန့်ပွားလာတယ်။
ဒီအကြောင်းကို တက္ကသိုလ်က ပါမောက္ခတစ်ယောက်ကလည်း
ကျမ်းပြုပြီးရေးသားထုတ်ဝေလိုက်တယ်။
အဲဒီကျမ်းထဲမှာ လူတစ်ယောက် သမာဓိသမထ စွမ်းအင်တွေရရှိဖို့
ကြောင်တစ်ကောင်ရဲ့ အထာက်အပံ့ လိုအပ်ကြောင်း ဖော်ပြထားတယ်။
ဒီလိုနဲ့ ရာစုနှစ်တစ်ခု ကုန်ဆုံးသွားတယ်။
သမထဘာဝနာကို လေ့လာလိုက်စားရာမှာ
ကြောင်တစ်ကောင်ရဲ့ စွမ်းပကားဟာ
တစ်စိတ်တစ်ပိုင်းအနေနဲ့ လိုအပ်တယ်ဆိုတဲ့
ကိစ္စဟာ အခိုင်အမာဖြစ်နေခဲ့တယ်။
အဲဒီအချိန်မှာပဲ ဒီကျောင်းတော်ကို အုပ်ချုပ်ဖို့ ဆရာအသစ်တစ်ဦး
ရောက်ရှိလာတယ်။ အဲဒီဆရာဟာ ကြောင်မွေးမြူရမှာကို ရွံရှာတဲ့လူဖြစ်တယ်။
သူက သမထကျင့်တဲ့အခန်းထဲမှာ တပည့်တွေနဲ့အတူရှိနေတဲ့ ကြောင်ကို
ရွှေ့ပစ်လိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ အများက ၀ိုင်းကန့်ကွက်ပေမယ့်
သူကတော့ အလျှော့မပေးဘူး။
သူဟာ ထူးချွန်တဲ့ ဆရာတစ်ယောက်ဖြစ်တယ်။
ကြောင်မရှိဘဲနဲ့ သူ့တပည့်တွေ တိုးတက်မှုရှိအောင်
သူဟာ စွမ်းဆောင် သင်ကြားနိုင်ခဲ့တယ်။
အဲဒီအချိန်မှာပဲ ဘုန်းကြီးကျောင်းတွေဟာ
တခြားနည်းလမ်းသစ်တွေကို ရှာဖွေ စူးစမ်းလာကြတယ်။
သမထထိုင်တဲ့အခန်းတိုင်းမှာ ကြောင်တစ်ကောင်စီထားရတော့
ကြောင်တွေအများကြီးကို အစာကျွေးဖို့
ဝန်ထုပ်ဝန်ပိုးဖြစ်လာတဲ့ဒဏ်ကို သူတို့ မခံနိုင်ကြတော့ဘူး။
ဒါကြောင့် ကျောင်းတွေမှာ ကြောင်တွေကို
စတင် ဖယ်ရှားလိုက်ကြတယ်။
ဒါဟာ တော်လှန်ရေးအသစ်တစ်ခုလို ဖြစ်နေတယ်။
နောက် အနှစ်နှစ်ဆယ် လောက်ကြာတဲ့အခါ ဒီအကြောင်းကို
စာအုပ်ရေးသားပြုစုကြတယ်။
စာအုပ်နာမည်က " ကြောင်မပါတဲ့ သမထ၏ အရေးပါသော အချက်များ " တဲ့။
နောက် ရာစုနှစ်တစ်ခု ကုန်လွန်သွားတယ်။ သမထဘာဝနာကျင့်ကြံတဲ့
ကျောင်းတွေမှာ ကြောင်တွေဟာ လုံးဝပဲ ပျောက်ဆုံးသွားကြတယ်။
ဒီလို မူလအခြေအနေ ပြန်ရောက်ဖို့အတွက် နှစ်ပေါင်း ၂၀၀ ကြာအောင်
အချိန်ယူခဲ့ကြရတယ်။ အခုအချိန်မှာတော့ ဘယ်သူကမှ
" ဒီကျောင်းမှာ ဘာလို့ ကြောင်မရှိရတာလဲ" လို့ မေးမနေကြတော့ပါဘူး....။
- The Importance of the Cat in meditation

No comments:

Post a Comment